အစိုးရတပ်များ ဖားကန့်ရှိ ကျေးရွာ ၁၁ ရွာရှိ ဒေသခံများအား တိမ်းရှောင်ရန် သတိပေးကြေငြာ

အစိုးရတပ်များ ဖားကန့်ရှိ ကျေးရွာ ၁၁ ရွာရှိ ဒေသခံများအား တိမ်းရှောင်ရန် သတိပေးကြေငြာ
by -
ကချင်သတင်းဌာန

ကချင်ပြည်နယ် ဧရာမကျောက်စိမ်းတူးဖော်ရာဒေသဖြစ်သော ဖားကန့်မြို့ရှိ ကျေးရွာ ၁၁ ရွာကို မြန်မာအစိုးရ တပ်ဖွဲ့များမှ အသံချဲ့စက်အသုံးပြုကာ မိမိနေအိမ်မှ ပစ္စည်းများတစ်ခု မကျန် သိမ်းဆည်းကာပြောင်းရွှေ့ သွားရန် ယနေ့မနက်တွင် လိုက်လံသတိပေးပြောဆိုခဲ့ကြောင်း ဒေသခံများပြောသည်။

တိုက်ပွဲများကြောင့် ဖါးကန့်မှ ထွက်ခွာရန် ကြိုးပမ်းနေသည့် ကုမ္ပဏီ စက်ယန္တယားများ။

သြဂုတ်လ ၂၇ ရက်နေ့တွင် တိုက်ပွဲများပြင်းထန်စွာဖြစ်ပွားပြီးနောက် အစိုးရတပ်များမှ ဖားကန့်မြို့နယ်တွင်း မှော်မောင်းလယန်၊ မှော်မောင်ကုန်း၊ အင်ဗလခ၊ တောင်ပြို၊ မျောက်ဖြူ၊ ရှရော်ခ၊ ဆိုင်းဂျာဘွမ်၊ မနား၊ ကလောမှော်၊ ပီကျောင်၊ မှော်ဝမ်းကလေး စသည့်ကျေးရွာရှိဒေသခံများအား ပြောင်းရွှေ့ရန် သတိပေးခဲ့ခြင်း ဖြစ်ကြောင်း ဖားကန့်ဒေသခံတစ်ဦးပြောသည်။

“ဒီမနက် ၁ နာရီလောက်မှာ အဲလိုပြောတော့ ၂ နာရီခန့်ကတော့ ပစ္စည်းတွေသိမ်းပြီး တစ်ရွာလုံးက လူတွေ ပစ္စည်းတွေတင်ပြီးပြောင်းနေကြတယ်။ အခု ကျနော်တို့ ဖားကန့်မြို့ ငှက်ပျောတော ခရစ်ယာန်ဘုရား ကျောင်းမှာ ရောက်နေတယ်။ ကျနော်တို့ရွာကတော့ အများပိုင်းက တနင်္ဂနွေနေ့က ပြောင်းပြီလေ။ ဒါပေမဲ့ အကုန်ပြောင်းတာက ဒီမနက်ပဲ။ ရွာမှာက ကျေးရွာကော်မတီ ၅ ယောက် ထက်ကျော်ပြီး မနေရဘူးတဲ့” ဟု မှော်မောင်းလယန်မှ ဒေသခံ တစ်ဦးကပြောသည်။

ယခုလို အစိုးရတပ်နှင့် ကချင်လွတ်မြောက်ရေးတပ် KIA နှစ်ဖက်စစ်ရေးအရှိန်မြင့်နေချိန် မြန်မာအစိုးရတပ်မှ ထိုသို့ ကျေးရွာများအား ပြောင်းရွှေ့ကြရန် ပြောဆို သတိပေးခြင်းသည် မကြာမီ ထိုးစစ်ဆင်တိုက်ပွဲများ ပိုမိုပြင်းထန်လာမည့် အလားအလာရှိကြောင်း ဖားကန့်ဒေသခံများ သုံးသပ်ပြောဆိုနေကြသည်။

လတ်တလောတိုက်ပွဲများတွင် အစိုးရတပ်များ အင်အားများထပ်မံတိုးချဲ့တိုက်ခိုက်နေပြီး ရဟတ်ယာဉ်များ လည်းအသုံးပြုလာကြောင်း KIO သတင်းအရသိရသည်။

တိုက်ပွဲကြောင့် သြဂုတ်လ ၁၉ ရက်နေ့မှစ၍ ဖားကန့်ရှိကျေးရွာများဖြစ်သော မှော်မောင်းလယန်၊ တောင်ပြို၊ ဗလခ၊ မျောက်ဖြူ၊ ရှရော်ခ၊ ဆိုင်းဂျာဘွမ်၊ ဆွတ်နန်ကောင်၊ စဗိခူး၊ မော်ဝမ်းကြီး၊ မော်ဝမ်းကလေး၊ မော်မောဘွမ်၊ မနားချောင်း၊ ကလောမှော်၊ ပီကျောင် စသည့်ကျေးရွာများမှ ဒေသခံစစ်ပြေးဒုက္ခသည်များသည် လုံခြံုရာ ဖားကန့်မြို့ပေါ်သို့့ ထွက်ပြေးတိမ်းရှောင်လာကြသည်။

ထိုသို့ထွက်ပြေးတိမ်းရှောင်လာသော ဒုက္ခသည်များသည် ထပ်၍တိုးလာနေသောကြောင့် ယခုချိန်တွင်  ဒုက္ခသည်ပေါင်း ၆၀၀၀ ကျော်ရှိနေပြီး ၄င်းတို့အတွက် အရေးပေါ်ကူညီထောက်ပံ့များလိုအပ်နေကြောင်း ဒုက္ခသည်များအား ကူညီပေးသူများပြောသည်။

ယခုချိန်တွင် ဒုက္ခသည်များကို အသင်းတော်များနှင့် ကျောက်ကုန်သည် လောပန်းအချို့ ကူညီနေပြီးအကူ ညီမှုများဆက်လက်လိုအပ်နေချိန်တွင် နောက်ထပ် ကျေးရွာ ၁၁ ရွာမှ ဒေသခံများကို တိမ်းရှောင်သွား ကြရန် အစိုးရစစ်တပ်မှ လိုက်လံသတိပေးခဲ့ခြင်းဖြစ်သည်။

ဖားကန့်ဒေသသည် အဖိုးတန်ကျောက်စိမ်းများ ထွက်ရှိရာ ဒေသဖြစ်ပြီး မြန်မာနိုင်ငံအတွက်ဝင်ငွေအကောင်း ဆုံးရရှိသောဒေသလည်းဖြစ်ကာ တူးဖော်ရရှိသောကျောက်များကို ရန်ကုန်မြို့တွင်လည်း ကျောက်မျက်ရတနာ အရောင်းပြပွဲများ နှစ်စဉ်ကျင်းပလေ့ပြီး တနှစ်လျှင် အမေရိကန်ဒေါ်လာ သန်းချီဝင်ရရှိသောနေရာဖြစ်ကြောင်း သိရသည်။

Most read this week