လက်ပန်းတောင်းတောင် စီမံကိန်း ဆက်လက်ကန့်ကွက် ဆန္ဒပြ

လက်ပန်းတောင်းတောင် စီမံကိန်း ဆက်လက်ကန့်ကွက် ဆန္ဒပြ
by -
မဇ္ဈိမ

မုံရွာခရိုင် ဆားလင်းကြီးမြို့နယ်အတွင်းရှိ လက်ပန်းတောင်းတောင်ကိုဖြို၍ ကြေးနီထုတ်လုပ် မှုသည် သဘာဝပတ်ဝန်းကျင် ပျက်စီးခြင်းနှင့် ကျန်းမာရေး ထိခိုက်နိုင်သည်ဟူသည့် စွပ်စွဲချက်များဖြင့် ထိုလုပ်ငန်း လုပ်ဆောင်နေမှု ရပ်တန့်ပေးရန် ဒေသခံ ၈၀၀ ခန့် သောကြာနေ့တွင် ထပ်မံဆန္ဒပြ တောင်းဆိုကြသည်။

"လက်ပန်းတောင်းတောင်ကြီး ဖြိုချလိုက်ရင် မုံရွာမြို့ဘေး ဖြတ်စီးသွားတဲ့ ချင်းတွင်းမြစ် တိမ်ကောမှုတွေဖြစ် မယ်။ သဘာဝဘေး အန္တရယ်တွေ ကျရောက်လာမယ်။ မြစ်ရေကြီးမှုတွေဖြစ်မယ်။ အခုဆိုရင် လက်ပန်းတောင် တောင်အနီး မှာရှိတဲ့ ရွာတွေ သစ်ပင်တွေစိုက်ပျိုးလို့ မရတော့တာတွေ၊ နောက်မြေအောက်ရေတွေမှာ အက်စစ်ဓါတ်တွေ ပါလာတာမျိုးတွေ များလာတဲ့အခါကြတော့ ကျနော်တို့ဒီ Campaign ကိုလုပ်တာပါ" ဟု ဆန္ဒထုတ်ဖေါ်ရာတွင် ပါဝင်သူတဦးဖြစ်သည့် မုံရွာ ဗကသများ အဖွဲ့ချုပ် ကျောင်းသားခေါင်းဆောင် ကိုနွေဦးက ပြောသည်။

ကြေးနီတောင်နှင့် ကပ်လျက်ရှိသည့် ချင်းတွင်းမြစ် အရှေ့ဘက်အခြမ်းတွင် လူထု ၅၀၀ ခန့် အနောက်ဘက်ကမ်းတွင် ၃၀၀ ခန့်တို့က လက်ပန်းတန်းတောင်တန်းကို ငေးမျှော်ကြည့်ရှု့ခြင်းဖြင့် ဆန္ဒဖေါ်ထုတ်ခဲ့ကြခြင်းဟုလည်း ကိုနွေးဦးကပြောသည်။

ဆန္ဒထုတ်ဖေါ်မှုကို မုံရွာအာဏာပိုင်များက တားမြစ်ခြင်းမရှိသော်လည်း ချင်းတွင်းမြစ် တဘက်ကမ်းနှင့် တဘက်ကမ်း ကူးသန်းသွားလာခြင်းမပြုနိုင်အောင် စက်လှေများကို ကမ်းမှ ခွာထားရန် ညွှန်ကြားခဲ့သည် ဟုလည်း သိရသည်။

သြဂုတ်လ ပထမပတ်အတွင်းကလည်း လက်ပန်းတောင်းတောင် ကြေးနီစီမံကိန်းလုပ်ဆောင်ရန် ၂၀၁၁ ခုနှစ် နှစ်ဆန်းပိုင်းအတွင်း ဝက်မှေးရွာအပြင် ကျော်ရွာ၊ ဆယ်တည်း၊ တောင်သာနှင့် ဆီးတောရွာများ ပြောင်းရွှေ့ပေးရန်နှင့် လယ်မြေဧက ရ၈၀၀ ကျော်ကို  မြန်မာ့ဦးပိုင်လီမိတက်မှ သိမ်းယူခဲ့သည်။

အဆိုပါ လုပ််ဆောင်ချက်ကြောင့် ဇွန်လ ပထမပတ်တွင် ဒေသခံ ၂၀၀ ခန့်၊ သြဂုတ်လ တတိပတ်တွင် ဒေသခံ ၁၀၀ ခန့်နှင့် ယခုလ ပထမပတ်တွင် ၄၀၀၀ ခန့်တို့က ယင်းတို့၏ မကျေနပ်ချက်များကို ဆန္ဒထုတ်ဖေါ်မှုများ ပြုလုပ်ခဲ့ကြသည်။

ဆန္ဒထုတ်ဖေါ်မှုများတွင် ပါဝင်ခဲ့ကြသည့် တက်ကြွလှုပ်ရှားသူများဖြစ်သော ရန်ကုန် ပြည်သူ့အကျိုးဆောင် ကွန်ယက် အဖွဲ့ဝင် ကိုဝေဋ္ဌုကို ဆားလင်းကြီးမြို့နယ် ရဲတပ်ဖွဲ့ဝင်များမှ ယခုလ ၁ရက်နေ့တွင်ဖမ်းဆီးသွား သည်ဟု ဗကသ အထက်ဗမာပြည် ပြန်ကြားရေးတာဝန်ခံ ကိုရဲရင့်ကျော်က ပြောသည်။

ယင်းအပြင် ကွန်ယက်အဖွဲ့ဝင်များဖြစ်သည့် ကိုဟန်ဝင်းအောင်၊ ကိုအောင်စိုး၊ ကိုသောင်းထိုက်၊ ကိုသော်ဇင်တို့ လေးဦးကိုလည်း ဖမ်းဝရမ်းထုတ်ထားသည်ဟု သူကပြောသည်။

"သူတို့က ကိုဝေဠု ကိစ္စတုန်းက အမှုတွဲဖြစ်ပြီး ၀ရမ်းထုတ်ခံထားရတာ။ တယောက်တည်းဆိုလို့ရင် အပြင်ထွက်လို့ မရဘူး။ ရွာခံအုပ်စုတွေနဲ့ဆို အပြင်ထွက်လို့ရတယ်။" ကိုရဲရင့်ကျော်က ပြောသည်။

လက်ပန်းတန်းတောင် ကြေးနီစီမံကိန်းကို ဦးပိုင်လီမိတက်နှင့် တရုတ်ဝမ်ပေါင် ကုမ္ပဏီတို့ ၁၉၉၄ ခုနှစ်တည်းက အကောင်အထည်ဖေါ်နေခြင်းဖြစ်သည်။