သမ္မတ၏ ညွှန်ကြားချက်အား မလိုက်နာဘဲ ကချင်ပြည်နယ်တွင် ထိုးစစ်များ ဆင်နွှဲလျက်ရှိသည့် အစိုးရ ရှေ့တန်းတပ်များကို “ထိရောက်စွာ အရေးယူပေးရန်” ကချင်အဖွဲ့့အစည်းများက တောင်းဆိုလိုက်ကြသည်။
ဗုဒ္ဓဟူးနေ့က ထုတ်ပြန်လိုက်သည့် ကချင် အဖွဲ့အစည်း ၁၁ ဖွဲ့၏ ကြေညာချက်တွင် “KIO/KIA တပ်စခန်းများကို ဦးတည်ပြီး ရှေ့တန်းစစ်မျက်နှာတွင် တပ်ရင်းပေါင်း ၈၀ ကျော်တို့၏ မတရား ထိုးစစ်ဆင် တိုက်ခိုက်မှုကြီး များကို ချက်ချင်းရပ်တန့်ပေးရန်” တောင်းဆိုလိုက်သည်။
ထိုးစစ်များ မဆင်နွှဲရန် ၂၀၁၁ ခုနှစ်၊ ဒီဇင်္ဘာလ ၁၀ ရက်နေ့က သမ္မတ ဦးသိန်းစိန်က ညွှန်ကြားထား သော်လည်း ထိုးစစ်များ ပြင်းထန်လာနေကြောင်း ထိုင်းနိုင်ငံ အခြေစိုက် ကချင် ကျောင်းသား လူငယ်များ သမဂ္ဂ (AKSYU) အထွေထွေ အတွင်းရေးမှူး ကိုနော်ဆန့် က ပြောသည်။
“ထိုးစစ်ကတော့ ပိုပိုပြီး ဆင်လာတဲ့ အနေအထားရှိတယ်။ အဲဒါကို သမ္မတအနေနဲ့ ဆောင်ရွက်ပေးဖို့ လိုတယ်။ ညွန်ကြားချက် မလိုက်နာရင် ဘယ်လို လုပ်မလဲ။ ဘယ်လို အရေးယူဆောင်ရွက်သွားမလဲ၊ ဘယ်အတိုင်း အတာ၊ ဘယ်အချိန်ကာလထိ ဒါကို ခွင့်ပြုဦးမှာလဲဆိုတာ စနစ်တကျနဲ့ သေသေချာချာ ထိထိရောက်ရောက် အရေးယူဖို့ လိုလာတာပေါ့” ဟု မဇ္စျိမကို ပြောသည်။
ကချင် အမျိုးသားအစည်းအရုံး (KNO)၊ ကချင် အမျိုးသမီးအစည်းအရုံး (KWAT)၊ ကချင် သတင်းဌာန (KNG)၊ ကချင် လူမှုဖွံ့ဖြိုးရေးကွန်ယက် KDNG၊ ကချင် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးအဖွဲ့ KEO တို့ အပါအဝင် ကချင် ၁၁ ဖွဲ့တို့ ပူးပေါင်း၍ ထုတ်ပြန်လိုက်ခြင်းဖြစ်သည်။
ပြည်တွင်းစစ်၏ အရင်းခံပြဿနာများကို ကချင်လွတ်လပ်ရေးအဖွဲ့ KIO နှင့် အစိုးရအကြား “စစ်မှန်သော နိုင်ငံရေး တွေ့ဆုံဆွေးနွေးခြင်းဖြင့်” အဖြေရှာရန်လည်း တိုက်တွန်းထားသည်။
လူ့အခွင့်အရေးချိုးဖောက်မှုများအား စုံစမ်းရေးကော်မရှင်ဖွဲ့၍ စစ်ဆေးဖော်ထုတ်ရန်လည်း ကုလသမဂ္ဂနှင့် နိုင်ငံတကာအသိုင်းအဝိုင်းသို့ တောင်းဆိုထားသည်။
စစ်ပြေးဒုက္ခသည် ၉၀,၀၀၀ ကျော်အတွက် ကုလမှ အကူအညီများပေးနိုင်ရေး အစိုးရနှင့် ညှိနှိုင်းဆောင် ရွက်ကာ ကချင်အဖွဲ့အစည်းများနှင့်လည်း ပူးပေါင်းဆောင်ရွက်ရန်လည်း တောင်းဆိုကြသည်။
“ကုလသမဂ္ဂ အနေနဲ့တော့ လက်ရှိ အခြေအနေထိ ကချင်အဖွဲ့အစည်းတွေနဲ့ ပူးပေါင်းဆောင်ရွက်မှု တော်တော် အားနည်းနေတယ်။ မရှိသလောက်ပဲ။ ဒုက္ခသည်တွေရဲ့ လိုအပ်တဲ့ ကူညီထောက်ပံ့မှုဆိုင်ရာ ဥပမာ တရုတ် အစိုးရနဲ့ ဆက်စပ်ပြီး ဆောင်ရွက်တာမျိုးတွေလည်း လုံးဝမရှိသလောက် တွေ့နေရတဲ့ အနေအထား ဖြစ်နေတယ်” ဟု ထုတ်ပြန်ကြေညာချက်အတွက် ပြောရေးဆိုခွင့်ရှိသူ ကိုနော်ဆန့် က ပြောသည်။
တရုတ်နယ်စပ်ရှိ ယာယီဒုက္ခသည်စခန်းတွင် နေထိုင်နေသော စစ်ပြေးဒုက္ခသည်များအား အတင်းအဓမ္မ မောင်းထုတ်နေခြင်းမှ ရပ်တန့်ပြီး အကူအညီများ ပေးရန် တရုတ်အာဏာပိုင်များအား ကချင်အဖွဲ့များက တောင်းဆိုထားသည်။