လက်နက်ချ စိုင်းနော်ခမ်းတပည့် ပြည်တော်ပြန်မရောက် မိသားစုဝင်များစိတ်ပူ

လက်နက်ချ စိုင်းနော်ခမ်းတပည့် ပြည်တော်ပြန်မရောက် မိသားစုဝင်များစိတ်ပူ
by -
သျှမ်းသံတော်ဆင့်

တရုတ်အစိုးရလက်သို့ ယာယီလွှဲအပ်ခြင်းခံရသည့် ရွှေတြိဂံဒေသ မူးယစ်ရာဇာအမည်ရ စိုင်းနော်ခမ်း၏ ဒု လက်ထောက် စိုင်းအောင်မြတ်သည် သတ်မှတ်ရက်ကျော်လွန်၍ ပြည်တော်ပြန်မရောက်သေးသည့်အပေါ် မိသားစုဝင်များက စိုးရိမ်နေကြောင်း နီးစပ်သည့်အသိုင်းအဝိုင်းကပြောပါသည်။

စိုင်းအောင်မြတ်
“စိုင်းနော်ခမ်းကို တရုတ်လက်ထဲလွှဲပေးတုန်းကလိုမျိုး တရားဝင်မဟုတ်ဘူး။ လူသိရှင်ကြား မဟုတ်ဘူးလေ။ အောက်လမ်းကနေဘဲ သိုသိုသိပ်သိပ် ပို့လိုက်တယ်ဆိုတော့ စိုင်းနော်ခမ်းနဲ့အတူတူ ပြစ်ဒဏ်ချခံ ရပြီလားဆိုတာ မိသားစုက စိတ်ပူနေတာ။ ပြောတုန်းက ရ ရက် တပတ်ဘဲ ယူသွားမယ်ဆိုတော့လေ။ အခု လဝက်ကျော်နေပြီ ပြန်မရောက်သေးဘူး” မိသားစုနှင့်နီးစပ်သူတဦးက သျှမ်းသံတော်ဆင့်အား ပြောပြသည်။

စိုင်းအောင်မြတ်အား ဩဂတ်စ်လ ၂၈ မနက် ၄ နာရီက ကျိုင်းတုံထောင်မှ ထုတ်ကာ ကျိုင်းတုံ-မိုင်းလား လမ်းမှ တဆင့် တရုတ်နယ်စပ်သို့ပို့ဆောင်ကြောင်း၊ ၎င်းနှင့်အတူ ကျိုင်းတုံမှ အဆင့်မြင့်မူးယစ်အရာရှိ ၂ ဦးလည်း လိုက် ပါသွားရာ စိုင်းနော်ခမ်းအမှုစစ်ဆေးရာ၌ နိုင်ငံတော်သက်အဖြစ် ခေတ္တခေါ်ယူစစ်ဆေးခြင်းသာဖြစ်ကြောင်း မိသားစုများအား ကျိုင်းတုံ အာဏာပိုင်အချို့က ပြောကြားခဲ့ဖူးသော်လည်း ယခုထက်ထိ ပြန်လာမည့်သတင်းမရ သောကြောင့် စိတ်ပူနေမိကြောင်း အဆိုပါ နီးစပ်သူက ဆက်လက် ပြောပြသည်။

“အသွားတုန်းကလည်း တာ့ပင်းတံတားကူးပြီးတာနဲ့ ခြေချင်း၊ လက်ထိပ်ခတ်၊ ခေါင်းကိုအိတ်နဲ့စွပ်ပြီး ကားတင် သွားတယ်။ တခြားလူမပြောနဲ့  စိုင်းအောင်မြတ်ကိုတရုတ်အာဏာပိုင်တွေ လာကြိုတဲ့ အကြောင်း မိုင်းလား အာ ဏာပိုင်တွေတောင်မသိဘူး ဆိုဘဲ။ မြန်မာအာဏာပိုင်တွေဘက်က အသိ မပေးဘူးတဲ့။ အဲလိုမျိုး   လျှို့လျှို့ဝှက်ဝှက်နဲ့ဆိုတော့ စိုင်းနော်ခမ်းနဲ့အတူတူ သေဒဏ်ချဖွယ် ခံရပြီလား - ဆိုပြီးတော့ပေါ့ မိသားစု ဝင် တွေ ဆွေမျိုးသားချင်းတွေက စိတ်ပူနေကြတယ်လေ။ ခုထိ ဘာသတင်းမှ မကြားရသေးဘူးလေ” - ဟု နယ်စပ် ရောက် အဆိုပါ ပုဂ္ဂိုလ်က ဆက်လက်ပြောပြသည်။

လောဝ် (လာအို)နိုင်ငံ၌ စိုင်းနော်ခမ်းအဖမ်းခံရပြီး ရက်ပိုင်းအတွင်း ၎င်း၏ လက်ထောက်တဦးဖြစ်သော စိုင်းအောင်မြတ်သည် နောက်လိုက်အင်အား ၂၀ ခန့်အားဦးဆောင်၌ တာချီလိတ်ရှိ မြန်မာ အာဏာပိုင်များထံ လက်နက်ချခဲ့သည်။ ၎င်း၏နောက်လိုက်များအား စစ်ဆေးပြီး ရက်ပိုင်းအတွင်း ပြန်လွှတ်ပေးခဲ့သော်လည်း စိုင်းအောင်မြတ်ကိုမူ ဆက်လက်စစ်ဆေးရန်အတွက်ဟု စရဖ တို့ ထိန်းသိမ်းထားရာမှ တရုတ်အစိုးရလက်ထဲ လွဲပြောင်း ပေးခဲ့ရသည့်အခြေအနေအထိ ဖြစ်ခဲ့သည်။ တရုတ်ထံမလွဲအပ်ပေးမီ စိုင်းအောင်မြတ်အား လွှတ်ပေး ရန် နေပြည်တော်မှ အမိန့်ချလာပြီဖြစ်ကြောင်း ဒေသတွင်းသတင်းရပ်ကွက်ကပြောသည်။ ယနေ့တိုင် စိုင်းအောင်မြတ်မှာ လွတ်မြောက်ခြင်းမရှိသေး ဘဲ မည်သို့ ပြစ်ဒဏ်ချခံရမည်ကိုလည်း မသိရသေးပေ။

စိုင်းနော်ခမ်းနှင့် နောက်လိုက် ၃ ယောက် စုစုပေါင်း ၄ ယောက်အား စက်တင်ဘာလအတွင်းအမှုစစ်ဆေး မည်ဟု တရုတ်မီဒီယာများက သတင်းထုတ်ပြန်ခဲ့ သော်လည်း နောက်ဆက်တွဲရုံးတင်စစ်ဆေးခံရသည့် သတင်းဆက် လက်ထုတ်ပြန်ခြင်း မရှိသေးပေ။