အပြည်ပြည်ဆိုင်ရာ ငြိမ်းချမ်းရေးနေ့အား ဂုဏ်ပြုသည့်အနေဖြင့် ‘Peace One Day’ မှတ်တမ်း ရုပ်ရှင်ကို စက်တင်ဘာလ ၂၂ ရက်နေ့တွင် ရန်ကုန် နိုင်ငံရေး သိပ္ပံ ကျောင်း၌ ပြသမည်ဟု သိရသည်။
စက်တင်ဘာလ ၂၁ ရက်နေ့မှာ အပြည်ပြည်ဆိုင်ရာ ငြိမ်းချမ်းရေးနေ့ ဖြစ်သော်လည်း ထိုနေ့တွင် လမ်းလျှောက် ဆန္ဒပြမည့် အစီအစဉ်များ ရှိနေ၍ ၂၂ ရက်နေ့တွင်မှ ပြသမှာ ဖြစ်သည်။
Peace One Day မှတ်တမ်းရုပ်ရှင်ကို ပြသခြင်းမှာ အပြည်ပြည်ဆိုင်ရာ ငြိမ်းချမ်းရေးနေ့ ဖြစ်လာပုံ၊ ၂၁ ရက်နေ့ ဆိုပြီး အတိအကျ ဖြစ်လာရန် ကြိုးစားစည်းရုံးခဲ့ပုံကို ပညာရေးပိုင်းမှ သိစေချင်တာကြောင့် ပြသရခြင်းဖြစ် ကြောင်း သိရသည်။
“ကျနော်တို့က ပညာရေး အဖွဲ့အစည်း ဖြစ်တာကြောင့် ပညာရေးပိုင်းကနေ ဒီလိုနေ့မျိုးကို သိစေချင်လို့ ပြသပေးမှာပါ။ ပြီးခဲ့တဲ့ သုံးလကလည်း ဗြိတိသျှကောင်စီနဲ့ ပေါင်းပြီး ငြိမ်ချမ်းရေးမှာ ပါဝင်တဲ့ နိုဘယ်ဆု ရရှိထားတဲ့ အမျိုးသမီး နှစ်ဦး အကြောင်း ရိုက်ကူးထားတာာလေး တခု လည်း ပြသပေးဖူးတယ်။ နောက်လည်း တလ တခါဖြစ်ဖြစ် နိုင်ငံရေးနဲ့ ပတ်သက်တာ လူမှုဘဝတွေပဲ ဖြစ်ဖြစ် အဲဒီအကြောင်းအရာ ပါတဲ့မှတ်တမ်း ရုပ်ရှင်တွေ ပြသဖို့ လုပ်ထားပါတယ်” ဟု နိုင်ငံရေးသိပ္ပံကျောင်းမှ တာဝန်ရှိသူ ကိုဝင်းညီညီဇော် ကပြောပြ သည်။
Kofi Annan, Dalaima, Judi Dench, Helen Mirren, Alan Rick အစရှိသည့် ခေါင်းဆောင်များနှင့် တွေ့ဆုံ ရိုက်ကူးထားသည့် Peace One Day ဇာတ်ကားကို ဗြိတိသျှ ရုပ်ရှင်ပညာရှင် Jeremy Gilley ကိုယ်တိုင် ပါဝင် ရိုက်ကူးထားသလို ဒါရိုက်တာလည်း ၎င်းကိုယ်တိုင် ဖြစ်သည်။
တကမ္ဘာလုံးရှိ အပစ်အခတ်ဖြစ်သည့် နေရာများ၊ အကြမ်းဖက်မှု ဖြစ်သည့် နေရာများကို စက်တင်ဘာလ ၂၁ ရက်နေ့ တွင် ရပ်စဲရန် ချမှတ်ပေးဖို့အတွက် ရည်ရွယ်ရိုက်ကူးထားသည့် ဇာတ်ကား ဖြစ်သည်။
ပြသချိန် ၁ နာရီ ၂၁ မိနစ် ကြာမြင့်မည့် အဆိုပါ ဇာတ်ကားကို စက်တင်ဘာလ ၂၂ ရက်နေ့၊ နေ့လည် ၁ နာရီတွင် အမှတ် ၄၈၂၊ ၃ လွှာ၊ သိမ်ဖြူလမ်း၊ ဗိုလ်တစ်ထောင် မြို့နယ်ရှိ နိုင်ငံရေးသိပ္ပံကျောင်း၌ ပြသမည်ဖြစ်ပြီး မည်သူဆို သွားရောက် ကြည့်ရှုနိုင်သည်။
အဖွဲ့အစည်းများမှ လာရောက် ကြည့်ရှသည် ဆိုပါက အခြားသူများအား မျှဝေနိုင်ရန် Peace One Day ဇာတ်ကား အခွေကို ပေးဖို့ စီစဉ်ထားကြောင်းလည်း သိရသည်။
ရန်ကုန်၊ နိုင်ငံရေးသိပ္ပံကျောင်းမှာ လွန်ခဲ့သော တနှစ်က ထူထောင်ထားခြင်း ဖြစ်ပြီး နိုငံတကာ ဆက်ဆံရေး၊ နိုင်ငံရေး သိပ္ပံ အပြင် အင်္ဂလိပ်စာတို့ကို သင်ကြားပေးနေသည့် သင်တန်းကျောင်းလည်း ဖြစ်သည်။ လူငယ်များအတွက် အဓိက ရည်ရွယ်သော်လည်း မည်သူမဆို တက်ရောက်နိုင်ကြောင်း သိရှိရသည်။