မြန်မာကျပ်ငွေ ၅ ထောင်တန်အတု သိန်းတရာကျော်အား သယ်ဆောင်ရောင်းချနေသည့် နှစ်နိုင်ငံမှတ်ပုံတင် ကိုင်ဆောင်သူ အမျိုးသမီးအား ထိုင်းနိုင်ငံ မယ်ဟောင်ဆောင်တဖက်ခြမ်း သျှမ်းပြည်တောင်ပိုင်း ဟိုမိန်းမြို့ နယ်ခွဲ၌ ဖမ်းမိကြောင်း နယ်စပ် သတင်းရပ်ကွက် ကဆိုပါသည်။
“ပိုက်ဆံတွေကို ထိုင်းဘက်ခြမ်းကနေသယ်လာတဲ့သူကလေ နှစ်နိုင်ငံစလုံးရဲ့မှတ်ပုံတင်ကို ကိုင်ဆောင် ထားတယ်။ ထိုင်းဘက် မှာဆိုရင် တောင်ပေါ်သားကတ်ကိုသုံးတယ်။ အဲဒီမှာသူ့နာမည်က နန်းနုတဲ့။ မြန်မာနိုင်ငံသားစီစစ်ရေး ကတ်ထဲမှာတော့ သူ့နာမည် နန်းပေါက်တဲ့။ အသက်က ၄၀ ကျော်ကျော်လောက်ရှိ တယ်” ဟု ဟိုမိန်းပြည်သူ့စစ်တပ်ဖွဲ့ နှင့် နီးစပ်သူတဦး ကပြောသည်။
အဆိုပါနန်းနုအား ယခုလ ၂၄ ရက် က သျှမ်းပြည်တောင်ပိုင်း ဟိုမိန်းမြို့နယ်ခွဲ (ထိုင်းနိုင်ငံ မယ်ဟောင် ဆောင်မြို့နှင့် မျက် နှာချင်းဆိုင်ရှိ) ၌ မြန်မာ ၅၀၀၀ တန်အတု ကျပ်သိန်း ၁၅၀ ဖိုးနှင့်အတူဖမ်းဆီးရမိခဲ့ခြင်း ဖြစ်ကြောင်း၊ ၎င်းသည် ကျပ် ၅၀၀,၀၀၀ ကို ဘတ်ငွေ ရ,၀၀၀ ဖြင့်ရောင်းချနေခြင်းဖြစ်ကြောင်း နယ်စပ်နေ ဌာနေပြည်သူ့စစ် များကပြောသည်။
“ဒီကနေ့ငွေလဲနှုန်းနဲ့တွက်မယ်ဆိုရင် ကျပ် ၅၀၀,၀၀၀ ဟာ ဘတ်ငွေ ၁၈,၅၀၀ ကျတယ်လေ။ ဒါကြောင့်ပေါ့။ သူက အခု အဖမ်း ခံရတာ တတိယအကြိမ်ပေါ့။ ပထမအကြိမ် ကျပ်ငွေအတု သုံးသိန်းဖိုး၊ ဒုတိယအကြိမ် ကျတော့ ကျပ်ငွေအတု ငါးသန်းဖိုး( ကျပ်သိန်း ၅၀) နဲ့ဖမ်းမိတယ်။ ဒီတခေါက်တော့ သူ့ကို ခရိုင်တရားရုံးကို ပို့လိုက်ပြီ ။ မနေ့ကဘဲ” ဟု အဆိုပါ ထိုင်းရဲက ဆက်လက်ပြောပြသည်။
ပိုက်ဆံအတုများအား ချင်းမိုင်မြို့နေ စိုင်းဆောလုံ ဆိုသူထံမှ ယူလာကြောင်း နန်းနု ခေါ်နန်းပေါက်က ပြောခဲ့သော်လည်း အဆိုပါ စိုင်းဆောလုံအား ယနေ့တိုင် ထိုင်းရဲများ မဖမ်းမိသေးကြောင်း၊ စိုင်းဆောလုံမှာ ယခင်က ဦးခွန်ဆာ၏ မုံးတိုင်းအာမီ တပ်မတော်၌ ရုံးဝန်ထမ်းတဦး ဖြစ်ခဲ့ဖူးကြောင်း ထိုင်းရဲများကပြော၏။
အမေရိကန်ဒေါ်လာငွေအပြင် တရုတ်ယွမ်ငွေ ထိုင်းဘတ်ငွေနှင့် မြန်မာကျပ်ငွေအတုများ ထုတ်ဝေသယ်ဆောင် မှုပြဿနာမှာ ထိုင်း-မြန်မာနယ်စပ်၌ အစဉ်အဆက်ဖြစ်ပေါ်နေသော ပြဿနာဖြစ်သည်။
အဆိုပါငွေစက္ကူအတုများမှာ မူးယစ်ဆေးချက်လုပ်ရန် ဘိန်းစိုက်တောင်သူများထံမှ ဘိန်းစိမ်းဝယ်ယူဖို့ထုတ် လုပ် အသုံးပြု သည့်ငွေများဖြစ်ပြီး ထိုမှတဆင့် မြို့တွင်းသို့ ပျံ့လာခြင်း ရှိနေသည်ဟု ငွေရှင်များကသုံးသပ် ပြောဆိုသည်။
နယ်စပ်၌ ထိုကဲ့သို့ ငွေစက္ကူအတု ပေါများခြင်းကြောင့်လည်း တာချီလိတ်မြို့နေ ဒေသခံအများစုမှာမြန်မာ ငွေစက္ကူ လက်ဝယ်ထားရှိလိုသည့် ဆန္ဒမရှိခြင်းဖြစ်ကြောင်းလည်း တာချီလိတ်မြို့ စီးပွါးရေးလုပ်ငန်းရှင် များကပြောသည်။