နည်းပညာနှင့် ကွန်ပျူတာတက္ကသိုလ်အချို့ ပညာသင်နှစ်တိုးမည်

နည်းပညာနှင့် ကွန်ပျူတာတက္ကသိုလ်အချို့ ပညာသင်နှစ်တိုးမည်
by -
မဇ္ဈိမ

ကျွမ်းကျင်အတတ်ပညာသည်များ မွေးထုတ်ပေးရေးနှင့် အလုပ်အကိုင် အခွင့်အလမ်းကောင်းရေး အတွက် ရန်ကုန်နှင့် မန္တလေးတိုင်းရှိ နည်းပညာ တက္ကသိုလ်နှင့် ကွန်ပျူတာ တက္ကသိုလ်များတွင် လာမည့်ပညာသင် နှစ်မှစ၍ လုပ်ငန်းခွင် သင်တန်းများပါ ဖြည့်စွက်သွားမှာဖြစ်၍ ပညာသင်ကာလကို တနှစ် ထပ်မံတိုးမြှင့် လိုက်သည်။

သိပ္ပံနှင့် နည်းပညာဝန်ကြီး ဦးအေးမြင့် က သြဂုတ်လ ဒုတိယပတ်အတွင်း နေပြည်တော်တွင် ကျင်းပခဲ့သော နည်းပညာ တက္ကသိုလ်ကောလိပ်နှင့် သိပ္ပံကျောင်းများ အရည်အသွေး မြှင့်တင်ရေး အစည်းအဝေးတွင် “အဆင့်မြင့်” အဖြစ် ပြောင်းလဲခြင်းနှင့် ပတ်သက်၍ ပြောကြားချက်ကို နိုင်ငံပိုင်သတင်းစာများတွင်ဖော်ပြထား သည်။

ဘွဲ့ရရန်အတွက် ကွန်ပျူတာ တက္ကသိုလ်ကို ပညာသင်ကာလ ငါးနှစ်သို့ ပြောင်းလဲကာ နည်းပညာ တက္ကသိုလ်တွင်ခြောက်နှစ် သင်ရမှာ ဖြစ်သည်။

“ကွန်ပျူတာ တက္ကသိုလ်က ငါးနှစ် ဆိုတော့ နောက်ဆုံးနှစ်မှာ project တင်တဲ့နှစ် ဖြစ်ရမယ်။ အဲဒီနှစ်မှာ လုပ်ငန်းခွင်နဲ့ပေါင်းကူး ရှိရမယ်။ လုပ်ငန်းတွေက လာပြီး သင်တန်းပေးတာ ဖြစ်ချင်လည်း ဖြစ်မယ်။ ဒါမှမဟုတ် သုတေသန တွဲလုပ်တာလည်း ဖြစ်ချင်ဖြစ်မယ်” ဟု မြန်မာနိုင်ငံ ကွန်ပျူတာ ပညာရှင်အသင်း အတွင်းရေးမှူး ဦးသောင်းစုငြိမ်း က ပြောသည်။

အဆိုပါ ဝန်ကြီးဌာနအောက်တွင် နည်းပညာတက္ကသိုလ် ၃၃ ခုနှင့် ကွန်ပျူတာ တက္ကသိုလ် ၂၅ ခုရှိသော်လည်း ဘဏ္ဍာငွေ အခက်အခဲကြောင့် ကနဦးတွင် ရန်ကုန်နှင့် မန္တလေးတိုင်း အတွင်းရှိ တက္ကသိုလ်များတွင်ပင် စတင်နိုင်မည်ဖြစ်သည်။

“အဆင့် မြှင့်တင်လိုက်ပြီးတော့ ထူးထူးခြားခြားမဟုတ်ဘဲ အဆင့်မီ သင်ထောက်ကူ ပစ္စည်းတွေ မထောက်ပံနိုင်ဘူး ဆိုရင်လည်း အလကားပါပဲ။ အဲဒါမျိုးတော့ မဖြစ်စေချင်ဘူး။ အခုလို နိုင်နိုင် နင်းနင်း နှစ်ခုလောက်နဲ့ စတာ ကောင်းပါ တယ်” ဦးသောင်းစုငြိမ်း က ပြောသည်။

အဆင့်မြင့် တက္ကသိုလ်များတွင် သင်ကြားမည့် ဆရာ၊ ဆရာများကိုလည်း မွမ်းမံ သင်တန်းများ ပို့ချပေးသွား မည် ဖြစ်ကြောင်း ဝန်ကြီးက ပြောသည်။

