ထိုင်းနိုင်ငံမြောက်ပိုင်း ချင်းရိုင်းခရိုင် မယ်ဖှာ့လုံမြို့နယ်မှ တဆင့် ထရပ်ကားတစီး အပြည့်တင်ထားသည့် လက်နက်များအား ထိုင်းဘုရင့်ရဲတပ်ဖွဲ့က ဖမ်းဆီး လိုက်သည်ဟု ဆိုသည်။
“အခုကားက ထိုင်းနိုင်ငံ သစ်တောဌာနက ကားဘဲ။ ဟင်တက် (ခေါ် ) ထက်ထိုင်းရွာမှာ ထိုင်းမှုခင်းနှိမ်နင်း ရေးရဲက ဖမ်းဆီးလိုက်တာ။ ၀ တပ်ဖွဲ့ဆီ ပို့မယ်လို့ ပြောတယ်” - ဟု အမည်မဖေါ်လိုသည် နယ်စပ်နေရပ်ရွာ အကြီးအကဲတဦးက ပြောပါသည်။
ယနေ့ ဩဂတ်စ် ၃၁ ရက်နေ့ နံနက် ၈ နာရီ ၌ ထိုင်းနိုင်ငံရဲတပ်ဖွဲ့က ထိုင်းသစ်တောထိန်းသိမ်းရေးပိုင် ထရပ့် ကားကြီးတစီးအား ထိုင်းမှုခင်းနှိမ်နှင်းရေး ရဲတပ်ဖွဲ့က သတင်းအရ တားစီးစစ်ဆေးရာမှာ လက်နက်မျိုးစုံ အပြည့်တင်ဆောင်ထားသောကြောင့် ထိန်းသိမ်းလိုက်ကြောင်း၊ အဆိုပါလက်နက်များအား UWSA ၏ ဟိုမယ်ခမ်း (ဝမ့်မိုင်ရွာ) တပ်စခန်းထံ ပို့ဆောင်ပေးမည်ဟု လက်နက်များနှင့်အတူ ထိန်းသိမ်းခံထားရသည့် အသက် ၃၆ နှစ်စီ ရှိ ထိုင်းအမျိုးသားနှစ်ဦး သူက ဝန်ခံကြောင်း - ထိုင်းလုံခြုံရေးတပ်ဖွဲ့နှင့် နီးစပ်သူတဦးက ပြောပါသည်။
“ဟိုမယ်ခမ်း ဆိုတာက ကျနော်တို့ RCSS/SSA ၏ အမှတ် ၁ (ကျိုင်းတုံ)စစ်ဒေသ ဌာနချုပ် လွယ်ကော်ဝမ်းရဲ့ အနောက်ဘက်မှာဘဲရှိတာ။ သိပ်မဝေးဘူး။ ဟိုကိုသွားရင် ကျနော်တို့ ဌာနချုပ် အနီးကဘဲ ဖြတ်သန်းသွားရ တယ်လေ။ ထိုင်းဘက်ခြမ်းပေါ့။ အဲဒီ လက်နက်ဖမ်းမိတဲ့ ကိစ္စက ကျနော်တို့နဲ့ မပတ်သက်ဘူး။ ဖမ်းမိတယ် ဆိုတာဘဲကြားရတယ်” - ဟု SSA တပ်မှူး ဗိုလ်မှူးကြီးကွဏ်းဇင့်က ပြောပါသည်။
ပြီးခဲ့သည့် ဂျွန်လ ၂၅ က ထိုင်းနိုင်ငံမယ်ဆိုင်မြို့ ပုံဖာရပ်ကွက်၌လည်း ထိုင်းနိုင်ငံ မယ်ဆိုင်မှုခင်းနှိမ်နင်းရေး ရဲတပ်ဖွဲ့က အာပီဂျီ လောင်ချာ (၁၂) လက်၊ အေကေ (၄၇) မောင်းပြန်ရိုင် ဖယ်(၁၇) လက်၊ အမ် (၇၉) လောင် ချာ (၁၂) လက်၊ အမ် ၁၆ မောင်းပြန် ရိုင်ဖယ် (၆) လက်၊ အာပီဂျီ ဗုံးသီး (၉)လုံး သိမ်းဆည်းရမိခဲ့ပါသေးသည်။ အဆိုပါလက်နက်များအား မယ်ဆိုင်တဘက်ကမ်း တာချီလိတ်မြို့နယ်အတွင်းရှိ ပြောင်းဖူးခြံတခြံဆီသို့ ပို့ဆောင်မည်ဟု လက်နယ်သယ်ဆောင်သူ မစ္စတာဆဝမ် ကျိုင်ကယောက် က ထွက်ဆိုသည်။