မှိုင်းဖောက်ခွဲမှုကြောင့် မန္တလေး မြစ်ကြီးနား ရထားခရီးစဉ် ရပ်တန့်

မှိုင်းဖောက်ခွဲမှုကြောင့် မန္တလေး မြစ်ကြီးနား ရထားခရီးစဉ် ရပ်တန့်
by -
ဇော်ကြီး

မန္တလေးနှင့် မြစ်ကြီးနား ပြေးဆွဲနေသည့် ရထားသံလမ်း တလျောက်ရှိ တံတားတစ်စင်း ဖောက်ခွဲခံရပြီး ရထားခရီးစဉ်များ ယာယီ ရပ်တန့်နေကြောင်း ဒေသခံများက ပြောသည်။

Photo-By -Eleven Media Group Fb

ကချင်ပြည်နယ် မိုးညှင်းမြို့နယ် မော်ဟန်နှင့် ကာဒူ ဘူတာအကြား အစိုးရတပ်နှင့် ကချင်ပြည် လွတ်လပ်ရေး တပ်မတော် (KIA) တပ်ဖွဲ့ဝင်တို့ ယမန်နေ့ ညနေ (၆) နာရီ အချိန်ခန့်က တိုက်ပွဲဖြစ်ပွားခဲ့ပြီး တံတား တစ်စင်း ဖောက်ခွဲခံခဲ့ရသည်ဟု မော်ဟန် ဒေသ ခံတဦးက အခုလို ပြောသည်။

“နမ့်ပင့် တံတား ဖောက်ခွဲခံရတယ်။ ဖောက်ခွဲသံက နှစ်ချက် ကြားရတယ်။ ပစ်ခတ်နေကြ တာတော့နာရီဝက် လောက် ကြာမယ်။ ဒီကထွက်သွားတဲ့ တရုတ်ရထား မရောက်ခင် အဲဒါကြီး ဖောက်ခွဲ လိုက်တော့ ရထားက ဘူတာကို ပြန်စုန်ခဲ့တာလေ။” 

ကချင်ပြည်နယ်အတွင်း ရထားသံလမ်းတလျောက် တံတားလုံခြံုရေးအဖြစ် ဒေသခံ အစိုးရတပ်ဖွဲ့ဝင်များ စခန်းထိုင် စောင့်ကြပ်လေ့ရှိပြီး ယမန်နေ့ တိုက်ပွဲ အခြေအနေနှင့် ပတ်သက်၍ ၎င်းက အခုလို ဆက်ပြောသည်။

“အဲဒီက စစ်သားလေးက သံလမ်းပေါ်မှာ ရေဒီယိုလေးနားထောင်ပြီး နေတာပေ့ါလေ။ အဲ့ဒီမှာ ပေါက်ကွဲတော့ စစ်သားလေး တယောက်တော့ ပက်လက်လှန်ပြီး ကျသွားတယ်လို့ မြင်တဲ့ သူတွေ ကတော့ ပြောနေကြတာပဲ။”

ယင်းကိစ္စ မိုးညှင်းမြို့နယ် ရထားကြီးကြပ်ရေးမှူးရုံးမှ တာဝန်ရှိသူတဦးက မိုင်တိုင်အမှတ် (၆၂၁) ရှိ တံတား နံပါတ် (၅၅၅) နေရာတွင် ဖောက်ခွဲခံရပြီး ပျက်စီး ဆုံးရှံုးမှု အခြေအနေ အား အခုလို ပြောဆိုသည်။

“တံတားက ဇလီဖားတုံး ငါးတုံးလောက် ပျက်စီးတယ်။ ရေလည်က တံတားတိုင် အုတ်ခုံ အက်သွားတယ်။ သံလမ်းက လေးပေလောက် ကြွတက်သွားတယ်။ နောက်တံတား ဂါဒါ ခေါ်တာပေ့ါ။ တံတား အုတ်ခုံပေါ်မှာ ခင်းထားတဲ့ သံပေါင်ကြီးပေ့ါ။ အဲဒါက ညာဖက်ခြမ်း သုံးပေလောက် ပဲ့ထွက်သွားတယ်။”

