ပါတီညီလာခံတွင် ပါဝင်မည့် ညီလာခံကော်မရှင် အဖွဲ့ဝင်များကို တိုင်းတာဝန်ရှိသူများက နီးစပ်ရာရွေးချယ် ခြင်းနှင့် ပါတီလုပ်ငန်းများတွင် နီးစပ်သူများကိုသာ လုပ်ပိုင်ခွင့်ပေးသည်ဆိုသော စွပ်စွဲချက်များဖြင့် အတိုက် အခံပါတီကြီးဖြစ်သော အမျိုးသားဒီမိုကရေစီအဖွဲချုပ်၏ တွံတေးမြို့နယ်ရုံး တာဝန်ရှိသူများ အပါအဝင် ရန်ကုန်တိုင်းရုံး တာဝန်ရှိသူများကိုပါ တွံတေးပါတီဝင်များက အင်္ဂါနေ့က ဆန္ဒပြကြသည်။
"တကယ် အလုပ်လုပ်တဲ့သူတွေကို နေရာပေးစေချင်တာပါ။ အခုက တိုင်းရဲ့ကော်မရှင် လုပ်ထုံးလုပ်နည်း တွေက မညီမျှလို့ ဆန္ဒပြဖြစ်တာပါ၊ အခုက ဦးဆောင်ဦးရွက်ပြုတဲ့သူတွေကို ပစ်ပယ်တဲ့သဘောထားဖြစ်နေ တယ်" ဟုလည်း ဆန္ဒပြသူတဦးဖြစ်သော ဦးဝင်းမောင်က ပြောသည်။
ဆန္ဒပြပွဲကို တွံတေးမြို့နယ် ကျွန်းတောရပ်ကွက်၊ ကန်သာယာ ၁၀ လမ်းတွင် ပါတီဝင် ဦးဇော်မင်းထွန်းနှင့် ဒေါ်စန္ဒာ တို့ဦးဆောင်ကာ လူဦးရေ တရာခန့် ပါဝင်ခဲ့ကြသည်။ ပါတီဝင် အဆိုပြုလွှာများကို ပေးပို့သည့်အခါ လက်ရှိမြို့နယ် တာဝန်ရှိသူများက လက်ခံခြင်း မပြုဘဲ ငြင်းဆိုခြင်း၊ တချိန်တည်းတွင် ပါတီဝင်ခဲ့ကြသော် လည်း တပြေးညီပါတီဝင် အဖြစ် အသိအမှတ်ပြုခြင်းတို့ကြောင့် ဆန္ဒပြခြင်းဟု ဒေါ်စန္ဒာက မဇ္ဈိမကို ပြောသည်။
ပါတီတွင်း မညီညွတ်မှုများကို ညှိနှိုင်းဆောင်ရွက်ရမည့်အစား တဘက်သတ်ဆောင်ရွက်မှုများ ရပ်တန့်ရန်နှင့် နီးစပ်ရာ ဦးစားပေး၍ လက်သင့်ရာခေါ်ကာ နေရာပေးသည့် လုပ်ဆောင်မှုများ ရပ်တန့်ရန်လည်းရည်ရွယ် သည်ဟု ဦးဇော်မင်းထွန်းက ပြောသည်။
NLD ဗဟို မှပြောရေးဆိုခွင့်ရှိသူ ဦးဉာဏ်ဝင်းက တွံ့တေးတွင် ဆန္ဒပြမှုနှင့် ပတ်သက်၍ “မလုပ်သင့်တာတွေ လုပ်နေ ကြတယ်။ ပါတီညီလာခံကို အနှောက်အယှက် ဖြစ်စေတယ်။ အရေးယူတာကိုတော့ CEC (ဗဟိုအလုပ် မှုဆောင် အစည်းအဝေး) ထိုင်ပြီးမှ ပြောလို့ရမယ်။” ဟုဆိုသည်။
ဧရာဝတီတိုင်း မြောင်းမြမြို့တွင်လည်း တွံ့တေးကဲ့သို့သော ဖြစ်ရပ်မျိုး မြောင်းမြခရိုင် NLD ပါတီဝင်များကြား ဖြစ်ပေါ်နေသည်ဟု စွပ်စွဲ၍ ပါတီဝင် ၅၀၀ ခန့်က သြဂုတ်လ ဒုတိယပတ် အတွင်းကလည်းဆန္ဒထုတ်ဖေါ်ခဲ့ ကြသေးသည်။
