ထိုင်း-မြန်မာနယ်စပ် တာ့ခ်ခရိုင် မဲဆောက်မြို့ မယ်ပ ၁၀ ရပ်ကွက်ရှိ (M appeal Co,ltd) အထည်ချုပ်စက်ရုံမှ ထိုင်းနိုင်ငံ အလုပ်သမား ဥပဒေအရ တနေ့တာ လုပ်အားခ ၂၂၆ဘတ် ရသော အလုပ်သမား ၃၀၈ ဦးထဲမှ ၁၂ ဦး အလုပ်ဖြုတ်ခံခဲ့ရသည်ဟု သိရသည်။
ယခင် သြဂုတ်လ ၃၁ မှ ယနေ့ စက်တင် ဘာလ ၃ရက်နေ့အထိ ထိုစက်ရုံရှိ အလုပ်သမားခေါင်းဆောင် ကိုပီ တာနှင့်အတူ ကိုရဲမင်းဇော်၊ မနွယ်နွယ်ထွန်း၊ မနှင်းဆီ၊ မမျိုးမမ၊ မဇင်မာ၊ မဆန္ဒာအောင်၊ မကြူကြူဝင်း၊ ကိုမိုး နှောင်း၊ ကိုကျော်မင်းတို့ကို အလုပ်ရှင်က အလုပ်ဖြုတ်ခဲ့ခြင်းဖြစ်သည်ဟု ထိုင်းမြန်မာအခြေစိုက် အလုပ်သမား ရေး လိုက်လံဆောင်ရွက်သည့် မြန်မာပြည်သားများအရေး ပူးတွဲလှုပ်ရှားမှုကော်မတီ (JACBA)က ပြောသည်။
JACBA ၏ တာဝန်ခံ ဦးမိုးကြိုးက “ကိုပီတာကို အလုပ်ရှင်နဲ့ အလုပ်သမားများကြားထဲမှာ ဆက်ဆံရေးပျက်ပြား အောင်နဲ့ စက်ရုံ အလုပ်ရုံပျက်စီးအောင်၊ နောက် အလုပ်မဆင်းဘဲ ခွင့်မတိုင်တာ။ အဲလိုဖြစ်လို့ လေးကြိမ် သတိ ပေးခံရပြီးမှ အလုပ်ဖြုတ်လိုက်တာလို့ အလုပ်ရှင်ဘက်က ပြောတယ်။ ကျန်သူတွေက အလုပ်သက်တမ်း ၄ လ မပြည့်သေးတဲ့အတွက် ထိုင်းဥပဒေ အတိုင်းပဲ အလုပ်ဖြုတ်တာ”ဟု ပြောသည်။
သို့သော် အလုပ်ရှင် ပြောသည့် သတိပေးမှုလေးကြိမ်နှင့် ပတ်သက်၍ လက်မှတ်ထိုးခဲ့ရခြင်း မရှိဟု ကိုပီတာက ပြော ကြောင်း ဦးမိုးကြိုးက ပြောသည်။
ထို့အပြင် အလုပ်ဖြုတ်ခံရသူများကို အလုပ်ပြန်ခန့်ပေးရန်နှင့် အလုပ်ရှင်ဘက်မှ အလုပ်ပြန် မခန့်ပါက အလုပ် သက်တမ်း (၁)နှစ်၊ ၉ လ ရှိသော အလုပ်သမားခေါင်းဆောင် ကိုပီတာအား အလုပ်ဖြုတ်ခဲ့မှုကို နှစ်နာကြေးရရှိ ရန် ရည်ရွယ်ပြီး မဲဆောက်မြို့ရှိ ထိုင်းအလုပ်သမားဝန်ကြီးဌာန တာ့ခ်ခရိုင် အလုပ်သမားကြီးကြပ်ကာကွယ်ရေး ရုံး(ဆဝပ်ဒီကန်)သို့ ယနေ့မနက် ၉နာရီတွင် သွားရောက်အမှုဖွင့်ထားသည်ဟု ဦးမိုးကြိုးက ဆိုသည်။
အလုပ်ဖြုတ်ခံရသူ ကိုပီတာက “ဒီစက်ရုံက အလုပ် သမား ၃၀၈ ယောက်အတွက် ဦးဆောင်ပြီးတော့ နေ့စားခ ၂၂၆ ဘတ် နှစ်လအတွင်း ခံစားလိုက်ရတာကို ကျနော် ကျေနပ်မိတယ်။ အလုပ်ရှင်က ကျနော့်ကို အသိပေးမှု မရှိဘဲ အလုပ်ဖြုတ်လိုက်တဲ့အတွက် ဥပဒေအရ နစ်နာကြေးပြန်ရအောင် လုပ်ဆောင်သွားမယ်”ဟု ဆိုသည်။
ပြီးခဲ့သည့် သြဂုတ်လ ၁၀ရက်နေ့က မဲဆောက်မြို့ ဒီဒီသိုးမွှေးထည်စက်ရုံ၌ အလုပ်သမား ၈ ဦး အလုပ်ဖြုတ် လိုက်မှုအပေါ် အလုပ်သမားအရေးကို လိုက်လံဆောင်ရွက်ပေးနေသည့် JACBA နှင့် (ဆဝပ်ဒီကန်) တာဝန်ရှိသူ များ ပူးပေါင်းဆောင်ရွက်မှုကြောင့် ၎င်းအလုပ်သမားများကို အလုပ်ရှင်က ပြန်လည်ခန့်အပ်ခဲ့သည်။
ထိုင်းနိုင်ငံ မဲဆောက်မြို့ရှိ M Appeal Co,ltd စက်ရုံသည် အလုပ်သမားပေါင်း ၅၀၀ ရှိပြီး အလုပ်သမား ၃၀၈ ဦး သည် မေလ ၁၄၊ ၁၅ ရက်နေ့က ထိုင်းဥပဒေအရ အလုပ်သမားများ နေ့စားခ သတ်မှတ်စံနှုန်း ၂၂၆ ဘတ် ရရှိရန် အလုပ်မဆင်းဘဲ ဆန္ဒပြခဲ့ကြပြီးနောက် ဇွန်လ ၅ ရက်နေ့၌ အလုပ်ရှင်နှင့် အလုပ်သမားကိုယ်စားလှယ် ရ ဦးတို့သည် (ဆဝပ်ဒီကန်)တွင် သဘောတူစာချုပ် ချုပ်ဆိုထားခဲ့ပြီ ဖြစ်သည်။
ယခုအလုပ်သမား အလုပ်သမား အလုပ်ဖြုတ်ခံမှုနှင့် ပတ်သက်၍ ထိုင်း-မြန်မာနယ်အခြေစိုက် ရောင်ခြည်ဦး အလုပ်သမားအဖွဲ့မှလည်း ကူညီဆောင်ရွက်ပေးလျှက်ရှိသည်ဟု သိရသည်