ကချင်ပြည်နယ် မြောက်ဖျားပိုင်း ပူတာအို ခရိုင် ပူတာအိုနှင့် မချမ်းဘော မြို့နယ်များအတွင်း ဆန်ရှားပါးမှု ကြံုတွေ့နေရဆဲဖြစ်ပြီး ဆန်နို့ဆီဗူးတဗူးလျှင် ကျပ် ၅ဝဝ ဖြင့် ဝယ်ယူစားသုံးနေရသည်ဟု ပူတာအိုမြို့ခံ တဦးက ပြောသည်။
“အခုက တောင်ယာထဲမှာ ကောက်စောသစ် နည်းနည်းလူတွေလည်း မရှိတဲ့လူတွေက အဲဒါဘဲ လုစားကြ တာလေ။ ဆန်တဗူးမှာ ၅ဝဝ၊ နှစ်ဗူးမှာ ၁ဝဝဝ ၊ တရက်ရက် ဆန်ပြတ်တဲ့နေ့ ဆိုရင် တဗူးခွဲမှာ ၁ဝဝဝ ကျပ်ပေးရတယ်၊ တချို့က ဆန်တခွက် နှစ်ခွက်ကျန်တာ မိသားစုမလောက်စားလို့ ငှက်ပျော်အူတွေနဲ့ အရွက်စိမ်းတွေ ထည့်ပြီး ဆန်ပြုတ် သဘောမျိုးစားတာ။ မြို့ပေါ်ရော ရွာတွေက လူတွေရောဘဲ”ဟု ပူတာအိုမြို့ခံက ပြောသည်။
သုံးလကျော်ကြာ ဆန်ပြတ်လပ်ခဲ့သောအဆိုပါ ပူတာအိုမြို့နယ်တွင် ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီမှ သြဂုတ်လ ပထမပတ် အတွင်း လူတဦး ဆန် လေးဗူးစီကို ကျပ် ၅ဝဝ ဖြင့် ရောင်းချပေးခဲ့သော်လည်း လက်ရှိ ယခု ဆန်နို့ဆီဗူးတဗူးလျှင် ကျပ် ၅ဝဝ ဝယ်ယူစားသုံးနေရခြင်း ဖြစ်သည်။ ပူတာအိုမြို့နယ်နှင့်မချမ်းဘောမြို့နယ်များ တွင် ကျေးရွာသား အချို့ မှာ ထမင်း အစား ငှက်ပျော်ဖူး၊ ငှက်ပျော်အူများဖြင့် အစားထိုးစားသောက်နေရသည် ဟု ပူတာအိုမြို့ခံ တဦးက ပြော သည်။
ပြီးခဲ့သည့် သြဂုတ်လတွင် အစိုးရက ပူတာအို တိုင်းရင်းသား ဒေသခံများနှင့် ဝန်ထမ်းများအတွက် ဆန်အိတ် ပေါင်း ရ၃ဝ ကျော် ထောက်ပ့ံခဲ့သော်လည်း ဒေသခံများ အဆိုအရ အိတ် ၅ဝဝ ခန့်သာ ရောက်ရှိလာပြီး ယနေ့ထိ ထပ်မံရောက်ရှိလာခြင်း မရှိသေးကြောင်း ပူတာအိုမြို့ခံက ပြောသည်။
ထို့ပြင် ခရစ်ယာန်အသင်းတော်များတွင်လည်း အသင်းတော်တွင် ဖွင့်လှစ်လေ့ရှိသော သင်တန်းများကိုလည်း ရပ်ဆိုင်းထားရသည်ဟု ပူတာအိုမှ ခရစ်ယာန် ဆရာတဦးက ပြောသည်။
“အသင်းတော်က ဆရာတွေလည်း အရမ်းခက်ခဲတယ်။ အသင်းတော်က လုပ်တဲ့သင်တန်းတွေ လုပ်ဖို့ ခက်ခဲနေပြီး ရပ်ထားရတယ်။ ဘယ်လို ဖြစ်လဲဆိုတော့ ဘာသာဝင်တွေက ဆရာတွေကို တနှစ်စာအတွက် ဆန်ပေးတာ ရှိတယ်။ အသင်းသူ အသင်းသားတွေ ငတ်ပြတ်နေတော့ အသင်းတော် ဆရာတွေလည်း အရမ်းအခက်ကြံုနေရတယ်”ဟုပြောသည်။
မြန်မာအစိုးရတပ်နှင့် ကချင်လွတ်လပ်ရေးအဖွဲ့ KIO တို့အကြား တနှစ်ကျော်ကြာ တိုက်ပွဲဖြစ်ပွားနေသဖြင့် ပူတာအို ခရိုင်အတွင်းရှိ ဒေသခံများသည် ပူတာအိုမြို့သို့ ၂၁၈ မိုင် ကွာဝေးသော မြစ်ကြီးနားမြို့မှ လေကြောင်း ခရီးဖြင့်သာ အဓိက ဆန်သယ်ယူ ပို့ဆောင်ရသဖြင့် လမ်းပန်းဆက်သွယ်ရေး အခက်အခဲရှိနေခြင်း ဖြစ်သည်။