အဆိုပါ ဆန္ဒထုတ်ဖေါ်မှုကို ဦးဆောင်သူများဖြစ်သည့် ဦးမြင့်ကျော်နှင့် ဦးဝင်းရွှေတို့သည် "ညီညွတ်စွာ ဆောင်ရွက်ရ မည့်ကိစ္စကို အဖွဲ့ချုပ်အတွက် မလိုလားအပ်သော ဆန္ဒထုတ်ဖေါ်မှုကို ဦးဆောင်သူ" ဟုဆိုကာ ပါတီဝင်အဖြစ်မှ ခေတ္တရပ်ဆိုင်းထားကြောင်း ဗဟိုက ကြေညာချက်ထုတ်ပြန်ထားသည်။
ဆန္ဒပြထုတ်ဖော်မှုတွင် ဦးဆောင်သူဟု စွပ်စွဲခံရသူ ဦးဝင်းရွှေက “ကျွန်တော်က ယူနီတီဂျာနယ်မှာ သတင်းဆောင်းပါးရေးတဲ့အတွက် ဒီဆန္ဒပြတဲ့ ဖြစ်စဉ်တခုလုံးမှာ သတင်းလိုက်ယူတာ။ ခေါင်းဆောင်လုပ်ခဲ့တာ မဟုတ်ဘူးဗျ။ စုံစမ်း စစ်ဆေးရေးအဖွဲ့တွေလာတုန်းကလည်း ကျွန်တော့ကို ဝင်တွေ့မသွားဘူးဗျ။ ဗဟိုကထုတ်ပြန်ချက်ထဲမှာ ကျွန်တော့် နာမည်အပြင် ကျွန်တော့်ကလောင်နာမည်ကိုပါ ထည့်ထားတယ်။ ဒီကိစ္စက ကျွန်တော့်သတင်းအလုပ် ကလောင်နဲ့ မဆိုင်ဘူးလေ။” ဟုဆိုပါသည်။
မြောင်းမြ NLD ဆန္ဒပြမှုနှင့် ပတ်သက်၍ သြဂုတ်လ ၂၄ ရက်တွင် စုံစမ်းစစ်ဆေးရေးအဖွဲ့မှ လာရောက် စစ်ဆေးခဲ့ချိန် တွင် ဦးမြင့်ကျော်သည်ခရီးလွန်နေပြီး ဦးဝင်းရွှေကိုလည်း ဝင်ရောက် မေးမြန်းသွားခြင်း မရှိဘဲ အခြားအဖွဲ့ဝင် တစ်ချို့နှင့် သာတွေ့ဆုံသွားကြောင်း ဦးမြင့်ကျော် ကပြောသည်။
ဆန္ဒပြမှုခေါင်းဆောင်သူ ဦးမြင့်ကျော်ကတော့ “ဒီကိစ္စမှာကျွန်တော်ဦးဆောင်ပြီးဆန္ဒပြတာ။ ပါတီတွင်းက လုပ်ရပ် တချို့ကို ဒေါ်အောင်ဆန်းစုကြည်သိစေချင်လို့။ ဒေါ်အောင်ဆန်းစုကြည်ကိုရော၊ NLD ပါတီကိုရော မကျေနပ်လို့ မဟုတ်ဘူး” ဟုပြောသည်။
အဆိုပါကိစ္စနှင့် ပတ်သက်၍ ဦးဉာဏ်ဝင်းက “ရန်ကုန်တိုင်းဒေသကြီးမှာ စုံစမ်းရေး ကော်မတီဆိုတာ ဖွဲ့ထားတယ်။ အဲဒီ့ကနေတင်လာတဲ့ ရီပို့ (အစီရင်ခံစာ) ပေါ်မူတည်ပြီး ဆုံးဖြတ်လိုက်တာပါ။ “ ဟု မဇ္ဈိမအား ဖြေကြားသွားသည်။
NLD သည် မြို့နယ်ညီလာခံ၊ ခရိုင်ညီလာခံ၊ တိုင်းညီလာခံနှင့် ဗဟိုညီလာခံတို့ ကျင်းပရန် ပြင်ဆင်လျက်ရှိပြီး ဗဟိုညီလာခံကို ယခုနှစ် အကုန်ပိုင်းတွင်း ကျင်းပရန် ရည်သန်လျက် ရှိနေသည်။
ဒါ့အပြင် အိမ်မဲ NLDနှင့် ပုသိမ် NLD တို့မှလည်း ဆန္ဒထုတ်ဖော်မှုများပြုလုပ်ရန် ပြင်ဆင်နေကြကြောင်း ဦးဝင်းရွှေက မဇ္ဈိမသို့ ပြောသည်။