စစ်ပြေးဒုက္ခသည်များဟာ ငြိမ်းချမ်းရေးအတွက် အစမ်းသပ်ခံ သတ္တဝါ များမဟုတ်

စစ်ပြေးဒုက္ခသည်များဟာ ငြိမ်းချမ်းရေးအတွက် အစမ်းသပ်ခံ သတ္တဝါ များမဟုတ်
by -
သျှမ်းသံတော်ဆင့်

အပစ်ရပ်အဖွဲ့များရဲ့ ပြန်လည်နေရာချထားရေး၊ ထူထောင်ရေးအတွက် နယ်စပ်နေဒုက္ခသည်တွေကို ပြည်တွင်း ပြန်ပို့မယ့်အရေးမှာ နော်ဝေအစိုးရရဲ့  Myanmar Peace Support Initiative(MPSI) အဖွဲ့က တိုက် ရိုက် အကူအညီပေးသွားမယ်လို့ ငြိမ်းချမ်းရေးဖော်ဆောင်ရေးလုပ်ငန်း ဆောင်ရွက်နေတဲ့ကာလမှာ သတင်း တွေ ထွက်ပေါ်နေပါတယ်။

   လွန်ခဲ့တဲ့ ဂျူလိုင်လက ထိုင်း-နယ်စပ် ချင်းမိုင်ခရိုင် ဝိန်းဟိုင်မြို့နယ်မှာရှိတဲ့ ကုန်းကျော်ဒုက္ခသည်စခန်းက ဒုက္ခသည်တွေက မုံးထားကို မပြောင်းရွှေ့ချင်ဘူးလို့  နော်ဝေးနိုင်ငံက အလှူရှင်ကိုယ်စားလှယ်တွေကို ပြောခဲ့တဲ့ကိစ္စနဲ့ ပတ်သက်ပြီး စစ်ပြေးဒုက္ခသည်များဟာ ငြိမ်းချမ်းရေးအတွက် အစမ်း သပ်ခံ သတ္တဝါ များမဟုတ်တဲ့အတွက် စစ်မီးထဲ့ ပြန်မပို့ဖို့ သျှမ်းလူထုအဖွဲ့အစည်းတွေကနေ ထုတ်ပြန် ကြေငြာချက် တစောင် ထုတ်ပြန်ခဲ့ပါတယ်။ ဩဂတ်စ်လ ၂၇ ရက်နေ့က ကြေငြာချက်ထုတ်ပြန်ခြင်း သတင်း စာရှင်းလင်းပွဲကိုလည်းထိုင်းနိုင်ငံချင်းမိုင်မြို့မှာ ပြုလုပ်ခဲ့ရာမှာ ကြေငြာချက်ထုတ်ပြန်ရခြင်း အကြောင်းရင်း နဲ့ ဒုက္ခသည်များ ဘက်က ရင်ဆိုင် နေရတဲ့အခက်အခဲတွေပါတဲ့အကြောင်းအစုံအလင်ကိုသိရအောင် အဖွဲ့ရဲ့ တာဝန်ရှိသူတဦးဖြစ်တဲ့ စိုင်းခေးဆိုင် ကို သျှမ်းသံတော်ဆင့်က  တွေ့ဆုံမေးမြန်းထားပါတယ်။

simina_kongjor_refugees_1
မေး။    ။ ဘာကြောင့်  ကုန်းကျော် ဒုက္ခသည်စခန်းက ဒုက္ခသည်တွေကို မုံးထားကို  မပို့ဖို့ကြေငြာချက်ထုတ်ပြန် ရတာလဲ။

