ပုသိမ်မြို့နယ် NLD ရုံး ဗဟိုက 'အသိအမှတ်မပြု'

ပုသိမ်မြို့နယ် NLD ရုံး ဗဟိုက 'အသိအမှတ်မပြု'
by -
မဇ္ဈိမ

ဧရာဝတီတိုင်းမြို့တော် ပုသိမ်မြို့တွင် ဖွင့်လှစ်ထားသည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD မြို့နယ်ရုံးကို 'အသိအမှတ်မပြု' ကြောင်း ပါတီဗဟိုဌာနချုပ်က ကြာသပတေးနေ့တွင် ထုတ်ပြန်ကြေညာ လိုက်သည်။

ပါတီ ဗဟိုညီလာခံ ကျင်းပရေးကော်မရှင်၏ ထုတ်ပြန်မှုတရပ်တွင် ပုသိမ်မြို့ အမှတ် ၅၇၂ စကားဝါလမ်း အမှတ် ၃ ရပ်ကွက်တွင် ဖွင့်လှစ်ထားသည့် ရုံးသည် “အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က အသိအမှတ်မပြုသဖြင့် တရားဝင်ရှိနေ သော အဖွဲ့ချုပ် ရုံးခန်း မဟုတ်ပါ” ဟု ဖော်ပြပါရှိသည်။

အဆိုပါရုံးကို အဖွဲ့ချုပ်နာယက ဦးတင်ဦး ကိုယ်တိုင် ဇန်နဝါရီလအတွင်းက လာရောက် ဖွင့်လှစ်ပေးခဲ့ခြင်း ဖြစ်သော် လည်း သြဂုတ်လ ၂၅ ရက်နေ့က ပုသိမ်မြို့တွင် ပါတီဝင်အချို့၏ ပါတီဗဟိုကို ဝေဖန်သော သတင်းစာရှင်းလင်းပွဲ တခု ပြုလုပ်ပြီးနောက် ဗဟိုမှ ယခုကဲ့သို့ တုံ့ပြန်လိုက်ခြင်းလည်း ဖြစ်သည်။

ထိုသတင်းစာရှင်းလင်းပွဲနှင့် ပတ်သက်၍ “အဖွဲ့ချုပ်အတွင်း စိတ်ဝမ်းကွဲစေရန် ရည်ရွယ် လုပ်ဆောင်သည်ဟု သတ်မှတ်ပါသည်” ဟု ရန်ကုန်ရှိ NLD ဗဟိုက ဗုဒ္ဓဟူးနေ့တွင် ကြေညာချက် ထုတ်ပြန်ခဲ့သည်။

ပါတီဝင် ဦးညွှန့်လှိုင်၊ ဒေါက်တာ သန်းထိုက်နှင့် ဦးသန်ဝင်းတို့အားလည်း “အဖွဲ့ချုပ်ကို ဆန့်ကျင်သော သတင်းစာ ရှင်းလင်းပွဲ” ပြုလုပ်သည် ဟူသည့် စွပ်စွဲချက်ဖြင့် ပါတီဝင်အဖြစ်မှ ရပ်ဆိုင်းလိုက်သည်။

ထို ဂယက်ရိုက်ခဲ့သော သတင်းစာရှင်းလင်းပွဲတွင် ဦးညွှန့်လှိုင် က “ဒီမိုကရေစီရေးကို ကြွေးကြော်ထားသော ပါတီတခု က ဗဟိုဦးစီးစနစ်နဲ့ သွားနေပြီး ဒီမိုကရေစီ နည်းလမ်းများကို သွေဖည်နေတာတွေ၊ ဆရာမွေး တပည့်မွေး လုပ်နေတာ ကို လက်မခံနိုင်” ဟု ပြောဆိုခဲ့သည်။

“အောက်ခြေအဆင့် ပါတီဝင်များ တင်ပြသော ခံစားချက်များကို အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဗဟိုမှ အလေးမထား ဘဲ ပစ်ပယ်ထားပြီး ပါတီဝင်တို့၏ ဆန္ဒကို နည်းမျိုးစုံနှင့် ဖော်ထုတ်ပါမည်။” ဟု ဒေါက်တာသန်းထိုက်က ထိုသတင်းစာ ရှင်းလင်းပွဲတွင် ပြောသွားခဲ့သည်။

ဦးညွှန့်လှိုင်မှာ ၁၉၉ဝ ရွေးကောက်ပွဲတွင် ဧရာဝတီတိုင်း၊ ကန်ကြီးထောင့်မြို့နယ်၏ ရွေးကောက်ခံ အမတ်တဦးလည်း ဖြစ်သည်။ ဒေါက်တာသန်းထိုက်မှာ ၂ဝ၁၁ ကြားဖြတ် ရွေးကောက်ပွဲတွင် မြို့နယ်အောင်နိုင်ရေး အဖွဲ့ဝင် အဖြစ် တာဝန်ယူခဲ့သူ ဖြစ်သည်။ ကြားဖြတ်ရွေးကောက်ပွဲ ပုသိမ် မဲဆန္ဒနယ်တွင် NLD က အနိုင်ရခဲ့သည်။

ထိုသို့ ပါတီဗဟိုက တရားမဝင်ဟု ဆိုလာခဲ့ပြီးနောက် ရုံုးစိုက်ရာကို ဥမ္မာဒန္တီလမ်း၊ အမှတ် ၄ ရပ်ကွက်သို့ ပြောင်းရွှေ့ ရန် စီစဉ်လျက်ရှိနေသည်ဟု မြို့နယ်ညီလာခံ ကော်မတီ ဥက္ကဋ္ဌ ဦးသီဟ က ပြောသည်။

အလားတူ ရန်ကုန်တိုင်း တွံ့တေးမြို့နယ် ပါတီဝင်များကလည်း NLD ဗဟိုကို “နီးစပ်သူများကိုသာ လုပ်ပိုင်ခွင့်
ပေးသည်” ဟူသော စွပ်စွဲချက်ဖြင့် စက်တင်ဘာလ ၄ ရက်နေ့က ဆန္ဒပြခဲ့ကြဖူးသည်။

မြောင်းမြမြို့တွင်လည်း အလားတူပင် စွပ်စွဲဆန္ဒပြခဲ့ကြရာ ပါတီဝင် ဦးမြင့်ကျော်နှင့် ဦးဝင်းရွှေတို့ကို ပါတီမှ ခေတ္တ ထုတ်ပယ်ထားခြင်း ခံကြရသည်။

Most read this week