ထိုသို့ လက်တွေ့လုပ်ငန်းခွင်နှင့် ဆက်စပ်ပေးမည့် အစီအစဉ်မှာ ကျောင်းသားများအတွက် အကျိုးရှိနိုင်လိမ့် မည်ဟု စနစ်ဟောင်း ကျောင်းသားများက ယူဆကြသည်။

“ကျနော်တို့ တုန်းကဆို ကျောင်းမှာ သီအိုရီပဲ သိခဲ့တယ်။ အဓိက က လုပ်ငန်းခွင်ထဲ ဝင်နိုင်လောက်အောင် ဖြစ်ဖို့က အရေးကြီးတယ်။ လုပ်ငန်းခွင် သင်တန်းပုံစံ တနှစ် တိုးလိုက်တော့ ကျနော်တို့တုန်းကထက်အများ ကြီး သာမယ်လို့ ထင်ပါတယ်” ဟု ကွန်ပျူတာ တက္ကသိုလ်ဘွဲ့ရ အသက် ၂၈ နှစ်အရွယ် ကိုရာကျော် က ပြောသည်။

ထို့ပြင် ရန်ကုန် နည်းပညာ တက္ကသိုလ်မှ ဘွဲ့ရခဲ့သူ ကိုစိုစံကလည်း “ကျနော်တို့တုန်းက သင်ကြားရေး ပိုင်းကလည်း အားနည်းတယ်။ အရေးကြီးတာက အလုပ်အကိုင် အခွင့်အလမ်းနဲ့ ပတ်သက်ပြီး ပေါများအောင် လုပ်ပေးစေချင်ပါ တယ်”ဟု ပြောဆိုသည်။

ယခုနှစ်ပညာ သင်နှစ်အတွက် တက္ကသိုလ်ဝင်တန်း အောင်အမှတ် ၄၅ဝ နှင့်အထက် ရရှိသူများ လျှောက်ထားနိုင်ပြီး  နည်းပညာ တက္ကသိုလ်အတွက် ကျောင်းသူကျောင်းသား ၂၅ဝ နှင့် ကွန်ပျူတာ တက္ကသိုလ် အတွက် ၂ဝဝ ဦးတို့ကို လက်ခံသင်ကြားသွားမည် ဖြစ်သည်။ လျှောက်လွှာများကို စက်တင်္ဘာလ ၁၂ ရက်နေ့ နောက်ဆုံးထား၍ သက်ဆိုင်ရာ တက္ကသိုလ်အသီးသီးတွင် တင်သွင်းရမည် ဖြစ်သည်။

မြန်မာနိုင်ငံတွင် ၁၉၇၁ ခုနှစ်မှစ၍ တက္ကသိုလ် ကွန်ပျူတာဌာန(UCC)ဟူ၍ စတင်ခဲ့ပြီး ၁၉၈၈ ခုနှစ်တွင် ကွန်ပျုတာ သိပ္ပံနှင့် နည်းပညာ ဌာန (ICST)အဖြစ် ပြောင်းလဲထူထောင်နိုင်ခဲ့သည်။ အဆိုပါဌာနကို ၁၉၉၈ တွင် ရန်ကုန်မြို့၌ ကွန်ပျူတာ လေ့လာရေးတက္ကသိုလ် (UCSY)အဖြစ် မြှင့်တင်လာခဲ့သည်။

ယနေ့အချိန်တွင် ကွန်ပျူတာတက္ကသိုလ်များအဖြစ် အထက်မြန်မာနိုင်ငံတွင် မန္တလေး၊ မြစ်ကြီးနား၊ ဗန်းမော်၊ ကလေး၊ မုံရွာ၊ မကွေး၊ ပခုက္ကူ၊ မိတ္ထိလာ၊ လားရှိုး၊ တောင်ကြီး၊ ပင်လုံ၊ လွိုင်ကော်မြို့များတွင် ဖွင့်လှစ်ထားပြီး အောက်မြန်မာနိုင်ငံ တွင် ရန်ကုန်၊ မအူပင်၊ ဟင်္သာတ၊ ပုသိမ်၊ စစ်တွေ၊ ကျိုင်းတုံ၊ ပြည်၊ တောင်ငူ၊ သထုံ၊ ဖားအံ၊ ထားဝယ်နှင့် မြိတ်မြို့ တို့တွင် တည်ထောင်ဖွင့်လှစ်ထားရှိသည်။