ဖြေ။    ။ နယ်စပ်မှာနေတဲ့ဒုက္ခသည်တွေဟာ ပြည်တွင်းစစ်မီးကိုရှောင်ပြေးလာတဲ့လူတွေဖြစ်တယ်။ မုံးထားဒေသခံတွေ မဟုတ်ပါဘူး။ သူတို့ကိုပြည်တွင်းပြန်ပို့ရင် နောက်တကြိမ် နောက်တခါ ဒုက္ခထပ်တွေ့မှာ စိုးလို့ ပ။ ကနေ့အခြေအနေ အရ မြန်မာပြည်တွင်းက နိုင်ငံရေးအခြေအနေဟာလည်း တည်ငြိမ်းအေးချမ်းတဲ့ အခြေအနေ မရှိသေး ပါဘူး။ ဒါကြောင့်  နိုင်ငံတော်အေးချမ်းမှုရဲ့နောက်ဆက်တွဲတွေဖြစ်တဲ့ စီးပွါးရေးတောင့် တင်း ခိုင်မာခြင်း လည်း မရှိ၊ လူနေမှုဘဝ တိုးတက်မြင့်မားခြင်းလည်းမရှိသေးတာကြောင့် ဒီဒုက္ခသည်တွေ နေရပ်ပြန်ပို့ဖို့ အချိန်မတန် သေးဘူးလို့ ကျနော်တို့ ပြောဆိုရခြင်းဖြစ်ပါတယ်။

မေး။    ။ ဒီသတင်းစာရှင်းလင်းပွဲက ပြောဆိုသွားမှုအပြင် ဘယ်လို တိုက်တွန်းချက်တွေထပ်ပေး ချင်သလဲ။

ဖြေ။    ။ ဘာဘဲလုပ်လုပ် လူထုဘက်က နေကြည့်စေချင်ပါတယ်။ ကျနော်တို့လူထု ဘယ်လိုကောင်း ကျိုးခံ စား ရမလဲ။ ဒုက္ခသည်တွေကို ပြည်တွင်းပြန်ပို့ရင် နိုင်ငံရေးအခြေအနေ ပြောင်းလဲလာမှာလား။ မပို့ရင်ကော ပြောင်းလဲမလား။ ဘယ်သူမှအာမခံချက်မပေးနိုင်ဘူး။ နိုင်ငံတော်အစိုးရအနေနဲ့လဲ ဒုက္ခသည်တွေကို နေရပ် ပြန်နေစေချင်ရင် နိုင်ငံရေးအာမခံချက်ပေးနိုင်တဲ့အနေအထိ လုပ်ပေးရမှာပေါ့။ အခွင့်အရေးကိုလည်း ပေးရမှာပေါ့။ လယ်သမားတယောက်ဟာ သူလုပ်နေတဲ့လယ်ကွက်တကွက်ကိုတော့ ပိုင်ဆိုင်သင့်တာပေါ့။ သူ့မှာ လယ်ကွက်မပိုင်ဘူးဆိုရင် တောထဲသွားရှာစားရမယ်။ တောထဲမှာ လက်နက်ကိုင်တပ်ဖွဲ့တွေနဲ့တွေ့ရင် သူတို့တောင်းတာပေးရမယ်။ နောက်ပြီးတောထဲမှာ ဗုံးတွေမိုင်းတွေနင်းမိရင်လဲ ကိုယ်ဘဲသေမယ်။  ဒီဟာတွေ အတွက်အာမခံချက်ဘယ်သူပေးနိုင်မှာလဲ။   ဝမ်းရေးတောင်လည်ပတ်လို့မရဘူးဆိုတဲ့အချိန်မှာ သူတို့ခလေး တွေအတွက် ဘယ်ကပိုက်ဆံနဲ့ ပညာရေးဘက်မှာထောက်ပံ့ပေးမှာလဲ။ သူတို့နေထိုင်မကောင်းလာရင် ဘယ်ကဆေးနဲ့ကုမှာလဲ။ ဘယ်ဆေးရုံကို တင်ရမလဲ။ ဒီဟာတွေအတွက် သူတို့ကိုအာမခံချက်ပေးနိုင်ပြီလား ဆိုတာ စဉ်းစားသင့်တယ်။ တိုက်ပွဲတွေရပ်တန့်ပြီဆိုတဲ့ အာမခံချက်ပေးနိုင်မှ ဒုက္ခသည်တွေကို ပြည်တွင်း ပြန်ပို့စေချင်တယ်။ ဘာကြောင့်လဲဆိုတော့ ကမ္ဘာဆီက မျက်နှာရအောင်၊ စီးပွါးရေးဘက်မှာမျက်နှာသာရ အောင် ငြိမ်းချမ်းရေးဖော်ဆောင်ရေးမှာ ဒီစစ်ပြေးဒုက္ခသည်တွေကို အစမ်းသပ်ခံသတ္တဝါ၊ မျက်နှာပြဖို့ သက်သက်  အသုံးချခံရတဲ့ဘဝ မဖြစ်စေချင်ဘူး။ သူတို့တွေဟာ လူသားတွေ်ဖြစ်တယ်။ သူတို့တွေဟာ နိုင်ငံသား တွေ်ဖြစ်တယ်ဆိုတာ မမေ့စေချင်ဘူး။

