ကျောက်မီးသွေး ဓါတ်အားပေးစက်ရုံကို ကန့်ကွက်ရန် သုံးပါတီဆုံးဖြတ်

ကျောက်မီးသွေး ဓါတ်အားပေးစက်ရုံကို ကန့်ကွက်ရန် သုံးပါတီဆုံးဖြတ်
by -
မဇ္ဈိမ

တနင်္သာရီတိုင်း၊ ကော့သောင်းမြို့ လူနေရပ်ကွက်အတွင်းရှိ ကျောက်မီးသွေး လောင်စာသုံး လျှပ်စစ်ဓါတ် အားပေးစက်ရုံကို ကန့်ကွက်သွားမည် ဖြစ်ကြောင်း ကော့သောင်းရှိ နိုင်ငံရေးပါတီ သုံးခု၏ ပူးပေါင်းအစည်း အဝေးမှ ဆုံးဖြတ်ခဲ့သည်ဟု ဒေသခံ ပါတီ တာဝန်ရှိသူများက ပြောသည်။

စက်ရုံုလည်ပတ်မှု ဖြစ်မလာစေရန် ကန့်ကွက်သွားမည်ဟု သြဂုတ်လ ၂၆ ရက်နေ့တွင် ကော့သောင်းမြို့ရှိ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD)၊ ဒီမိုကရက်တစ်ပါတီ (မြန်မာ) နှင့် မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီတို့ အကြိုညှိနှိုင်း အစည်းအဝေးတခု ပြုလုပ်ခဲ့ပြီးနောက် စက်တင်ဘာလ ရ ရက်နေ့တွင် အတည်ပြု ဆုံးဖြတ်ခဲ့ခြင်း ဖြစ်သည်။

“စက်မှုဝန်ကြီးဌာနကို တိုက်ရိုက် စာတင်မယ်။ တိုင်းဝန်ကြီးချုပ်ကို ကျနော်တို့ မိတ္တူပေးမယ်။ ပြည်သူလူ ထုကြားမှာ ဟောပြောပွဲ လုပ်သွားမယ်လို့ ကျနော်တို့ သုံးပါတီ အစည်းအဝေးမှာ ဆုံးဖြတ်ပါတယ်” ဟု ဒီမိုကရက်တစ်ပါတီ (မြန်မာ) မှ တနင်္သာရီတိုင်း စည်းရုံးရေးမှူး ဦးသန်းထွန်း က ပြောသည်။

ဒီမိုကရက်တစ်ပါတီ (မြန်မာ) ရုံးတွင် ပြုလုပ်သည့် ယင်းပူးပေါင်းအစည်းအဝေးသို့ ၃ ပါတီမှ တာဝန်ရှိသူများ အပြင် ကော့သောင်း သဘာဝ ဘေးအန္တရာယ် ထိန်းသိမ်း စောင့်ရှောက်ရေးအဖွဲ့နှင့် အမေ့အိမ်ပညာဒါန ကျောင်း စသည်တို့မှ တာဝန်ရှိသူ စုစုပေါင်း ၂၅ ဦး တက်ရောက်ခဲ့ကြသည်။

ကော့သောင်း အမေ့အိမ် ပညာဒါနကျောင်းမှ ပညာရေး တာဝန်ခံ ဆရာဦးမျိုးလွင် က “ကောင်းကျိုးတွေ အနေနဲ့ ကြည့်မယ် ဆိုရင်တော့ မီးလင်းနိုင်တယ်ပေါ့နော်။ အဲဒီလင်းလာမယ့် မီးဟာ ကလေးတွေရဲ့ အသက်သွေးကြောတွေကို ဝါးမြိုတဲ့ မီးတွေ ဖြစ်နေတဲ့အခါကျတော့ ဆရာတယောက်အနေနဲ့ ဒါကို ခွင့်ပြုလို့ မဖြစ်နိုင်ပါဘူး” ဟု ပြောသည်။