လောလောဆယ် ပျက်စီးမှုများ ပြင်ဆင်နေပြီး မြစ်ကြီးနားမှ စုန်ဆင်းလာသည့် ရထားများ အား အနီးဆုံးနေရာများဖြစ်သည့် မိုးညှင်းနှင့် နမ္မား ဘူတာများတွင် ရပ်ဆိုင်းထားရသလို မန္တလေးမှ ဆန်တက် လာသည့် ရထားများ မော်ဟန်၊ မော်လူး၊ အင်းတော်နှင့် နဘား ဘူတာများတွင် ရပ်ဆိုင်းထားကြောင်း သိရသည်။

မန္တလေး မြစ်ကြီးနား ရထားလမ်းတွင် လူစီးရထားနှင့် ကုန်ရထား တနေ့လျင် (၁၈) စီးမှ အစီး (၂၀) ခန့် ပြေးဆွဲကြောင်းနှင့် ယနေ့ ညနေ (၃) နာရီ အချိန်ခန့်တွင် ပြင်ဆင်မှုများ ပြီးစီးနိုင်ပြီး ပြန်လည် ပြေးဆွဲနိုင်မည်ဟု ခန့်မှန်းကြောင်း မိုးညှင်းမြို့နယ် ရထားကြီးကြပ် ရေးမှူးရုံးမှ တာဝန်ရှိသူက ပြောဆိုသည်။

မိုင်းဖောက်ခွဲမှုကိစ္စ ကချင်ပြည်လွတ်လပ်ရေး အဖွဲ့ KIO ထံ ဖုန်းဖြင့် ဆက်သွယ် မေးမြန်းကြည့်ရာ ၎င်းမသိသေးကြောင်း ပြောခွင့်ရပုဂ္ဂိုလ် ဦးလနန်က ပြောဆိုသည်။

အစိုးရ၏ ကာကွယ်ရေးဝန်ကြီး ဗိုလ်မှူးချုပ် အောင်သော်က အစိုးရနှင့် KIA တို့ တိုက်ပွဲ ပြန်လည် ဖြစ်ပွားခဲ့သည့် တနှစ်ကျော် ကာလအတွင်း KIA မှ စစ်ရေးနှင့် မသက်ဆိုင်သည့် အများပြည်သူသုံး လမ်းတံတားများအား မိုင်းဖောက်ခွဲခြင်း (၆၆) ကြိမ် ပြုလုပ်ခဲ့ကြောင်း ယမန်နေ့က ပြုလုပ်သည့် နေပြည်တော် အစည်းအဝေးတွင် ပြောဆိုခဲ့ သည်ဟု ယနေ့ထုတ် အစိုးရအာဘော် သတင်းတပုဒ်၌ ဖော်ပြထားသည်။ 

ယင်းကိစ္စနှင့် ပတ်သက်၍ ကချင်ပြည်နယ် စစ်ဆင်ရေးများအတွင်း စစ်အင်အား အပါအဝင် ထောက်ပံ့ရေး ပစ္စည်းများ သယ်ယူပို့ဆောင်ရာ၌ လျင်မြန်ချောမွေ့စေရန် အများပြည်သူ သုံးသည့် လမ်းကြောင်းများကို အစိုးရတပ်က အသုံးပြုနေသဖြင့် တံတားအချို့အား ဖောက်ခွဲရခြင်း ဖြစ်သည်ဟု ဦးလနန်က ပြောဆိုသည်။