မေး။    ။ဒုက္ခသည်တွေနေရပ်ပြန်နေခွင့်ရဖို့ နိုင်ငံရေးအခြေအနေဟာ ဘယ်လိုဖြစ်သင့်သလဲ။

ဖြေ။    ။ ဒီကနေ့ဟာဆိုရင် နိုင်ငံရေးပါတီတွေ များပြားတယ်။ လက်နက်ကိုင်တပ်ဖွဲ့တွေဆိုရင်လဲ များပြား တယ်။ ဒီအဖွဲ့တွေအားလုံးပါဝင်တဲ့ ဆွေးနွေးပွဲကနေ လူ့အခွင့်အရေးချိုးဖောက်မှုမရှိစေရဘူး ဆိုတဲ့ဥပဒေ ပေါ်လာတဲ့အချိန်ဟာ ဒုက္ခသည်တွေအတွက် အိမ်ပြန်တဲ့အချိန်ဘဲဖြစ်တယ်။ ဒီဟာမပေါ် သေး ဘဲ ဒုက္ခသည် တွေကိုအိမ်ပြန်ပို့လို့ မပြောကောင်းမဆိုကောင်းတိုက်ပွဲ တွေပြန်ဖြစ်မယ် ဆိုရင် သူတို့တွေ ဘယ်မှာနေရမလဲ။ ဒီလိုဘဲ နယ်စပ်ကိုပြန်ပြေးမှာဘဲ။  အကောင်းဆုံးကတော့ အလှူရှင် တွေဟာ ဒုက္ခသည်တွေအပေါ် အထောက် အပံ့ဖြတ်ပြီး နေရပ်ပြန်ခိုင်းတာထက် အစိုးရကို တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့တွေနဲ့ စစ်မှန်တဲ့ငြိမ်း ချမ်းရေး ဆွေးနွေးအကောင်အထည်ဖော်ဖို့ ဖိအားပေးသင့် တယ်။

မေး။    ။ ဒုက္ခသည်တွေကို သျှမ်းပြည်တပ်မတော် RCSS/SSA ဌာနချုပ် မုံးထားမှာသွားနေဖို့ တရားဝင် ဆင့်ခေါ်စာရောက်လာပြီလား။

ဖြေ။    ။တရားဝင်ပြောလဲရတယ် တရားမဝင်ပြောလဲရတယ်။ အပစ်ရပ် ငြိမ်းချမ်းရေးဆွေးနွေးတယ် ဆိုကတည်းက အစမ်းသွားထားဖို့ဆိုတာပါလာတဲ့ကိစ္စဘဲ။ ဒါပေမယ့် ပြောင်းရွှေ့ဖို့ဆိုတာ နော်ဝေးက အလှူရှင် တွေက ရိက္ခာတွေလာပေးတုန်းက စာရင်းကိုပါထပ်ကောက်သွားပြီး ဘယ်တော့ပြောင်းရွှေ့ရမယ်ဆိုတာ ပြောမသွားဘူး။ တရားဝင်သည်ဖြစ်စေ မဝင်သည်ဖြစ်စေ ဒုက္ခသည်တွေကို ထပ်မံဒုက္ခရောက်ဦးမှာတော့ ကျနော်တို့ မလိုလားဘူး။