လက်ရှိ ကော့သောင်းမြို့ ရွှေပြည်သာနှင့် အေးရိပ်ငြိမ် ရပ်ကွက်ကြားရှိ လျှပ်စစ်ဓါတ်အား ရှစ် မဂ္ဂါဝပ် ထုတ်လွှတ်မည့် သန်းဖြိုးသူ ကုမ္ပဏီ လိမိတက်ပိုင် ၎င်းစက်ရုံ လည်ပတ်နိုင်ရန်အတွက် စက်ရုံတာဝန်ရှိ သူများက မြို့နေပြည်သူများ ကြား စည်းရုံးရေး ဆင်းကာ ထောက်ခံချက် လက်မှတ်များစုဆောင်းနေ ကြောင်းလည်း မြို့ခံများက ပြောသည်။

“သူတို့ ရပ်ကွက်ထဲ ဆင်းပြီး ယူနစ် ၁၅၀ အလကား ပေးမယ်။ ငါတို့ စက်ရုံကို လက်ခံပါ ဆိုပြီးတော့ လက်မှတ် လိုက်ထိုးခိုင်းတယ်။ ရပ်ကွက် အုပ်ချုပ်ရေးမှူး နဲ့ ဆယ်အိမ်မှူး၊ ရာအိမ်မှူးတွေလည်း ပါတယ်” ဟု စက်ရုံအနီး
ရွှေပြည်သာ ရပ်ကွက်တွင် နေထိုင်သည့် ကိုမောင်ဝင်း က ပြောသည်။

မြို့ခံပြည်သူအချို့မှာ စျေးနှုန်းသက်သာမည့် ယခု စက်ရုံမှ လျှပ်စစ်ဓါတ်အားကို လိုလားသည့်အတွက် စက်ရုံလည်ပတ်ခြင်းကို ထောက်ခံကြသော်လည်း အချို့ကမူ မထောက်ခံကြကြောင်း ကော့သောင်း NLD လူမှု အထောက်အကူပြု အဖွဲ့ ခေါင်းဆောင် ဦးမြင့်မောင် က ပြောသည်။

စက်ရုံ လည်ပတ်ခြင်းကို ကန့်ကွက်သူများ အနေနှင့် စက်ရုံသည် လူနေအိမ်နှင့် ပေအနည်းငယ်သာ ကွာဝေးပြီး မီးခိုးခေါင်းတိုင်မှာလည်း ပေ ၄၀ ခန့်သာ မြင့်ကာ ကော့သောင်းမြို့နေ ပြည်သူများ သောက်သုံးရေအဖြစ် အားထားနေရသည့် ယင်းဝါ ရေလှောင်တမံနှင့် မိုင်ဝက်ခန့်သာ ကွာဝေးသည့်အတွက် ဆိုးကျိုးများဖြစ်ပေါ် လာနိုင်သည် ဟု ဆိုပြီး ကန့်ကွက်ကြခြင်း ဖြစ်သည်။

စက်ရုံ တာဝန်ရှိသူများဘက်ကမူ စက်ရုံကို ကောင်းမွန်သည့် တရုတ်နည်းပညာဖြင့် လည်ပတ်မည် ဖြစ်သည့်အတွက် ပတ်ဝန်းကျင် ထိခိုက်မှု မရှိနိုင်ကြောင်း ပြောသည်။

“ဆိုးကျိုး သိပ်မရှိနိုင်ဘူး၊ ဘာဖြစ်လို့လဲ ဆိုတော့ လူတွေနဲ့ မနီးဘူးလေ။ ပင်လယ် ကမ်းစပ်မှာ သွားလုပ်ထားတယ်။ တရုတ်က နည်းပညာက တော်တော်ကောင်းတယ်။ စစ်တဲ့ ကတော့ကြီး သုံးခု ရှိတယ်။ အဲဒီတော့ ပြင်ပကို အနှောက်အယှက် မရှိနိုင်တော့ဘူး” ဟု စက်ရုံတာဝန်ရှိသူ တဦးက ပြောသည်။

