ဖားကန့်မှာ ပြင်းထန်လာသော တိုက်ပွဲကြောင့် လူထု ၄၀၀၀ နီးပါး ထွက်ပြေး တိမ်းရှောင်နေရ

ဖားကန့်မှာ ပြင်းထန်လာသော တိုက်ပွဲကြောင့် လူထု ၄၀၀၀ နီးပါး ထွက်ပြေး တိမ်းရှောင်နေရ
by -
ကချင်သတင်းဌာန

ကချင်ပြည်နယ် ဖားကန့်ကျောက်စိမ်းမှော်ဒေသ တွင် မြန်မာအစိုးရတပ်နှင့် ကချင်လွတ်မြောက်ရေး တပ်ဖွဲ့ (KIA) ကြား တိုက်ပွဲများ ပြင်းထန်လာသော ကြောင့် ဖားကန့်မြို့အနီးကျေးရွာ ၁၀ ရွာမှစစ်ပြေး ဒုက္ခသည် ၄၀၀၀ နီးပါးသည် လုံခြံုရာတွင်ထွက်ပြေး တိမ်း ရှောင်လာကာ နေရာအခက်ခဲကြုံတွေ့ရကြ သည်။

ဖါးကန့် ကေအိုင်အေ တပ်ရင်း ၆ စစ်သားများ။

သြဂုတ် ၁၈ ရက်နေ့မှစ၍ ဖားကန့်ဒေသတို့ အစိုးရတပ်များ အင်အားတိုးချဲ့ထိုးစစ်ဆင်လာသောကြောင့် ပြီးခဲ့သည့်ပတ်မှ စစ်ပြေးဒုက္ခသည်အများစုသည် ဖားကန့် ကချင်နှစ်ခြင်း ခရစ်ယာန် ဘုရားကျောင်း၊ ကချင် ကက်သလိတ် RC ဘုရားကျောင်းနှင့် ဘုန်းကြီးကျောင်းများသို့ ထွက်ပြေးခိုလှုံလာခဲ့ကြောင်း သိရသည်။

အဆိုပါ ထွက်ပြေးတိမ်းရှောင်လာသူများ လူဦးရေများလာသောကြောင့် စခန်းတွင် နေရာချထားရေးအခက်ခဲ ကြုံတွေ့နေရကြောင်း ဒေသခံများပြောသည်။

“စစ်ပြေးတွေက တနေ့ထက်တနေ့ပိုမိုများလာတော့ ခရစ်ယာန်ဘုရားကျောင်း နေရာမဆန့် တော့ဘူး။ ငှက်ပျောတောဘုရားကျောင်းမှာဆို.. အိပ်ဖို့နေရာတောင်မရှိတော့ဘူး။ စစ်ပြေးတွေကတနေ့ထက်တစ်နေ့ တိုးလာတော့ အရမ်းဒုက္ခရောက်နေတယ်” ဟု ဒေသခံတဦး KNG ကချင်သတင်းဌာန သို့ပြောသည်။

ကျေးရွာများတွင် အစိုးရနှင့် ကချင်တပ်ဖွဲ့များ လှုပ်ရှားမှုပြင်းထန်လာသောကြောင့် ဖားကန့်ရှိဒေသခံများနှင့် ကျောက်စိမ်းတူးဖော်မှုလုပ်ငန်းလုပ်ကိုင်နေသူများ ကုန်သည်များသည် လုံခြုံရာသို့ ထွက်ပြေးနေရခြင်း ဖြစ်ကြောင်း သိရသည်။

ယခုချိန်အဓိကအခက်အခဲများသည် နေရာထိုင်ခင်းနှင့် အစားအသောက်များအကူအညီလိုအပ်နေပြီး မိုးရာသီ ဖြစ်သောကြောင့် ဖျားနာမှုများရှိပြီး ပြီးခဲ့သည့်ပတ်တွင် မောမော်ဘွမ် (Maw Mau Bum)မှ လူနာ ၄ ဦး ဒုက္ခသည်စခန်းသို့ ပြောင်းရွှေ့လာစဉ် ကြောက်ရွံ့ထိတ်လန့်မှုကြောင့် ကိုယ်ဝန်ဆောင်အမျိုးသမီးများ ကျမ်းမာရေးထိခိုက်နေကြောင်းသိရသည်။