မေး။    ။  အဲလိုဆိုရင် အခုလိုပြောင်းဖို့ရွှေ့ဖို့ပြောတာက ဘယ်အဖွဲ့လဲ ။

ဖြေ။    ။ ရွှေ့ပါလို့တော့ ဘယ်သူမှမပြောသေးဘူး။ အစမ်းသွားထားဖို့တော့ ပြင်ဆင်နေတယ်။ ဘယ်အဖွဲ့ လဲဆိုတော့ ၁- ကတော့ အလှူငွေ ရိက္ခာတွေပေးနေတဲ့နော်ဝေးနိုင်ငံက တည်ထောင်ထားတဲ့ Myanmar Peace Support Initiative (MPSI) ငြိမ်းချမ်းရေးထောက်ပံ့ရေးအဖွဲ့ပေါ့။ ဒုက္ခသည်တွေကို သူတို့က ကူညီထောက်ပံ့ထားတော့ သူတို့ လုပ်ချင်ဖြစ်ချင်တဲ့အတိုင်း လုပ်ပေးရတော့မယ့်အခြေအနေမှာရှိတယ်။

မေး။    ။ငြိမ်းချမ်းရေးက လုပ်နေတာ တနှစ်သက်တမ်းရှိသွားပြီ။ စစ်မှန်တဲ့ငြိမ်းချမ်းရေး မြင်ရလား။

ဖြေ။    ။ဟုတ်တယ်။ ကျနော်တို့ သျှမ်းပြည်တပ်မတော်တပ်ဖွဲ့နဲ့ အစိုးရရဲ့စစ်တပ်တို့အပစ်ရပ်ရေး လုပ်လာ ကြတာ ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလကတည်းကဘဲ။  ခုချိန်ထိ တိုက်ပွဲက အကြိမ် ၃၀ ထက်မနည်းဖြစ်နေတုန်းဘဲ။ ဒီပုဂ္ဂိုလ်တွေ ငြိမ်းချမ်းရေးကိုတကယ်မြတ်နိုးတယ်ဆိုရင် တိုက်ပွဲတွေဆက်ဖြစ်နေစရာအကြောင်းမရှိဘူး။ ဖြစ်ခဲ့တဲ့တိုက်ပွဲကိုပြန်ကြည့်မယ်ဆိုရင်လည်း မြန်မာစစ်တပ်ဘက်က ကျူးလွန်တိုက်ခိုက်လာတဲ့ တိုက်ပွဲတွေ ဘဲဖြစ်နေတယ်။ အစီအစဉ်ချပြီးအကွက်ကျကျတိုက်ခိုက်နေတာဘဲလို့လူတွေက မြင်နေကြတယ်။ သိနေကြ တယ်။ နားလည်မှုလွဲမှားလို့ ပစ်ခတ်မှုဖြစ်ရတာပါလို့ချည်း ဆင်ခြေပေးတယ်။ နားလည်မှုလွဲတယ်ဆိုတာက ၁၀ ကြိမ်လောက်ဖြစ်ရင် နားလည်မှုက မလွဲသင့်တော့ဘူး။ တကယ်ကိုငြိမ်းချမ်းရေးလိုချင်တဲ့လူတွေ အတွက် ဆိုရင် ပေါ့။ နောက်တချက်- တိုက်ပွဲနေဖြစ်နေသေးသရွေ့ တရားမျှတမှုဆိုတာ ပေါ်ပေါက်လာမှာမဟုတ်ဘူး။ လူ့အခွင့်အရေးချိုးဖောက်မှုဆိုတာလဲ ရှိနေဦးမှာဘဲ။ အခုလဲကြည့်ပါလား ပြည်တွင်းကလူတွေ ငြိမ်းချမ်းမှု မရသေးဘူး။ လယ်တွေအလကား အသိမ်းခံရတယ်။ အဓမ္မလုပ်အားခိုင်းစေနေတာတွေခံနေရသေးတယ်။ ပညာရေးတိုးတက်မှုမရှိဘူး။ ကျန်းမာရေးအတွက်အာမခံချက်မရှိဘူး။ ဒီလို ငြိမ်းချမ်းမှုမရသေးတဲ့နေရာကို ဘာကြောင့် ဒုက္ခသည်တွေကို ပို့ချင်နေတာလဲ။ နိုင်ငံရေးပါတီတွေ လွှတ်တော်အမတ်တွေဆိုတာကလဲ တတိုင်းလုံးတပြည်လုံးအထိ ဒေါင့်စေ့ မြင်နိုင်သိနိုင်တာမှမဟုတ်တာ။ ဒီအခြေအနေဟာ ငြိမ်းချမ်းတဲ့ အခြေ အနေလို့ဆိုနိုင်ပြီလား။ ကျနော့်မျက်စိထဲမှာတော့  ကျနော်တို့ သျှမ်းပြည်မှာ ငြိမ်းချမ်းမှုဆိုတာ တစက်မှ မတွေ့ရသေးပါဘူး။

