လူပေါင်း ၁၀၀၀ ခန့် တက်ရောက်သည့် ရသေ့တောင် ရခိုင်ဒေသ လူထု အစည်းအဝေး မေယုခန်းမတွင် ကျင်းပခွင့်မရ

လူပေါင်း ၁၀၀၀ ခန့် တက်ရောက်သည့် ရသေ့တောင် ရခိုင်ဒေသ လူထု အစည်းအဝေး မေယုခန်းမတွင် ကျင်းပခွင့်မရ
by -
နိရဥ္စရာ

ရသေ့တောင်မြို့ မေယုခန်းမတွင် ကျင်းပ ပြုလုပ်ရန် စီစဉ်ထားသောရခိုင်ဒေသ လူထု အစည်းအဝေးကို သက်ဆိုင်ရာမှ ခွင့်ပြုချက်မပေးသဖြင့် ယခုအခါ အလိုတော်ပြည့်ကျောင်းတွင် ပြုလုပ်ကျင်းပ နေကြောင်း သတင်း ရရှိသည်။

ကိုယ်စားလှယ်တော်များကို ရသေ့တောင်တွင် ဤသို့ ကြိုဆိုခဲ့ကြသည်။ (ဓါတ်ပုံ- နိရဥ္စရာ)
“ ကျွန်တော်တို့ကို မေယုခန်းမမှာ ကျင်းပဖို့ ခွင့်ပြုချက် မပေးတဲ့ အတွက် အခု အလိုတောာ်ပြည့်ကျောင်းမှာ ကျင်းပ ပြုလုပ်နေပါတယ်။ ပရိသတ်ကတော့ ထင်ထားတာထက် ရောက်ပါတယ်။ လူပေါင်း ၁၀၀၀ နီးပါး တက်ရောက်ပါတယ်” ဟု ရခိုင်လူထု အစည်းအဝေး ပြောခွင့်ရ ပုဂ္ဂိုလ် ဦးကိုကိုမောင်က နိရဥ္စရာသို့ ပြောသည်။

မည်သည့်အတွက်ကြောင့် မေယုခန်းမတွင် ရခိုင်ဒေသ လူထု အစည်းအဝေးကို သက်ဆိုင်ရာမှ ကျင်းပခွင့် မပြုဆိုသည်ကို တိတိကျကျ မသိရသေးကြောင်း သူက ဆိုသည်။

ရခိုင်ဒေသ လူထု အစည်းအဝေး အခမ်းအနားအား နံနက် ရ နာရီခွဲမှ စတင်ကာ ရခိုင် မင်္ဂလာစည်တော်များ တီးခတ် ဖွင့်လှစ်ခဲ့ပြီး ယခုအခါ မြို့နယ် အသီးသီးက တင်သွင်းသော စာတန်းများကို ဖတ်ကြားနေကြောင်း သူက ပြောသည်။

“ အခုက မြို့နယ် ခုနှစ်ခု လောက်က တင်တဲ့ စာတန်းတွေ ဖတ်ပြီးသွားပါပြီ။ မြို့နယ်စုံက  ကိုယ်စားလှယ်တွေ ရောက်ပါတယ်။ ပုဏ္ဍားကျွန်း၊ ကျောက်ဖြူတို့က တင်တဲ့ စာတန်းတွေလည်း ဖတ်ကြားနေပါတယ်” ဟု သူက ပြောသည်။

ယခုပြုလုပ်သော ရခိုင်ဒေသ လူထု အစည်းအဝေးသည် ရခိုင်တွင် ပေါ်ပေါက်ခဲ့သော ဆူပူ အကြမ်းဖက် တိုက်ခိုက်မူ နောက်ပိုင်း ပထမဆုံး အကြိမ် ပြုလုပ်သော လူထု စည်းဝေးပွဲ ဖြစ်ပြီး ဤစည်းဝေးပွဲတွင် ရခိုင်တွင်  ဖြစ်ပွားခဲ့သော ဆူပူ အကြမ်းဖက်မူနှင့် အနာဂတ် ရခိုင်ဒေသ အရေးနှင့် ပတ်သက်ပြီး အနယ်နယ် အရပ်ရပ်မှ တက်ရောက်လာသူ ကိုယ်စားလှယ်များက ဆွေးနွေးကြမည် ဖြစ်သည်။

ရသေ့တောင်မြို့ ရခို်င် ဒေသ လူထု အစည်းအဝေးကို စက်တင်္ဘာလ ၂၅ ရက်မှ ၂၆ ရက်နေ့ထိ (၂) ရက်တိုင်တိုင် ကျင်းပ ပြုလုပ်သွားမည် ဖြစ်သည်။

(ရခိုင်ဒေသ လူထု အစည်းအဝေးနှင့် ပတ်သက်ပြီး နောက်ဆက်တွဲ သတင်းများကို နိရဥ္စရာက အချိန်နှင့် တပြေးညီ တင်ပြ ပေးသွားပါမည်။)

Most read this week