သျှမ်းပြည်မြောက်ပိုင်း ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအတွင်း ကေအိုင်အေ နှင့် အစိုးရတပ်တိုက်ပွဲ သောကြာနေ့ က ဖြစ်ပွားရာ မှာ အစိုးရတပ် စစ်ဗိုလ်တဦးအပါအဝင် ၄ ဦး သေဆုံးကြောင်း ဒေသခံ သတင်းရပ်က ပြောပါသည်။
“လွယ်မောက် မှာ တခါ ဖြစ်တယ်။ မန့်ထတ်စက် မှာ တခါဖြစ်တယ်။ တရက်ထဲဘဲ။ သေကြေဒဏ်ရာရတာများ တယ်။ အစိုးရတပ်က နှစ်ပွင့် ဗိုလ်တောင်ပါတယ်။ သေတဲ့စာရင်းထဲမှာ” - ဟု မန်တုံဒေသခံ သျှမ်းအမျိုးသား စိုင်းညီ ကပြောပါသည်။
ဩဂတ်စ် ၃၁ ရက် ၌ မြန်မာအစိုးရတပ် ခမရ ၅၀၂ နှင့် ကေအိုင်အို ပူးပေါင်း မဟာမိတ်တပ်ဖွဲ့တို့ သျှမ်းပြည် မြောက် ပိုင်း ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ မန်တုံမြို့နယ် လွယ်မောက်ဒေသအတွင်း တိုက်ပွဲဖြစ်ပွား ရာမှာ အစိုးရ တပ်ဘက် ၄ ဦး သေဆုံးကြောင်း၊ ဒဏ်ရာရရှိသူများအနက် လားရှိုး စစ်ဆေးရုံတို့ ပို့ဆောင်ကုသ ရာမှာ ယမန်နေ့က တဦးထပ်မံသေဆုံးကြောင်း၊ အဆိုပါသေဆုံးသူများအနက် အစိုးရ၏ ဗိုလ် တယောက်ပါဝင် ဝင်ကြောင်း လားရှိုးမြို့ မြန်မာစစ်တပ်အသိုင်းအဝိုင်းက ပြောပါသည်။
“ကချင် တို့ ပူးပေါင်းတပ်က မိုးမိတ်ဘက်ကနေ တက်လာပြီး ဒီဘက်မှာ လာလှုပ်ရှားတာ။ မန့်ထတ်စက်အနား မှာ ဖြစ်တဲ့ တိုက်ပွဲက နှစ်ဘက်စလုံးဒဏ်ရာရတာများတယ်။ သေတဲ့ စာရင်းတော့မသိဘူး” - ဟု နမ္မတူရောက် မန်တုံဒေသခံ တဦး ပြောပါသည်။
အဆိုပါဒေသအတွင်း သျှမ်းပြည်တပ်မတော် (SSPP/SSA) ၊ ပလောင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA နှင့် ကချင်လွတ်လပ်ရေးတပ်မတော် KIA တို့ ပူးပေါင်းလှုပ်ရှားနေသည်ဟု ညီညွှတ်သောတိုင်းရင်းသား လူမျိုးများ ဖက်ဒရယ်ကောင်စီက သတင်းထုတ်ပြန်ဖူးသော်လည်း ဆိုင်ရာအဖွဲ့အစည်းများကမူ အတည်ပြုချက် မပေးပေ။
သျှမ်းပြည်မြောက်ပိုင်း နမ္မတူ၊ သိန္နီ၊ ကွတ်ခိုင်၊ မန်တုံ၊ မူစယ်၊ နမ့်ခမ်းမြိုနယ်များအား အစိုးရတပ်က စစ်တလင်း ဒေသ အဖြစ် လျှို့ဝှက်သတင်းထုတ်ပြန် ထားသည်ဆိုသည့်သတင်းထွက်ရှိနေသကဲ့သို့ တိုင်းရင်းသားလက်နက် ကိုင်တပ်ဖွဲ့ များ နှင့်လည်း မကြာခဏတိုက်ပွဲဖြစ်ပွားသောကြောင့် ဒေသခံများ စစ်ဘေးစစ်ဒဏ်အလူးအလဲ ခံစားရသည်ဟု ဒေသ အတွင်း လူ့အခွင့်အရေးလှုပ်ရှားသူ လူငယ်များကပြောပါသည်။