မေး။    ။ ငြိမ်းချမ်းမှုမရသေးတာကို လူတိုင်းကသိနေတယ်။ သို့ပေမယ့် ဘာကြောင့် ဒုက္ခသည်တွေကို ကူညီ ထောက်ပံ့မှု ဖြတ်တောက်တာလဲ။ ဘာကြောင့်နေရပ်ပြန်ပို့ချင်တယ်လို့ပြောနေကြတာလဲ။ အလှူရှင်တွေဟာ ဒုက္ခသည်တွေအပေါ် စစ်မှန်တဲ့စေတနာ ရှိတယ်လို့ ပြောလို့ရလား။ဘယ်လိုမြင်ပါသလဲ။

ဖြေ။    ။ အလှူရှင်ဆိုတာ ကျနော်တို့ နိုင်ငံသားမဟုတ်ဘူးလေ။ နာရင် သူတို့မနာဘူးလေ။ ဒုက္ခနဲ့ရင်ဆိုင် ရင်သူတို့ကိုယ်တိုင်မဟုတ်ဘူးလေ။ သူတို့ကူညီတယ်ဆိုတာက ဘာကြောင့်သူတို့ကူညီတာလဲ။ လူဆိုတာ ကိုယ့်အတွက်အကျိုးအမြတ်မရှိရင် ဘယ်သူမှ ရင်းနှီးမှု မပေးချင်ကြဘူး။

ဘာလို့အဲလိုပြောတာလဲ။ စဉ်းစားကြည့်ပါ။ သူတို့ တဖက်က ကူညီထောက်ပံ့မယ်။ တဖက်ကလည်း နယ်မြေ ဒေသအနေအထားလေ့လာရင်း သူတို့နိုင်ငံက စီးပွါးရေးလုပ်ငန်းရှင်တွေ ကျနော်တို့နိုင်ငံထဲလာပြီး စီးပွားရေး လုပ်မယ်။  ကျနော်တို့နိုင်ငံကပိုက်ဆံတွေ သူတို့နိုင်ငံကိုသယ်သွားတယ်။  နောက်တခု- သူတို့အခုလို ကူညီ နေတယ်ဆိုတာ ကမ္ဘာက သိအောင် ပြလိုက်တယ်။ မျက်နှာယူတယ်။

သူတို့ က ကျနော်တို့အပေါ်တကယ်စေတနာရှိရင် ရော့ငွေ။ ရော့လူ။ ရော့ပညာ ။ ပေးလိုက်ရုံဘဲ။ အခုက သူတို့ကိုယ်တိုင်လာတယ်။ ငွေလဲသူတို့ကိုယ်တိုင်ကိုင်တယ်။ပညာရှင်သူတို့ပါလာတယ်။ အလုပ်သမား သူတို့ပါလာတယ်။ ငါတို့ပေးတာယူ ငါတို့ခိုင်းတာလုပ်ဆိုတဲ့သဘောမျိုးတွေ့ရတော့ ကျနော်တို့သျှမ်းပြည် သားတွေသိထားသင့်တာက ကျနော်တို့အပေါ် သူတို့ တကယ်စေတနာရှိသလား။ သတိထားသင့်ပါတယ်။ ဇာတ်စင်နောက်မှာဘာတွေရှိလဲဆိုတာ မြင်တတ်အောင်ကြည့်ဖို့ လိုပါတယ်။

