သြစတြေးလျနိုင်ငံသည် ရခိုင်ပြည်နယ်တွင် ဖြစ်ပွါးခဲ့သည့် ပဋိပက္ခများကြောင့် အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ရသည့် လူပေါင်း ၁၄,ဝဝဝ ခန့်အား လိုအပ်မည့် အခြေခံ ပစ္စည်းများ ပေးအပ်နိုင်ရန် ရည်ရွယ်၍ အရေးပေါ် အကူအညီအဖြစ် အမေရိကန် ဒေါ်လာ ၁ သန်းကို မြန်မာနိုင်ငံသို့ ပေးအပ်မည် ဖြစ်သည်။
“အိမ်တွေကို စွန့်ခွါထွက်ပြေးပြီး အခုလောလောဆယ် ယာယီစခန်းတွေမှာ ခိုလှံှုနေကြတဲ့ လူ ၁၄,ဝဝဝ အတွက် အရေးပေါ် အကူအညီအဖြစ် အဝတ်အစား၊ စောင်တွေ နဲ့ တခြား အခြေခံ ပစ္စည်းတွေ ဖြစ်တဲ့ ခြင်ထောင်၊ အိပ်ရာခင်း၊ ဆပ်ပြာလို ပစ္စည်းတွေကို ပေးအပ် ကူညီဖို့ ဖြစ်ပါတယ်” ဟု သြစတြေးလျ နိုင်ငံခြားရေးဝန်ကြီး ဘော့ဘ်ကား Bob Carr က ဆိုသည်။
ပဋိပက္ခအတွင်း ပျက်စီးသွားခဲ့သည့် သီးနှံပင်များအား ပြန်လည် အစားထိုး စိုက်ပျိုးရန် အတွက် မျိုးစေ့များနှင့် မြေသြဇာများကိုလည်း ပေးအပ်ကူညီသွားမည် ဖြစ်သည်။
အဆိုပါ အကူအညီ ငွေကြေးများအား CARE Australia က စီမံခန့်ခွဲမည် ဖြစ်ပြီး လိုအပ်နေသူများအား လူမျိုးစွဲ အုပ်စုစွဲ မထားဘဲ ပေးအပ်ကူညီ သွားမည်ဟု ဝန်ကြီး ဘော့ဘ်ကား က ဆိုသည်။
အကြမ်းဖက်မှုများအား စုံစမ်းစစ်ဆေးရန်အတွက် မြန်မာအစိုးရက လွတ်လပ်သည့် ကော်မရှင်တရပ် ဖွဲ့စည်းခဲ့ခြင်း ကိုလည်း Bob Carr က ကြိုဆိုလိုက်သည်။
“မြန်မာနိုင်ငံရဲ့ ဘာသာရေး၊ လူမျိုးရေး တင်းမာမှုတွေ အကြောင်းကို သမ္မတ ဦးသိန်းစိန်နဲ့ ဇွန်လမှာ စကားပြောဆိုခဲ့ တုန်းက ကျနော် တိုက်ရိုက် ဆွေးနွေးပြောဆိုခဲ့ပါတယ်။ ကျနော်တို့ရဲ့ မြန်မာနိုင်ငံဆိုင်ရာ သံအမတ်ကိုလည်း အဲဒီအရေးကို မြန်မာအစိုးရနဲ့ ဆက်လက် ပြောဆိုဆွေးနွေးဖို့ ညွှန်ကြားထားပါတယ်” ဟု ဆိုသည်။
ရခိုင်ပြည်နယ် အတွင်းရှိ၊ အိုးအိမ်စွန့်ခွာပြေးခဲ့ရသော ဒုက္ခသည်များအား အခြေခံ အစားအစာများနှင့် ကျန်းမာရေးစောင့်ရှောက်မှု ဆိုင်ရာ အကူအညီများ ထပ်မံ ပေးအပ် ကူညီရန် အတွက်လည်း သြစတြေးလျ က နိုင်ငံတကာ အသိုင်းအဝိုင်းအား တိုက်တွန်းခဲ့သည်။