ကချင်မှာ အစိုးရတပ် အင်အားတိုး တိုက်ပွဲကြီးမှာကို စိုးရိမ်ကြပြီ

ကချင်မှာ အစိုးရတပ် အင်အားတိုး တိုက်ပွဲကြီးမှာကို စိုးရိမ်ကြပြီ
by -
မဇ္စျိမ

ကချင်ပြည်နယ် ဖားကန့်မြို့နယ်အတွင်းသို့ မြန်မာအစိုးရတပ်ဖွဲ့အင်အား နေ့စဉ် တိုးမြင့်ချလာ သဖြင့် ငြိမ်းချမ်းရေးဆွေးနွေးမလိုလို ဖြစ်နေမှုမှသည် တိုက်ပွဲကြီးများ ပြန်လည် ဖြစ်ပွားလာမည်ကို ဒေသခံများ စိုးရိမ်လာနေကြသည်။

ယခုလ ၁ ရက် နေ့မှစတင်၍ အစိုးရတပ်အင်အား မြစ်ကြီးနား၊ ဖားကန့်ကားလမ်းအတိုင်း အရပ်ဝတ်ဖြင့် လာရောက် ဖြည့်တင်းနေပြီး ဖားကန့်၊ ဆိုင်းတောင်၊ လောန်ခန် စသည့်နေရာများ အပါအဝင် နေရာအနှံ့ အနည်းဆုံး စစ်သား ၅ဝ မှ ၂ဝဝ ကြား ရှိနေသည်ဟု KIA စစ်ဘက်သတင်းရပ်ကွက်က ပြောသည်။

“တရက်နေ့ နှစ်နာရီကနေ အစိုးရတပ် ၆ဝ လောက် ကားနှစ်စီးနံ့ မိုးကောင်းဘက်ကနေ ဖားကန့်ကို တက်လာတယ်။ ဘယ်တပ်ရင်းဆိုတာ မသိသေးဘူး။ အားလုံးအင်အား ဘယ်လောက်ဆိုတာ ခန့်မှန်းရခက်တယ်။ တနေရာမှာ ၅ဝ ကနေ ၂ဝဝ ကြားရှိတယ်။ သူတို့က အရပ်ဝတ်နဲ့ ဒေသခံတွေနဲ့ရောပြီး တက်လာတာ”ဟု KIA တပ်သားတဦးက ပြော သည်။

ယမန်နေ့ကလည်း ရဟတ်ယာဉ်များဖြင့် အစိုးရတပ်ဖွဲ့ အင်အား ၂ဝဝ ထက်မနည်း လက်နက်ကြီးများနှင့် အတူ
ဖြည့်တင်းထားသည်ဟု သိရသည်။

KIA ဘက်မှလည်း မိုးကောင်းမြို့နယ် အထက်ပိုင်းမှ ဖားကန့်၊ လောန်ခန် စသည့် လမ်းတလျှောက်တွင် KIA တပ်သားများ နေရာယူထားပြီး ဖြစ်ပြီး အသင့်အနေအထား တပ်လှန့််ထားသည်ဟု ဆိုသည်။

သြဂုတ်လ ၂၉ ရက်နေ့က နှစ်ဘက်တိုက်ပွဲကြောင့် ဝေအောင်ကမ္ဘာ ကုမ္ပဏီ၏ လောင်စာဆီသိုလောင်ရုံထဲ လက်နက် ကျသဖြင့် ပေါက်ကွဲမှုတခု ဖြစ်ပွားစဉ် အစိုးရဘက်မှ အကျအဆုံး အနည်းဆုံး ၅ဝ ခန့် သေဆုံးနိုင်သည်ဟု KIA ဘက်မှ ခန့်မှန်း ပြောဆိုသည်။

ထို့ကြောင့် အစိုးရတပ်ဖွဲ့နှင့် KIA တိုက်ပွဲ ကြီးထွားလာမည်ကို စိုးရိမ်သဖြင့် ဖားကန့်မြို့ပေါ်ရှိ စစ်ပြေးဒုက္ခသည်အချို့ မြစ်ကြီးနား၊ မိုးကောင်း စသည့် နီးစပ်ရာ မိတ်ဆွေများထံ ထွက်ပြေး တိမ်းရှောင်မှုများ ရှိနေသည်ဟု ဒုက္ခသည်များကို ကြည့်ရှုစောင့်ရှောက်နေသော ကချင်နှစ်ခြင်းအသင်းတော်မှ ဆရာတူးဂျာက ပြောသည်။

ထိုကချင်နှစ်ခြင်း အသင်းတော်တွင် ပြီးခဲ့သည့် ပတ်က စစ်ပြေးဒုက္ခသည် ၈၈၆ ဦးရှိရာမှ မြစ်ကြီးနား၊ မိုးကောင်း စသည့် မိမိတို့၏ နီးစပ်ရာ မိတ်ဆွေများထံသို့ ထွက်ပြေးတိမ်းရှောင်သွားဖြင့် ယခု ရ၇၆ ဦးသာ ကျန်တော့သည်ဟု သူက မဇ္စျိမကို ပြောသည်။