မေး။    ။ ဒီလိုဆိုရင် သျှမ်း CBO ကနေပြီးတော့ ဒီဒုက္ခသည်တွေကို ဘယ်လိုကူညီဖြေရှင်းပေးနိုင်မယ်လို့ မျှော်လင့်သလဲ။

ဖြေ။    ။ကျနော်တို့ကတော့ ဒုက္ခသည်တွေနဲ့လက်တွဲပြီး ဒုက္ခသည်တွေလိုအပ်တာကို ကူညီတောင်းဆိုပေးဖို့။ ဒုက္ခသည်တွေ ဒုက္ခထပ်မရောက်အောင် အတတ်နိုင်ဆုံး ကူညီပေးဖို့ ဖြစ်ပါတယ်။

Shan Community Based Organization ( Shan CBO) တွင် သျှမ်းလူထုအဖွဲ့အစည်းများ၊ သျှမ်းလူ့အခွင့်အရေးမဏ္ဍိုင်၊ သျှမ်းသဘာဝပတ်ဝန်းကျင်ဆိုင်ရာအဖွဲ့၊ သျှမ်းအမျိုးသမီးရေးရာကွန်ယက်၊ သျှမ်းလူငယ်စွမ်းအား၊ သျှမ်းလူငယ်ကွန်ယက် အဖွဲ့တို့ ပါဝင်ပါတယ်။

သျှမ်း-ထိုင်းနယ်စပ်တွေမှာ သျှမ်းပြည်သား စစ်ပြေးဒုက္ခသည်တွေ အနေများတဲ့နေရာတွေကတော့ -
၁-ထိုင်းနိုင်ငံ မယ်ဟောင်ဆောင်နှင့်မျက်နှာချင်းဆိုင်ရှိ ကောင်းမုံမိန်းစခန်း     -  ၂၅၀ ဦး
၂-ထိုင်းနိုင်ငံ ပန်မဖနှင့် မျက်နှာချင်းဆိုင်ရှိ လွယ်တိုင်းလျဲန်းစခန်း         -  ၂၃၀၀ ဦး
၃-ထိုင်းနိုင်ငံ ဝိန်းဟိုင်မြို့နှင့် မျက်နှာချင်းဆိုင်ရှိ လွယ်လမ်စခန်း         - ၄၀၀ ဦး
၄-ထိုင်းနိုင်ငံ ဖှန်မြို့နှင့် မျက်နှာချင်းဆိုင်ရှိ လွယ်ဆမ်ဆစ်စခန်း        - ၁၅၀၀ ဦး
၅-ထိုင်းနိုင်ငံ မယ့်ဖှာ့လုံနှင့် မျက်နှာချင်းဆိုင်ရှိ လွယ်ကော်ဝမ်းစခန်း        -၂၉၀၀ ဦး
၆- ထိုင်းနိုင်ငံ ဝိန်းဟိုင်မြို့ရှိ ကုန်းကျော်ဒုက္ခသည်စခန်း          - ၆၂၀  ဦး
စုစုပေါင်း                             - ရ၉၇၀ ဦး ရှိတယ်လို့ စာရင်းဟောင်းတွေအရသိရပါတယ်။

သို့ပေမယ့် ကုန်းကျော်ဒုက္ခသည်စခန်းမှာတော့ တချို့တဝက်ဟာ မြို့ထဲဆင်းအလုပ်ရှာ၊ တချို့တဝက်ကျ တော့ ပြည်တွင်းပြန်သွားပြီဖြစ်တဲ့အတွက် တချို့တဝက် လောက်ဘဲကျန်တယ်လို့ဆိုပါတယ်။ အိမ်ခြေလည်း ၁၂၀ ဝန်းကျင်လောက်ဘဲကျန်တယ်လို့ သိရပါတယ်။