တိုက်ပွဲဖြစ်ပွားခဲ့ချိန်တွင်း သြဂုတ်၂၅ ရက် ည ၈ နာရီခန့်တွင် ဆိုင်းတောင်ရွာဟောင်းတွင် ဗုံးပေါက်ကွဲခဲ့ပြီး အစိုးရဘက်မှ ၅ ဦးကျဆုံးသွားခဲ့ကြောင်း ဒေသခံမျက်မြင်များဆိုသည်။

“အစိုးရတပ်က အရပ်ဝတ်နဲ့ ဗဲန်ကားတစ်စီးမှာ ၅၊ ၆ ယောက်နဲ့ ဝင်လာတာ။ ကျောက်စိမ်းတူး လို့ရနေတဲ့ အချိန်တောင် အရပ်ဝတ်နဲ့ဝင်တာ သိပ်မတွေ့ရဘူး…ခုစစ်ဖြစ် နေတဲ့အချိန်မှာ အရပ်ဝတ်နဲ့ တနေ့ထဲမှာ ရာကျော်တွေ့နေရတယ်”  ဟု ကျောက်ကုန်သည်တစ်ဦးပြောသည်။

တိုက်ပွဲများဖြစ်ပွားလာသောကြောင့် ဖားကန့်မြို့နယ် မောမော်ဘွမ်၊ မောမော်ကလေး၊ မော်ဝှမ်းကြီးကျောင်းမှ မူလတန်းကျောင်းများလည်း ပိတ်ထားရပြီး ထွက်ပြေးခိုလှုံနေသည့်နေရာတွင်လည်း နေရာအခန်းများ မလောက်ငှမှုကြောင့် သင်ရန်အခက်ခဲဖြစ်နေကြောင်းသိရသည်။

မြန်မာအစိုးရသည် စစ်အင်အားများကို နည်းအမျိုးမျိုးဖြင့် ဖြည့်တင်းမှုကြောင့် စစ်ပွဲသည် ပြင်းထန်လာပြီး စစ်ပြေးများ ဒုက္ခသည်များသည်လည်း ပိုမိုများပြား လာနိုင်ကြောင်း ဒေသခံများစိုးရိမ်ပူပန်နေကြသည်။

ကျောက်စိမ်းထွက်ရာဒေသ ဖားကန့်သည် အစိုးရနှင့် ကချင်လွတ်မြောက်ရေးတပ်ဖွဲ့ (KIA)ကြားအပစ်ခတ် ရပ်စဲရေးသဘောတူစာချုပ် ချုပ်ဆိုပြီးနောက် အစိုးရနှင့် အကျိုးတူကုမ္ပဏီများ ဧရာမကျောက်စိမ်း တူးဖော်မှု စီမံကိန်းဒေသလည်းဖြစ်သည်။

နှစ်ဖက်သဘောတူညီမှု ပျက်ပြားသွားခဲ့ပြီး တိုက်ပွဲများဆက်လက်ဖြစ်ပွားနေသောကြောင့် ဖားကန့်ဒေသ တွင်းရှိ ကျောက်စိမ်းကုမ္ပဏီများကို အစိုးရဖက်မှ နေရပ်ပြန်ခိုင်းခဲ့ပြီးနောက် KIO အဖွဲ့မှ ပြည်သူလူထုတနိုင် တပိုင် လုပ်ငန်းပိုင်ရှင်များကို လုပ်ကွက်ပေး တူးဖော်ခွင့်ပေးထားသောအချိန် ယခုလို ထိုးစစ်ဆင်တိုက်ပွဲ ပြန်လည် ဖြစ်ပွားလာခြင်းဖြစ်သည်။

Most read this week