UNHCR ၀န်ထမ်း မောင်တောတွင် ထောင် ၆ နှစ် ချမှတ်ခံရ

UNHCR ၀န်ထမ်း မောင်တောတွင် ထောင် ၆ နှစ် ချမှတ်ခံရ
by -
နိရဥ္စရာ

ရခိုင်ပြည်နယ် မောင်တောမြို့တွင် ဇွန်လ ၈ ရက်နေ့က ဖြစ်ပေါ်ခဲ့သည့် ဆူပူအကြမ်းဖက်မှုကြောင့် ဖမ်းဆီးခံထားရသည့် ယူအန်အိပ်စီအာရ် ၀န်ထမ်းတဦးဖြစ်သူ ဒေါ်ချိုလေးမာခါတုန်နှင့် တခြား ၂ ဦးတို့ကိုု မောင်တောခရိုင် တရားရုံးမှ ယနေ့တွင်  စီရင်ချက် ချမှတ်လိုက်ကြောင်း သိရှိရသည်။

UNHCR-boat-in-Arakan

တရားခံ ၃ ဦးထဲမှ  ဒေါ်ချိုလေးမာခါတုန်အား ထောင် (၆) နှစ်နှင့် ဘူးသီးတောင်မြို့မှ ဘင်္ဂလီ အမျိုး သားများ ဖြစ်သည့် ဦးမောင်ခင်ရွှေနှင့် ဦးမောင်ခင်ဇော်တို့အား (၃) နှစ် တစ်ဦး (၂) နှစ် တစ်ဦးစီ ချမှတ်လိုက်သည်ဟု ဆိုသည်။

“ ချိုလေးမာခါတုန်ကို ၂ နှစ်နဲ့ တစ်မှု၊ ၆ နှစ်နဲ့ တစ်မှု စုစုပေါင်း အမူ ၂ ခုနဲ့ (၈) နှစ်ဖြစ်ပါတယ်။ ဒါပေမဲ့ စုစုပေါင်း ကျခံမဲ့ နေရာမှာ ၆ နှစ်ဆိုပြီး တရားသူကြီးက အမိန့်ချလိုက်ပါတယ်။ ဘူးသီးတောင်က ဖမ်း ထားတဲ့ ဘင်္ဂလီမွတ်ဆလင် ၂ဦးဖြစ်တဲ့ မောင်ခင်ရွှေနဲ့ မောင်ခင်ဇော်ကိုတော့ ၃ နှစ်တယောက်၊ ၂ နှစ် တယောက် ချလိုက်ပါ တယ် ” ဟု မောင်တော တရားရုံးနှင့် နီးစပ်သူတဦးက ပြောသည်။

အမိန့်ကို မောင်တောခရိုင် တရားသူကြီး ဦးခင်ဇော်မှ ယနေ့ နေ့လည်ပိုင်းတွင် စီရင် ချမှတ် လိုက်ခြင်း ဖြစ်သည်။

သူတို့အား စွဲဆိုထားသည့် ပုဒ်မနှင့် စီရင်ချက်ချမှတ်သည့် ပုဒ်မများကိုလည်း သူကယခုကဲ့သို့ ဆက် ပြောသည်။

“ သူတို့ကို စွဲတာက ၁၄၈ ပုဒ်မ၊ ၅၀၅ (ဂ)၊ ၁၃၅ (က) နဲ့စွဲပါတယ်။ ချတာက ၄၃၆ ပုဒ်မ၊ (၁၀၉)၊ ၅၀၅ (ဂ) ပါ။ အမှန်တကယ်ဆိုရင် ၄၃၆ ပုဒ်မ၊(၁၀၉)က ၅ နှစ်ရှိပါတယ်။ ၅၀၅ (ဂ)က ၂ နှစ်ပါ။ နိုင်ငံခြားငွေ အလွဲသုံးစားမှု ၂၁ လည်း ၁ နှစ်ရှိပါတယ်။ အားလုံး ၈ နှစ်ရှိပါတယ်။ အခုက တရားသူကြီးက ၆ နှစ် ဆိုပြီး အမိန့်ချပါတယ်။ ဘူးသီးတောင်က နှစ်ယောက်တော့ စွဲတာက အတူတူ ပါ ။ ချတာက မတူပါ ဘူး။ ၁၄၅ (က) ၂ နှစ်ပါ၊ ၂၄ က ၁ နှစ်ပါ။ နောက်တယောက်က ၁၃၅ (က) ၅၀၅ (ဂ)ပါ ” ဟု ပြော သည်။

သူတို့အား ဇွန်လအတွင်းက မောင်တောမြို့တွင် ဖြစ်ပွားခဲ့သည့် ဆူပူအကြမ်းဖက်မှုတွင် ပါဝင်ပတ် သက်သည်ဟုဆိုကာ ပုဒ်မ ၁၅၃-က၊ ၄၃၆၊ ၁၄၈၊ ၅၀၅ (ဂ)၊ အရေးပေါ် စီမံမှုအက်ဥပဒေ ပုဒ်မ (၅) ည တို့ဖြင့် ဖမ်းဆီးခဲ့ခြင်း ဖြစ်သည်။

လွန်ခဲ့သည့် ကြာသားပတေးနေ့က ပြည်ထဲရေးဝန်ကြီးဌာန အမိန့်ဖြင့် ဖမ်းဆီးထားသည့် နိုင်ငံတကာ အန်ဂျီအို ၀န်အထမ်းနှင့်ယူအန်အိပ်စီအာရ် ၀န်ထမ်း ၅ ဦးကို ဘူးသီးတောင်နှင့် စစ်တွေအကျဉ်းတို့မှ လွတ်ပေးခဲ့သည်။

Most read this week