မြန်မာ ပန်းချီ၊ ပန်းပု အနုပညာရှင် ရ၀၀ နီးပါးရဲ့ လက်ရာတွေကို တစုတစည်းနဲ့ ကြည့်ရှု ခံစားနိုင်မယ့်ပြည်လုံး ကျွတ် ပန်းချီ၊ ပန်းပု အနုပညာ ပြပွဲကြီးကို လာမယ့် ဒီဇင်ဘာလအတွင်း ရန်ကုန်မြို့ တပ်မတော်ခန်းမ မှာ ကျင်းပမယ်လို့ သိရပါတယ်။
ပြပွဲရက် အတိအကျ မသတ်မှတ်ရသေးပေမယ့် ငါးရက်ကြာ ကျင်းပသွားဖို့ စီစဉ်ထားတဲ့ ဒီပြပွဲမှာ အနုပညာ ရှင်တွေ အနေနဲ့ ကိုယ်ဖန်တီးချင်တဲ့ လက်ရာတွေကို အရွယ်အစား ကန့်သတ်ချက် မရှိဘဲ ဖန်တီးခွင့်ရှိပြီး ဝယ်သူရှိရင် ရောင်းချ နိုင်ပါတယ်လို့ မြန်မာနိုင်ငံ ရိုးရာ ပန်းပညာရှင်များအစည်းအရုံး အတွင်းရေးမှူး ဦးနီပိုဦး က ပြောပါတယ်။
ပြပွဲအတွက် ပေးပို့တဲ့ ပန်းချီ၊ ပန်းပုလက်ရာတွေကိုတော့ ထုံးစံအတိုင်း ဆင်ဆာအဖွဲ့က စီစစ်ရွေးချယ်သွားမှာပါ။ အရင်နှစ်တွေတုန်းကတော့ နိုင်ငံရေးဆိုင်ရာနဲ့ ယဉ်ကျေးမှုနဲ့ မအပ်စပ်တဲ့ လက်ရာတွေကို ပါဝင်ခွင့် မပြုခဲ့ပေမယ့် ဒီနှစ်မှာတော့ ဖြေလျော့မှုတွေ အတော်လေး ရှိလာမယ်လို့ ဦးနီပိုဦး က ဆိုပါတယ်။ ဒါပေမယ့် စည်းမျဉ်းစည်း ကမ်းတွေ တိတိပပ သတ်မှတ်ထားတာမျိုးတော့ မရှိသေးပါဘူး။
‘မြန်မာနိုင်ငံ ရိုးရာ ပန်းပညာရှင်များ အစည်းအရုံး’ ဆိုတာကတော့ မြန်မာ့ရိုးရာ ပန်း ၁ဝ မျိုး ဖြစ်တဲ့ ပန်းချီ၊ ပန်းတိမ်၊ ပန်းတော့၊ ပန်းတဉ်း၊ ပန်းတမော့၊ ပန်းပဲ၊ ပန်းပု၊ ပန်းရံ၊ ပန်းပွတ်၊ ပန်းယွန်း ပညာရှင်တွေနဲ့ဖွဲ့စည်း ထားတဲ့ အဖွဲ့အစည်း ပါ။
ဒီအဖွဲ့ကနေ ပြပွဲရဲ့ ကုန်ကျစားရိတ်တွေကို ကျခံသွားမှာဖြစ်ပြီး ပါဝင်ပြသသူတွေအနေနဲ့ မိမိရဲ့ပန်းချီကား ရောင်းချရ မယ်ဆိုရင် ရောင်းချလို့ ရမယ့်တန်ဖိုးရဲ့ ၂ဝ ရာခိုင်နှုန်းကို အစည်းအရုံး ရန်ပုံငွေအဖြစ် ပေးရပမှာပါ။ ၂ဝဝ၆ ခုနှစ် တုန်းက ပြပွဲမှာ ပန်းချီ၊ ပန်းပု လက်ရာများ ရောင်းချရငွေဟာ ကျပ်သိန်း ၁၇ဝ ဖိုးခန့် ရှိခဲ့ပါတယ်။
