ကရင်နီပြည်နယ် ရှားတောမြို့ပြည်သူ့ဆေးရုံမှ ဆရာဝန်ပြောင်းရွှေ့သွားပြီဖြစ်၍ နောက်ထပ် တာဝန်ကျသည့် ဆရာဝန်ရောက်မလာသဖြင့် ယခုချိန်အထိ ဆရာဝန်မရှိသေးဘူးလို့ သိရပါတယ်။
ယခင်ဆရာဝန်ကြီး အပြောင်းအရွေ့ မလုပ်မှီအချိန်ကတည်းကပင် လာမည့်တာဝန်ကျ ဆရာဝန်အသစ် နာမည်ကျလာပြီး ဖြစ်ပါတယ်။
တာဝန်ကျဆရာဝန် ရောက်မလာခြင်းကြောင့် ဆေးရုံမှာ ဆရာဝန်လစ်လပ်နေတာ နှစ်လကျော်ရှိသွားပြီလို့ သိရပါတယ်။
ရှားတောမြို့မှ ဆရာမ တဦးက “ဆရာဝန်ကအစကတည်းက အရင်ဆရာဝန် မပြောင်းခင် ကတည်းက ဆရာဝန်အသစ်နာမည်က ကျလာပြီးသားပါ။ အဲဒါကို မလာချင်လို့ မလာနိုင်သေးတာနေမှာပါ။ အခုထက်ထိမလာသေးပါဘူး” လို့ ပြောပါတယ်။
ရှားတောမြို့ပေါ်မှာ နေတဲ့သူတွေက အရေးပေါ်လူနာဆိုလျှင် လွိုင်ကော်မြို့ဆေးရုံမှာ သွားရောက်ကုသ နေကြရပါတယ်လို့ ရှားတောဆေးရုံမှ တာဝန်ထမ်းဆောင်နေတဲ့ ကျန်းမာရေးလုပ်သားတဦးက ပြောပါတယ်။
“လူနာကဒီမနေ့ဘဲ ဆင်းသွားပါတယ်။ သတိမေ့နေတာအဲဒါနဲ့ လွိုင်ကော်ဆေးရုံပို့ဖို့ ဦးဌေးရယ်ကားကို လမ်းဆက်သွယ်လိုက်ပြီးပြီ လာကြိုမှာပါ” လို့ ပြောပါတယ်။
ဖျားနာနေကြတဲ့ လူနာတွေကတော့ ရှားတောမြို့ထဲက သူနာပြုဆရာမတွေ နဲ့ ကျန်းမာရေးလုပ်သားတွေရဲ့ အိမ်တွေမှာလာပြီး ဆေးကုသနေကြတာကိုတွေ့ ရပါတယ်။
ဆေးရုံမှာတော့ လူနာတွေတယောက်မှ မရှိပါဘူး။ ရှားတောမြို့က လမ်းပန်းဆက်သွယ်ရေးခက်ခဲပြီး ကရင်နီပြည်နယ်မှာ လူသူသွားလာမှုအနည်းဆုံးမြို့လည်းဖြစ်ပါတယ်။