ကရင်နီ(ကယား)ပြည်နယ် ဘောလခဲမြို့နယ်တွင် နေစရာမြေကွက်မရှိသေးတဲ့ နန်းဖဲရွာမှ ဒေသခံတွေအတွက် မြေကွက်များကို စနစ်တကျတိုင်းတာပြီး ချပေးနေတယ်လို့ သိရပါတယ်။
မြို့နယ် မြေစာရင်းဦးစီဌာနမှ ဝန်ထမ်းတဦးက “အဲဒီရွာတွေမှာနေတဲ့ သူတွေအတွက်ချပေး တာဖြစ်တယ်။ မြေမရှိသေးတဲ့ သူတွေအတွက် ပေးတာဖြစ်တယ်။ ယူချင်တဲ့လူတိုင်းမရဘူး။ ရပ်ကွက်လူကြီးနဲ့ညှိပြီး တကယ်တမ်း အိမ်မရှိသေးတဲ့လူနဲ့ လိုအပ်တဲ့လူအတွက်ကိုဘဲပေးမယ်” လို့ ပြောပါတယ်။
အိမ်နဲ့မြေကွက်မရှိသေးတဲ့ နန်းဖဲရွာက ဒေသခံတွေနေဖို့ကို နန်းဖဲရွာမှာဘဲ မြေစာရင်းဦးစီးဌာနကနေ စနစ်တကျတိုးချဲ့ တိုင်းတာပေးခြင်းဖြစ်ပါတယ်။ နန်းဖဲရွာက လွိုင်ကော်မြို့ကနေ ဘော်လခဲမြို့ကိုသွားတဲ့ လမ်းမကြီးဘေးက ရွာတစ်ရွာဖြစ်ပါတယ်။
လူဦးရေနဲ့ အိမ်ထောင်စုကွဲတွေများလာပြီး ဒေသခံတချို့က ဖြစ်သလို အိမ်တွေ တိုးချဲ့ဆောက်လုပ်နေထိုင်လာ ကြခြင်းကြောင့် ယခုလို စနစ်တကျဖြစ်အောင် မြို့နယ်အုပ်ချုပ်ရေးဌာနမှ တဆင့်စီစဉ်ဆောင်ရွက်ခြင်း ဖြစ်တယ်လို့ သိရပါတယ်။
ဘောလခဲမြို့နယ်အုပ်ချုပ်ရေးရုံးမှ ဝန်ထမ်းနှင့်နီးစပ်သူတဦးက “အိမ်ထောင်ကွဲတွေက အရမ်းများလာတယ်။ အရင်သူတို့ ရပ်ကွက်လူကြီးတွေကနေပြီး အရမ်းပေးနေထားတာရှိတယ်။ အဲဒီလိုတွေ အရမ်းလျှောက်ပေး နေတဲ့အတွက်ကြောင့်မိုလို့ တယောက်နဲ့တယောက် စကားများရန်ဖြစ်တာတွေရှိတယ်။ ဒါကြောင့်အခု ရုံးတွေကိုသတင်းတွေပို့လို့ သက်ဆိုင်ရာတွေကနေပြီး စနစ်တကျချပေးတာဖြစ်တယ်” လို့ ပြောပါတယ်။
မြေကွက်တွေကို နန်းဖဲရွာက အိမ်ထောင်စု ၂၅ အိမ်ထောင်အတွက် ဖြစ်ပြီး မြေကွက် အကျယ်ပေ ၆၀ နဲ့ အနံပေ ၄၀ ရှိတယ်လို့သိရပါတယ်။ မြေစာရင်းဦးစီးဌာနမှ တိုင်းတာတွက်ချက်ပြီးထားတဲ့ မြေကွက်တွေကို ၎င်းဒေသခံတွေအတွက်သာဖြစ်တယ်လို့ သိရပါတယ်။ မြေစာရင်းပုံစံ ၁၀၅ ကိုတော့ အခုလောလောဆယ် မလုပ်ပေးရသေးဘူးလို့ သိရပါတယ်။