ထိုင်းနိုင်ငံ၌ နှလုံးရောဂါဆေးကုသမှုခံယူနေရသောကြောင့် သျှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ SNDP ပါတီဥက္ကဌ စိုင်းအိုက်ပေါင်း ပြည်နယ်လွှတ်တော်အစည်းအဝေး အမှီ မတက်နိုင် တော့ကြောင်း ပါတီဝင်များ အသိုင်း အဝိုင်းကပြော သည်။
“ဒီလလယ်လောက်ကတည်းက ရန်ကုန်ကနေ ထိုင်းကိုသွားတာ။ သွားတုန်းကတော့ နှလုံးရောဂါစမ်းသပ် ဖို့ပါဘဲ။ ပြီးရင် စက်တင်္ဘာ ၂၅ ရက် ဒီကနေ့ ပြန်လည်ကျင်းပတဲ့ ပြည်နယ်လွှတ်တော်အစည်းအဝေးကို အမှီလာဖို့လေ” - ဟု တောင်ကြီး ရောက် ပြည်နယ်လွှတ်တော်အမတ်တဦးက ပြောပါသည်။
စက်တင်္ဘာလလယ်ပိုင်းက ကျန်းမာရေးစစ်ဆေးရန် သျှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ SNDP ပါတီဥက္ကဌ စိုင်းအိုက်ပေါင်း ထိုင်းနိုင်ငံဘန်ကောက်မြို့သို့ ရောက်ရှိခဲ့ကြောင်း၊ နှလုံးသွေးကြောကျဉ်းရောဂါ ကြောင့် ခွဲစိပ်မှု ခံယူရန် ဆရာဝန်က လမ်းညွှန်ရာ ခွဲစိပ်မှု ပြုမည် မပြုမည်ကိုတော့ ဆုံးဖြတ်ချက်မချရသေး ကြောင်း နီးစပ်သည့် သူတဦးကပြော ပါသည်။
“ပါတီဥက္ကဌစိုင်းအိုက်ပေါင်း နှလုံးသွေးကြောကျဉ်းရောဂါလေ။ ဆရာဝန်က ခွဲစိပ်ခိုင်းတယ်။ သူကတော့ ပြည်နယ်လွှတ်တော် အစည်းအဝေးကိုတက်ပြီး နောက်တခေါက်မှ ခွဲချင်တယ်ပြောတယ်။ ဒါပေမယ့် အခြေအနေက မခွဲလို့မဖြစ်တော့တာ မို့လားတော့မသိဘူး။ အခုထက်ထိ ထိုင်းမှာဘဲ” ဟု မိသားစုနှင့် နီးစပ်သည့် နမ့်ခမ်းက လူငယ်တဦးကပြောပါသည်။
ကျားဖြူပါတီဥက္ကဌ စိုင်းအိုက်ပေါင်းသည် သျှမ်းပြည်နယ်အစိုးရ၏ သတ္တုတွင်းဝန်ကြီးဌာန ဝန်ကြီးလည်း ဖြစ်သည်။
စိန်မေတ္တာမွန်ဆားချက်လုပ်ငန်းနှင့်ကော်ဖီခြံလုပ်ငန်းပိုင်ရှင်လည်းဖြစ်သော စိုင်းအိုက်ပေါင်းသည် SNDP နှင့် ပူးပေါင်း အလုပ်လုပ်ရန် SNLD ခေါင်းဆောင်ခွန်ထွန်းဦးအား ထောင်မှစလွှတ်ချိန်၌သွား ရောက်ကမ်းလှမ်း ခဲ့သော်လည်း ခွန်ထွန်းဦး က လက်မခံခဲ့ပေ။
ဦးစိုင်းအိုက်ပေါင်းသည် ၁၉၈၉ တွင် သျှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ် SNLD ၏အထွေထွေ အတွင်းရေးမှူး အဖြစ် တာဝန်ယူခဲ့ဖူးသည်။ ၁၉၉၂ မှ ၁၉၉၅ အထိကျင်းပသော အမျိုးသားညီလာခံသို့ ပါတီကိုယ်စားပြုတက်ရောက်ခဲ့ပြီး ၁၉၉၆ တွင် ကျန်းမာရေးကြောင့် ပါတီမှနှုတ်ထွက်ခဲ့ရသည်။ ၁၉၉၉ တွင် မူဆယ် - နမ့်ခမ်းသာရေး နာရေးအသင်းဥက္ကဌ၊ ၂၀၀၀ မှ ၂၀၀၆ အထိ ရန်ကုန်တိုင်း ဆားစက်လုပ်ငန်း ရှင်များအသင်းဥက္ကဌအဖြစ် စသဖြင့်ဆောင်ရွက်ခဲ့သည်။ ၂၀၁၀ သျှမ်းတိုင်းရင်း သားများဒီမိုကရက်တစ်ပါတီ စတင်တည်ထောင်သူ ၁၅ ဦးတွင် ပါဝင်ခဲ့ပြီး ဗဟိုအလုပ်မှုဆောင်ဥက္ကဌအဖြစ် ရွေးချယ်ခြင်း ခံရသည်။ ၂၀၁၀ ရွေးကောက်ပွဲကျင်းပရာတွင် သျှမ်းပြည်မြောက်ပိုင်း လားရှိုးခရိုင် သိန္နီမြို့နယ် ပြည်နယ်လွှတ်တော် မဲဆန္ဒ နယ်အမှတ် ၂ ၌ဝင်ရောက်ယှဉ်ပြိုင်ရာ အနိုင်ရရှိရာမှ သျှမ်းပြည်နယ်အစိုးရ၏ သတ္တုတွင်းဝန်ကြီးဖြစ်လာ ခဲ့သည်။