စက်ရုံ လည်ပတ်ခြင်းကို ကန့်ကွက်ရန်အတွက် သြဂုတ်လ ၆ ရက်နေ့တွင် ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ခွင့် ပြုရန်ဒေသ အာဏာပိုင်ထံသို့ တင်ပြခဲ့သော်လည်း ခန့်မှန်း လူဦးရေများသည့်အတွက် လုံခြုံရေး မပေးနိုင်ဟု ဆိုပြီး ပယ်ချခံရရာမှ တိုင်းအဆင့်သို့ ထပ်မံတင်ပြရာတွင်လည်း ပယ်ချခံရပြန်သည်။

NLD ဗဟိုဌာနချုပ် အနေနှင့် ကော့သောင်း ကျောက်မီးသွေး လောင်စာသုံး လျှပ်စစ်ဓါတ်အားပေး စက်ရုံ ကိစ္စကို သိရှိကြောင်းနှင့် ကျွမ်းကျင်သူ ပညာရှင်များ၏ သဘောထားကို စုဆောင်းနေကြောင်း၊ ပြည်သူလူထု အန္တရာယ် ရှိနိုင်မည်ဆိုပါက ပါတီ၏ သဘောထားကို ထုတ်ပြန်ကာ တရားဝင် ကန့်ကွက်သွားမည် ဖြစ်ကြောင်း ဦးဉာဏ်ဝင်း က ပြောသည်။

မြန်မာနိုင်ငံတွင် ကျောက်မီးသွေး လောင်စာသုံး လျှပ်စစ်ဓါတ်အားပေး စက်ရုံ ခုနှစ်ရုံ ရှိသည့်အနက် မဂ္ဂါဝပ် ၁၂၀ ထုတ် တီကျစ်နှင့် မဂ္ဂါဝပ် ၃၆၉ ထုတ် မိုင်းခုတ် ကျောက်မီးသွေး လျှပ်စစ်ဓါတ်အားပေး စက်ရုံများမှာ လည်ပတ်လျက် ရှိပြီး ကျန် ငါးရုံမှာ လျာထားအဆင့်တွင် ရှိကြောင်းကို ပအိုးဝ် လူငယ်များ အစည်းအရုံးမှ ၂၀၁၁ ခုနှစ်က ထုတ်ဝေ သည့် “အဆိပ်သင့် တိမ်များ” အစီရင်ခံစာတွင် ဖေါ်ပြထားသည်။

ကျောက်မီးသွေး လောင်စာသုံး ဓာတ်အားပေး စက်ရုံမှ ကာဗွန်ဒိုင်အောက်ဆိုဒ်ဓာတ်ငွေ့၊ အက်ဆစ်မိုးကို ရွာသွန်းစေနိုင်သည့် ဆာလဖာဒိုင် အောက်ဆိုဒ်ဓါတ်ငွေ့၊ အသက်ရှူ လမ်းကြောင်းတွင် ကင်ဆာရောဂါ ဖြစ်စေနိုင်သည့် အမှုန်အမွှား အများအပြား ထွက်လာနိုင်သည့်အပြင် ကာဗွန်မိုနောက်ဆိုဒ်၊ သောက်သုံးရေနှင့် ပင်လယ်ရေထုကို ညစ်ညမ်းစေနိုင်သည့် ပြဒါး၊ စိန် ဆိုသည့် အာစင်းနစ်ဓါတ် စသည့် လေထု၊ ရေထုနှင့် မြေထုကို ညစ်ညမ်းစေနိုင်သည့် ဓာတ်ငွေ့ပေါင်းများစွာ ထွက်ရှိလာနိုင်ကြောင်း သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ပညာရှင်များက ပြောသည်။

Most read this week