မြန်မာ အနောက်ဘက် နယ်စပ် လုံခြံုရေး တိုးမြှင့်

မြန်မာ အနောက်ဘက် နယ်စပ် လုံခြံုရေး တိုးမြှင့်
by -
နိရဥ္စရာ

မြန်မာနိုင်ငံ အနောက်ဘက် ဘင်္ဂလာဒေ့ချ်-ရခိုင် နယ်စပ်တလျှောက်တွင် မနေ့က စပြီး လုံခြံုရေး တိုးမြှင့်ချထား လိုက်ကြောင်း သတင်း ရရှိသည်။

 AFP

မောင်တော မြောက်ပိုင်း နံသာတောင် ကျေးရွာသားတစ်ဦးက “ အခု ကျွန်တော်တို့ မောင်တောမြို့နယ်မှာရှိတဲ့ နစက တွေအပါအဝင် စစ်သားတွေ တိုးချဲ့ ချထားတာကို တွေ့ ရပါတယ်။ ကျွန်တော်ထင်တာကတော့ အခု မူဆလင်တွေရဲ့ ဥပုသ်လ အပြီး တခုုခု ဖြစ်လာမှာ စိုးရိမ်လို့ အ ခုလို စစ်သားတွေ တိုးချဲ့ ချထားတာ ဖြစ်တယ်လို့ ထင်ပါတယ်” ဟု ပြောသည်။

၎င်းပြင်  မောင်တောမြို့နယ်နှင့် ဘူးသီးတောင်မြို့နယ် အတွင်းရှိ နစက စခန်း ၉ ခုနှင့် ရသေ့တောင်မြို့နယ် နစက စခန်း တစ်ခုတွင်လည်း စစ်သားများကို အင်အား ဖြည့်တင်းထားသည်ဟု ဆိုသည်။

“ နယ်စပ်တလျှောက် လုံခြံုရေးအတွက် ဒီလ အစောပိုင်းကတည်းက စစ်သား ၁၀၀၀ ခန့် ရှိမယ် ထင်ပါတယ်။ အခု တစ်ခါ တခြား မြို့ နယ်မှာရှိတဲ့ တပ်ရင်းတွေက စစ်သားတွေကို ခေါ်ယူပြီး  တိုးချဲ့ အင်အား ဖြည့်ထား ပါတယ်။ သူတို့ အပြောအရတော့ အထက်အရာရှိတွေက မင်းတို့ နယ်စပ်ကို သွားရမယ်။ ဘာကြောင့် ဆိုတာကို မပြောဘူးလို့ စစ်သားတွေက ပြောပါတယ်” ဟု သူက  ပြောသည်။

ယခု ပြောင်းရွေ့ ရောက်ရှိလာသော တပ်သားများမှာ ဘူးသီးတောင်အခြေစိုက် ခမရ ၃၅၃ ငကျဉ်တောင့် တပ်ရင်း၊ ကျောက်တော် အခြေစိုက် ခမရ ၃၇၆ ညောင်ပင်လှ တပ်ရင်းနှင့် ရသေ့တောင် အခြေစိုက် ၅၃၆ တပ်ရင်းမှ တပ်သားများ ဖြစ်ကြောင်း သူက ဆက်ပြောသည်။

ရခိုင်ပြည်နယ် နယ်စပ်ဒေသ တည်ငြိမ်အေးချမ်းရေး အတွက် နယ်စပ်တလျှောက်တွင် နစက စခန်း ၁၀ ခု ဖွင့် လှစ်ထားသော်လည်း လုံလောက်မှု မရှိသည့်အတွက် ယခုကဲ့သို့ စစ်တပ်အင်အား ဖြန့်ကျက်ချထားခြင်း ဖြစ်သည်ဟု လေ့လာသုံးသပ်သူများက ပြောသည်။

မူဆလင် ဘာသာဝင်များ၏ ရာမမန် ဥပုသ်လမှာ  ယမန်နေ့က ပြီးဆုံးသွားပြီ ဖြစ်သည်။ သို့သော်  စစ်သားများ ပြောင်းရွေ့ ရောက်ရှိလာ သဖြင့် နယ်စပ်ဒေသ လုံခြံုရေးအတွက် ဒေသခံများက ၀မ်းသာနေကြသည်ဟု သိရသည်။

“ တခြားနှစ်တွေက ဆိုရင် ခုလို မူဆလင် ဥပုသ်လ အပြီးမှာဆိုရင် မူဆလင်တွေက  စခန်းအနီး အနားက နေရာတွေမှာ  ပြည့်နှက် နေတယ်။ တစ် ယောက်နဲ့ တစ်ယောက် နှုတ်ဆက်ကြတာ။  တစ်အိမ်နဲ့ တစ်အိမ် အလည် သွားကြတာနဲ့ လူတွေ ပြည့်နေပါတယ်။ ဒီနှစ် တော့ ဒီလို မူဆလင်တွေ သွားတာ လတာ မတွေ့ရဘူး။ စခန်းတွေ အပြင်ဖက်လည်း လုံခြံုရေး တပ်သားတွေနဲ့  ပြည့်နေတာကို တွေ့ရပါတယ်” ဟု ငါးခူရ ဒေသခံ တစ်ဦးက နိရဥ္စရာသို့ ပြောသည်။

အလားတူ အိမ်နီးချင်း ဘင်္ဂလာဒေ့ချ်နို်င်ငံတွင်လည်း မူဆလင်များ၏ ဥပုသ်လ အပြီးတွင်  မူဆလင်ဒုက္ခသည် များနှင့် ဒေသခံ ရခိုင်တိုင်းရင်းသားများနှင့် ဖြစ်ဿနာများ မဖြစ်ပွားစေရန် အတွက် တက်ကနက် မြို့နယ်ရှိ နော်ယာပါရာ ဒုက္ခသည် စခန်းနှင့် အိုကီးယားမြို့နယ်ရှိ ကူတိုးပါလောင် ဒုက္ခသည်စခန်းများမှ ဒုက္ခသည်များကို သက်ဆိုင်ရာ တာဝန် ရှိသူ များက အပြင်သို့ ထွက်ခွင့် မပြုကြောင်း သိရှိရသည်။

Most read this week