“သူ့နေရာသူတော့ အသင့်အနေအထား ဖြစ်နေတယ်။ ဒေသခံတွေက မှော်တွေမှာ သွားလာလို့ မရတော့ဘူး။ ဘာမှ လုပ်ကိုင်စားသောက်လို့ မရတော့ဘူး။ ကျနော်တို့ဘုရားကျောင်းက မိုးကြီးလာရင်တော့ ပြောင်းရွှေ့ဖို့ ခက်လာမယ်။ ခုတော့ ရေတော့ မကြီးသေးဘူး။ မိုးရွာလည်း ရေ ခုတော့ ပြန်ပြန်ကျသွားတယ်”ဟု သူက ပြောသည်။

ထို့ပြင် လက်ရှိ နှစ်ဖက် တိုက်ပွဲ မဖြစ်သော်လည်း အသင့်အနေအထားရှိနေသဖြင့် ဖားကန့်မြို့ပေါ်ရှိ မှော်များမှ စစ်ပြေး ဒုက္ခသည်များ အစိုးရဘက်မှ တပ်အင်အားပိုမိုတိုးချဲ့လာ သတင်းများအရ သိရကြောင်း NLD ပါတီရုံး တာဝန်ခံ ဦးခင်မောင်ချင်းက ပြောသည်။

“စစ်ရေးကတော့ အင်အားတိုးလာတယ်လို့ဘဲ ကြားတယ်။ မြို့ပေါ် မှော်က လူတွေကတော့ စိုးရိမ်ကြတော့ မြို့ပေါ် စခန်းတွေထဲ ဆင်းလာတော့တာ။ ခုတော့ ဘာမှ လုပ်လို့ မရသေးပါဘူး။ အခုချိန်မှာတော့ မိုးတွင်းလည်း ဖြစ်၊ စစ်ရေးနေရာ ဖြစ်နေတော့ ဘာမှ လုပ်လို့မရပါဘူး”ဟု သူက မဇ္စျိမကို ပြောသည်။

နှစ်ဖက် စစ်ရေးပဋိပက္ခကြောင့် လက်ရှိ ဖားကန့်မြို့ပေါ်တွင် ဒုက္ခသည်စခန်း ၃၄ နေရာမှ စစ်ပြေးဒုက္ခသည်  ၁၂,ဝဝဝ ကျော်ရှိနေပြီ ဖြစ်ကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပြောသည်။

NLD လူမှုအဖွဲ့အစည်းများ ပူးပေါင်း၍ ယခု ခုနှစ်ရက် တပတ်အတွင်း ဆန်၊ ဆီ၊ ဆား စသည့် စားသောက်ကုန်များ အပါအဝင် ငွေကျပ်သိန်းပေါင်း ၃၈ဝ ကျော် လှူဒါန်းပြီး ဖြစ်ကြောင်း သူက မဇ္စျိမကို ပြောသည်။

လက်ရှိ စစ်ပြေးဒုက္ခသည်များ သောက်သုံးရန်အတွက် ချိန်စီတီးနှင့် လပ်ကီးစတား သောက်ရေသန့်စက်ရုံမှ အခမဲ့ လှူဒါန်းပေးနေပြီး ကျန်းမာရေးအတွက် မြို့နယ် ဆရာဝန်ကြီးနှင့်အတူ အဖွဲ့များ ဖွဲ့စည်း၍ ဒုက္ခသည် စခန်းအတွင်းနေ့စဉ် လာရောက် ကြည့်ရှုပေးနေသဖြင့် ကျန်းမာရေး ကောင်းမွန်နေသည်ဟု ဆိုသည်။

လက်ရှိ ဖားကန့်-မြစ်ကြီးနား ကားလမ်းတွင် မြစ်ကြီးနားသို့ အဆင်းလိုင်းကားများ ပုံမှန်သွားလာနေသော်လည်း အတက်လိုင်းကားများအား စစ်ဆေးမှုများသဖြင့် ဖားကန့်မြို့ပေါ် တက်မည့် လိုင်းကားများ သွားလာမှု နည်းပါးသွား သည်ဟု သူက ဆက်ပြောသည်။

ထို့ပြင် ပြီးခဲ့သည့် ရက်သတ္တပတ်တွင် ကချင်ပြည်နယ် အစိုးရအဖွဲ့မှ စစ်ပြေးဒုက္ခသည်များအတွက် ကျပ်သိန်း ၅ဝ လှူဒါန်းခဲ့သဖြင့် အဆိုပါ ဖားကန့်နှစ်ချင်းအသင်းတော်ရှိ စစ်ပြေဒုက္ခသည်များအတွက် ငွေသား ကျပ် သုံးသိန်းကျော် လက်ခံ ရရှိခဲ့သည်ဟု ဆရာဦးတူးဂျာက ပြောသည်။

လက်ရှိ စစ်ပြေးဒုက္ခသည်များအား ဖားကန့်မြို့ပေါ်ရှိ ဘာသာရေးအသင်းအဖွဲ့၊ လူမှုအသင်းအဖွဲ့များ၊ ဗုဒဂေါပကအဖွဲ့၊ NLD ပါတီ၊ မန္တလေးကျော်ဝိုင်း စသည့် လူမှုအဖွဲ့များ လာရောက်လှူဒါန်းနေသည်ဟု သိရသည်။

Most read this week