ထို့အပြင် တိုက်ပွဲ ကာလအတွင်း အစိုးရတပ်ဖွဲ့ဝင်များအား အရပ်ဝတ်များဖြင့် သယ်ယူ ပို့ဆောင်နေပြီး “စစ်ရေးနဲ့ မပတ်သက်တဲ့ လမ်းတံတားကို ဖျက်တယ်ဆိုတဲ့ နေရာမှာ သူတို့ လည်း စစ်ရေးနဲ့ မပတ်သက်တဲ့ ဒီလမ်းကြောင်းကို မသုံးဖို့ကတော့ လိုပါတယ်ခင်ဗျ။ သူတို့သာ အဲဒီလို အရပ်သားတွေ သုံးတဲ့ လမ်းကြောင်းတွေ ဆက်ပြီး သုံးနေမယ်ဆိုရင် တော့ အဲလိုဟာမျိုးတွေကို ကျနော်တို့ ဖြစ်တဲ့နည်းလမ်းနဲ့ ဟန့်တားတာတော့ လုပ်ရလိမ့် မယ်ခင်ဗျ။” ဟု ၎င်းက ဆက်ပြောသည်။

တဆက်တည်းတွင် အပစ်အခတ်ရပ်ဆိုင်းရေး လုပ်ငန်းစဉ်နှင့် ပတ်သက်၍ ဆွေးနွေး ညှိနှိုင်းမှု လုံးဝ မပြုလုပ်ဘဲ နိုင်ငံရေးအရ ဆွေးနွေးမှု ပြုလုပ်ပြီးမှသာ အပစ်အခတ် ရပ်စဲမည်ဟူသော အချက်ကို KIA အဖွဲ့က ကိုင်စွဲထားသဖြင့် ဒေသတွင်း တိုက်ပွဲများ ဆက်လက် ဖြစ်ပွားနေရကြောင်း ဗိုလ်မှူးချုပ် အောင်သော်က ပြောဆိုခဲ့သည်။

ယင်းကိစ္စ လွန်ခဲ့သည့် (၁၇) နှစ်ကျော် အပစ်အခတ်ရပ်ဆိုင်းရေး ကာလအတွေ့အကြံုများ အရ နိုင်ငံရေး ပြဿနာကို နိုင်ငံရေးနည်းဖြင့် ဖြေရှင်းရန် လိုအပ်ကြောင်းနှင့် “နိုင်ငံရေး တွေ့ဆုံဆွေးနွေးမှု လုပ်ပြီးမှဘဲ အပစ်အခတ် ရပ်ဆိုင်းရေး လက်မှတ်ရေးထိုး ကြမယ် ဆိုတဲ့ဟာက မှားတယ် ခင်ဗျ။ နိုင်ငံရေး တွေ့ဆုံ ဆွေးနွေးမှု အဆင်ပြေ လာတဲ့ အချိန်မှာ ဒီတိုက်ပွဲတွေဟာ အလိုလို ပျောက်ပျယ်သွားလိမ့်မယ်။ အဲလို ပြောတာပါ။” ဟု ဦးလနန်က တုန့်ပြန် ပြောဆိုလိုက်သည်။

လွန်ခဲ့သည့် ၁၉၉၄ ခုနှစ်က အစိုးရနှင့် KIA တို့ အပစ်အခတ်ရပ်စဲခဲ့ပြီး ၂၀၁၁ ခုနှစ် ဇွန်လ (၉) ရက်နေ့ကစတင်၍ တိုက်ပွဲများ ပြန်လည် ဖြစ်ပွားခဲ့သည်။ တိုက်ပွဲဖြစ်ပွားခဲ့သည့် တနှစ်တာ ကာလအတွင်း မြို့ပေါ် ဒေသများ အပါအဝင် တရုတ်မြန်မာ နယ်စပ်ဒေသ များသို့ ထွက်ပြေးခိုလှုံလာသည့် စစ်ပြေး ဒုက္ခသည်ပေါင်း တသိန်းခန့် ရှိပြီဟု သိရသည်။

Most read this week