သျှမ်းပြည်တပ်မတော် SSPP/SSA မှ ပြန်ပေးဆွဲထားသည့် တပ်ရင်းဗိုလ်ကြီးအား နတလ ထံလွှဲအပ်ပေး လိုက်သောကြောင့် သျှမ်းတပ်အမာခံဟုစွပ်စွဲကာ မြန်မာအစိုးရစစ်တပ်က ဖမ်းဆီးထားသည့် ဒေသခံများအနက် တချို့အား လားရှိုးရဲစခန်းမှ ပြန်လည်လွှတ် ပေး လိုက်ပြီဖြစ်ကြောင်း ဒေသခံများပြောပြချက်အရ သိရပါသည်။
“ ကျနော်တို့ တပ်ဖွဲ့ကဖမ်းထားတဲ့ မြန်မာတပ်ရင်းဗိုလ်ကြီးသက်စိုးကို ဒီလ ၁၀ ရက်နေ့က သျှမ်းပြည် မြောက်ပိုင်း နတလ တာဝန်ခံကို ပေးအပ်လိုက်ပြီ ” - ဟု သျှမ်းပြည်တပ်မတော် SSPP/SSA ၏ပြောခွင့်ရ ဗိုလ်မှူးစိုင်းလက သျှမ်းသံတော်ဆင့် အား ပြောပြသည်။
ယခုလ ၉ ရက်နေ့က သျှမ်းပြည်တပ်မတော် SSPP/SSA ၏ အကြီးအကဲတဦးဖြစ်သော စဝ်ခွန်ဆိုင်ကအစိုးရ၏ ငြိမ်းချမ်းရေး ဖော်ဆောင်ရေးလုပ်ငန်းကော်မတီ UPWC ဒု-ဥက္ကဌ ၃ ဦးသိန်းဇော်ထံ ဆက်သွယ်ခဲ့ပြီးနောက် SSPP/SSA မှဖမ်းဆီးထား သော ခမရ ၃၂၄ ၏တပ်ရင်းဗိုလ်ကြီး သက်စိုးကို အစိုးရ၏ (နတလ) နယ်စပ်တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေး ဝန်ကြီးဌာန သျှမ်းပြည်မြောက်ပိုင်း တာဝန်ခံ ဗိုလ်မှူးဝင်းတင်ထံ လွဲအပ်ပေးလိုက်ခြင်းဖြစ် ကြောင်း ဗိုလ်မှူးစိုင်းလ က ဤကဲ့သို့ပြောပြသည်။
“ စဝ်ခွန်ဆိုင်က ဦးသိန်းဇော်ကိုဆက်သွယ်ပြီးတော့ ဗိုလ်မှူးဝင်းတင်ကို ကျနော်တို့ နမ္မတူမှာ သွားတွေ့တယ်။ ကျနော်ရယ်၊ စဝ်နော်လိတ်ရယ်၊ စဝ်ခမ်းခေါင်၊ ကျနော်တို့ဘက်က ၃ ယောက်ပေါ့။ ကျနော်တို့တပ်ကဖမ်းထားတဲ့ အစိုးရလူကို သွားယူတယ်။ ပြီးရင် ဗိုလ်မှူးဝင်းတင် ဆီကို လွှဲအပ်လိုက်တယ်။ လားရှိုး အမှတ် ၁ ရဲစခန်းမှာ ထိန်းသိမ်းထားတဲ့ကျနော်တို့ လူ ၄ ယောက်လုံးကိုလည်း ပြန်လွှတ်ပေးမယ်ပြောတယ်” ဟုဗိုလ်မှူးစိုင်းလ ကပြောသည်။
လားရှိုးရေဘေးဒုက္ခသည်များအား ကူညီထောက်ပံ့ရန် ရောက်ရှိသည့် ဒုသမ္မတ ဒေါက်တာစိုင်းမောက်ခမ်းပြန် သွားပြီး နောက်တရက်တွင် စိုင်းကျော်အေးအား ပြန်လွှတ်ပေးခြင်းဖြစ်သည်။
မန်စံအုပ်စုဝင် ဒေသခံရွာသား ၁၀ ယောက်ထက်မနည်းအား သျှမ်းပြည်တပ်မတော် မြောက်ပိုင်းတပ်ဖွဲ့၏ အမာခံလူများ ဟုစွပ်စွဲကာ ပြီးခဲ့သည့်လက မြန်မာအစိုးရစစ်တပ် ခမရ ၃၂၄ ၏စစ်ကြောင်းက ဖမ်းဆီးရိုက်နှက်ခဲ့သည်။
၎င်းတို့အနက် ပိန်းထောန်ရွာသား စိုင်းကျော်အေး၊ နမ့်ပိုင်ရွာသူကြီး စိုင်းထွေးညွန့်၊ ပိန်းလုံရွာသား စိုင်းလ၊ နားကေးရွာ သားစိုင်းအိုက်တင်း တို့လေးယောက်အား ဆက်လက် ဖမ်းဆီးထားရာမှ စိုင်းကျော်အေးအား ယမန်နေ့က ပြန်လွှတ်ပေးလိုက်သည်။
ထို့ပြင် သျှမ်းပြည်မြောက်ပိုင်းနမ္မတူမြို့နယ် မိုင်းမုအုပ်စုဝင် ကျေးရွာအုပ်ချုပ်ရေးမှူးများကိုလည်း ယခုလ ၁၃ ရက်နေ့ မန်စံရှိ ပင်မလျှပ်စစ်ဓါတ်အားခွဲရုံ၌ လုံခြုံရေးတပ်စခန်းချသည့် မြန်မာစစ်တပ် စခန်းမှူး က ခေါ်ယူကာ သျှမ်းတပ်ဖွဲ့နှင့် ဆက်သွယ်သည့်သူများ ရှိမရှိ ထပ်မံစစ်ဆေးခဲ့သည်။
သျှမ်းပြည်တပ်မတော် SSPP/SSA သည် မြန်မာအစိုးရ၏ ငြိမ်းချမ်းရေးဖော်ဆောင်ရေးလုပ်ငန်းကော်မတီနှင့် ပြည်ထောင်စုအဆင့်ငြိမ်းချမ်းရေးတည်ဆောက်ထားသည့်တပ်ဖွဲ့ဖြစ်သော်လည်း အစိုးရ နှင့် တိုက်ပွဲအကြိမ် ပေါင်း ၃၀ ထက်မနည်းဖြစ်ပွားခဲ့သည်။