လွှတ်တော်နှင့် အခြေခံဥပဒေခုံရုံး အငြင်းပွားမှု စုံစမ်းစစ်ဆေးမည်

လွှတ်တော်နှင့် အခြေခံဥပဒေခုံရုံး အငြင်းပွားမှု စုံစမ်းစစ်ဆေးမည်
by -
မဇ္စျိမ

ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ ခုံရုံးနှင့် လွှတ်တော်နှစ်ရပ်အကြား ငြင်းခုန်နေသည့် လွှတ်တော်ရေးရာအဖွဲ့များ အဆင့်သတ်မှတ်မှုနှင့်ပတ်သက်၍ စုံစမ်းစစ်ဆေးရေးအဖွဲ့တခုကို ဗုဒ္ဓဟူးနေ့တွင် အောက်လွှတ်တော်က ဖွဲ့စည်းလိုက်သည်။

“ကျနော်တို့ အဓိက လုပ်ရမယ့် တာဝန်ကတော့ အခုဖြစ်နေတဲ့ ပြဿနာတွေရဲ့ အဖြစ်မှန်ကို ဖော်ထုတ်ရမှာ ပါပဲ” ဟု စုံစမ်းစစ်ဆေးရေး အဖွဲ့ဝင်တဦးဖြစ်သော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ပြည်သူ့လွှတ်တော်အမတ် ဦးဝင်းထိန် က မဇ္စျိမကို ပြောသည်။

အထက်လွှတ်တော် အမတ် ၁၆၃ ဦးကလည်း စုံစမ်းစစ်ဆေးရေးအဖွဲ့ ဖွဲ့စည်းခြင်းကို ထောက်ခံအတည်ပြု ကြောင်း ဗုုဒ္ဓဟူးနေ့တွင် အောက်လွှတ်တော် ဥက္ကဋ္ဌသိုု့ သဝဏ်လွှာ ပေးပိုု့ခဲ့သည်။

စက်တင်္ဘာလ ပထမ သီတင်းပတ်အတွင်း စုံစမ်းစစ်ဆေးမှုများ စတင်လုပ်ဆောင်မည် ဖြစ်သော်လည်း ဆောင်ရွက်မည့်ကိစ္စများနှင့် ပတ်သက်၍ အသေးစိတ် ဆွေးနွေးမှု မပြုရသေးကြောင်း ဦးဝင်းထိန် က ပြောသည်။

စုံစမ်းရေးအဖွဲ့တွင် အောက်လွှတ်တော် ဒု-ဥက္ကဋ္ဌ ဦးနန္ဒကျော်စွာ က ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်မည်ဖြစ်ပြီး ဦးဝင်းထိန်၊ ဦးဝင်းမြင့်၊ ဦးတီခွန်မြတ်၊ သူရဦးအောင်ကို၊ ဒေါက်တာစိုးရင်၊ ဦးသောင်း၊ ဒေါ်ဒွဲဘူ၊ ဦးမောင်မောင်ဦး၊ ဒေါ်နန်းဝါနု၊ ဦးဘရှိန်၊ ဒေါ်မိမြင့်သန်း၊ ဒေါ်တင်နွယ်ဦး၊ ဒေါ်နန်းစေးအွာ နှင့် ဦးစိုးဝင်းတို့က အဖွဲ့ဝင်များအဖြစ် ပါဝင်သည်။

ဗုုဒ္ဓဟူးနေ့က အထက်လွှတ်တော်တွင် အခြေခံဥပဒေခုံရုံးအပေါ် စွပ်စွဲပြစ်တင်သော ဆွေးနွေးပွဲ ပြုလုပ်ရာ အခြေခံဥပဒေခုံရုံး ဥက္ကဋ္ဌ ဦးသိန်းစိုုးလည်း ပါဝင် ဆွေးနွေးခဲ့သည်။

ခုံရုံး ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များသည် အခြေခံဥပဒေ ပြဋ္ဌာန်းချက်ကိုု ဖောက်ဖျက်ကျူးလွန်ပြီး တာဝန်ကျေပွန် အောင် ထမ်းဆောင်ခြင်းမရှိကြောင်း အဆိုကို အာဏာရ ကြံ့ခိုု်င်ရေးပါတီမှ အထက်လွှတ်တော်အမတ် ဦးဇော်မြင့် က တင်သွင်းခဲ့ခြင်းဖြစ်သည်။

ဦးသိန်းစိုးက ယခုကဲ့သို့ လွှတ်တော်များ၏ လုပ်ဆောင်ချက်များနှင့် ပတ်သက်၍ “ဥပဒေပြုရေးကဏ္ဍက တရားစီရင်ရေးကို လွှမ်းမိုးစွက်ဖက်ခြင်း ဖြစ်ကြောင်း” ထည့်သွင်း ပြောကြားသွားသည်။ အခြေခံဥပဒေခုံရုံးကို အပြစ်တင်နေခြင်းဖြင့် အခြေခံဥပဒေကိုု “တန်ဖိုုးမဲ့အောင်” ဆောင်ရွက်နေခြင်းဖြစ်ကြောင်းလည်း ပြန်လည်ပြစ်တင်သွားသည်။

အခြေခံဥပဒေခုံရုံး၏ ဆုံးဖြတ်ချက်ကို လွှတ်တော်များက မလိုက်နာသည့်အတွက် အခြေခံဥပဒေကိုုချိုးဖောက် နေ ခြင်းဖြစ်သည်ဟု စွပ်စွဲကာ ပြည်ထောင်စု တရားလွှတ်တော်ထံ စာချွန်တော် လျှောက်တင်ထားကြောင်း ခုံရုံး၏ အင်တာနက် ဝဘ်ဆိုက်တွင် ထုတ်ပြန်သည်။

Most read this week