စက်တင်ဘာ ၁၄ - ၁၆ ရက်နေ့ အထိ ကချင်၊ ကယား၊ ကရင်၊ ချင်း၊ မွန်၊ ရခိုင် နှင့် သျှမ်း ကိုယ်စားလှယ် များ ပါဝင်သည့် ညီလာခံတရပ်အား ထိုင်းနယ်စပ်၌ ကနေ့ စတင်ကျင်းပကြောင်း တက်ရောက်သူ တဦးက ပြော ပါသည်။
“အခုက တိုင်းရင်းသား ကိုယ်စားလှယ်ပေါင်း ၁၅၀ လောက်တက်တယ်။ ဆွေးနွေးတဲ့ အာဂျဲန်ဒါကတော့ အဓိက သမ္မတ ခင်းနေတဲ့ Peace Process ဘဲ၊ ကျနော့်အထင်တော့ ၁၉၆၁ တောင်ကြီးညီလာခံ နောက်ပိုင်း ဒီညီလာခံက အကြီးဆုံးဘဲ ထင်တာဘဲ” - ဟု ပြည်တွင်းမှ တက်ရောက်သူ တဦးက ပြောပါသည်။
ယနေ့ကျင်းပသည့် တိုင်းရင်းသားပေါင်းစုံညီလာခံသည် ပြည်တွင်းပြည်ပမှ တိုင်းရင်းသား နိုင်ငံရေးပါတီ၊ လက်နက်ကိုင်တပ်ဖွဲ့ ၊ လူမှုအခြေပြု အဖွဲ့အစည်းများလည်း ပါဝင်တက်ရောက် ကြကြောင်း၊ တက်ရောက်သူ လူဦးရေကန့်သတ်ထားကြောင်း တက်ရောက်သူများက ပြောပါသည်။
“ခန့်မှန်းထားတာ ၁၁၅ ယောက်ဘဲ။ အခုတက်ရောက်လာတာ ၁၄၃ ယောက်ထက်မနည်းဘူးလို့ထင်ဒါဘဲ၊ သတင်းထောက် တွေအတွက်တော့ တနင်္ဂနွေနေ့ ညနေပိုင်းမှာ သတင်းစာရှင်းလင်းပွဲလုပ်ပေးမယ်” - ဟု အလုပ်အမှုဆောင်တွင် ပါဝင်သူတဦးက ပြောပါသည်။
တိုင်းရင်းသားလူမျိုးများသည် မြန်မာနိုင်ငံလွတ်လပ်ရေးရပြီးချိန်မှစ၍ မြန်မာ ခေါ် ဗမာလူမျိုးများနှင့် ခွဲခြား ဆက်ဆံခြင်းခံရပြီး တန်းတူအခွင့်အရေးလည်း ဆုံးရှုံးနေကြောင်း၊ ၁၉၄၇ ဖွဲ့စည်းပုံမှစ၍ ၂၀၀၈ ဖွဲ့စည်း ပုံအထိ တိုင်းရင်းသားများအား အကာအကွယ်ပေးသည့်၊ အမာခံပေးသည့်အချက်များ မရှိကြောင်း ဝေဖန် ပြောဆိုကြပါသည်။
လက်ရှိအာဏာရ မြန်မာအစိုးရကလည်း တိုင်းရင်းသား စည်းလုံးညီညွှတ်ရေးအတွက် ပင်လုံညီလာခံကဲ့သို့ သို့မဟုတ် ပင်လုံညီလာခံထက်သာလွန်သည့် ညီလာခံမျိုး ကျင်းပ ပေးဖို့ရှိကြောင်း - ငြိမ်းချမ်းရေးလုပ်ငန်း ဖေါ်ဆောင်ရေး ကော်မတီ ဒုတိယ ဥက္ကဌ ဦးအောင်မင်းက နိုဝင်ဘာ ၁၉ ရက် ထိုင်းနယ်စပ်၌ သျှမ်းပြည်တပ် မတော် RCSS/SSA နှင့် ပထမ ဦးဆုံးတွေ့ဆုံစဉ်က ပြောကြားထားပါသည်။