ပြပွဲဝင်တွေအတွက် ကန့်သတ်ချက် တခုကတော့ အစည်းအရုံးဝင်ထားသူများသာ ပါဝင်ခွင့်ရမှာ ဖြစ်ပြီး လက်ရှိအချိန်မှာ အစည်းအရုံးဝင် ၄,ဝဝဝ လောက် ရှိနေတဲ့အတွက် ၂ဝ၁၂ ခုနှစ် အစည်းအရုံးဝင်ကတ် အသစ်လဲထားသူ ရဝဝ ခန့်ကိုပဲ ပါဝင်ပြသခွင့် ပေးမှာ ဖြစ်ပါတယ်။
၂ဝဝ၆ ခုနှစ်တုန်းက ပြည်လုံးကျွတ် ပန်းချီ၊ ပန်းပု အနုပညာ ပြပွဲကြီးကို လက်ရာပေါင်း ၁,၅ဝဝ ခန့်နဲ့ မန္တလေးမြို့မှာ ပထမဆုံး အကြိမ်အဖြစ် ကျင်းပနိုင်ခဲ့သလို ဒီနှစ်မှာလည်း လက်ရာပေါင်း ၁,၅ဝဝ ခန့် ကြည့်ရှု ခံစားနိုင်လိမ့်မယ်လို့ ဦးနီပိုဦး က ခန့်မှန်းထားပါတယ်။
ပြည်လုံးကျွတ် အနုပညာ ပြပွဲကြီးမှာ ပါဝင်ယှဉ်ပြိုင်မယ့် ရန်ကုန်မြို့က အသက် ၃၆ နှစ်အရွယ် ပန်းချီဆရာ ကိုတာယာ ကတော့ ပထမအကြိမ် ပြပွဲကြီးတုန်းက မပါဝင်နိုင်ခဲ့တဲ့အတွက် ဒီအကြိမ်မှာတော့ မှတ်တိုင်တခုအနေနဲ့ ပါဝင်ပြသမယ် လို့ ဆိုပါတယ်။
“မြန်မာတနိုင်ငံလုံးမှာ ရှိတဲ့ လူငယ် ပန်းချီ ကျောင်းဆင်းတွေရော၊ နာမည်ကြီး ပန်းချီဆရာတွေပါ ပါဝင်မယ့်ပွဲ ဆိုတော့ လက်ရာပေါင်းစုံ တွေ့ရမှာပါ။ လူငယ်တွေအတွက် အခွင့်အရေး ပိုရလာနိုင်သလို အတွေ့အကြုံ ရှိပြီးသူတွေ အတွက် လည်း သူတို့ရဲ့ ဖန်တီးမှု အသစ်တွေကို ပြသနိုင်မှာပါ။ ဒီလိုပြိုင်ပွဲမျိုးကို နှစ်စဉ်ကျင်းပ ပေးနိုင်မယ်ဆိုရင်တော့ ပန်းချီ လောကအတွက် အကောင်းဆုံးပါပဲ” လို့ ပြောပါတယ်။
ပါဝင်ပြသလိုသူများအနေနဲ့ သြဂုတ်က ၂၅ ရက်နေ့မှ စက်တင်္ဘာလ ၁ဝ ရက်နေ့အတွင်း မိမိရဲ့ ပန်းချီကား၊ ပန်းပု အနုပညာပစ္စည်းမှာ ရေးဆွဲထုလုပ်သူ အမည်၊ အနုပညာ ပစ္စည်းအမည်၊ အသုံးပြုသည့် အမျိုးအစား၊ အရွယ် အစား၊ လိပ်စာ နဲ့ ဖုန်းနံပါတ်တွေကို ရေးသားဖော်ပြပြီး အမှတ်(၁၃၁)၊ ကမ္ဘာအေးစေတီလမ်း၊ ဗဟန်းမြို့နယ်၊ ရန်ကုန်မြို့ အနုပညာ အထက်တန်းကျောင်း(ချင်းချောင်း)ကို ပေးပို့ရမှာ ဖြစ်ကြောင်း သိရှိရတယ်။