ပြည်တွင်း ငြိမ်းချမ်းရေး အတွက် ထိုးစစ်ဆင်မှုများ ရပ်တန့်ရန် နိုင်ငံတော် သမ္မတ၏ အမိန့်ညွှန်ကြားချက်ကို တပ်မတော်မှ လေးစားလိုက်နာသင့်ကြောင်း တိုင်းရင်းသား ညီနောင် ၆ ပါတီက တိုက်တွန်းလိုက်သည်။
ရန်ကုန်မြို့ရှိ ရှမ်းတိုင်းသားများ ဒီမိုကရက်တစ်ပါတီ SNDP ရုံးတွင် တနင်္ဂနွေနေ့က ကျင်းပသည့် ညီနောင် တိုင်းရင်းသားပါတီများ (Nationality Brotherhood Fဝrum) ၏ ပုံမှန်အစည်းအဝေးမှ တိုင်းရင်းသားဒေသ များတွင် ဖြစ်ပွားနေသည့် စစ်ပွဲများကို ထောက်ပြ ပြောဆိုလိုက်ခြင်း ဖြစ်သည်။
“ကျနော်တို့ သိထားသလောက်တော့ သမ္မတ က ညွှန်ကြားချက် ပေးထားတာ။ ဒါပေမယ့် အပေါ်က သိထားတဲ့ အနေအထားနဲ့ အောက်ခြေမှာ မြေပြင်မှာ ဖြစ်တဲ့ အနေအထား တွေဟာ ကွာဟမှု နည်းနည်း ရှိတယ်ခင်ဗျ။ KIA မှာလည်း ဖြစ်၊ တခြား ကျနော်တို့ ဒေသမှာလည်း အောက်ခြေမှာ အခြေအနေတွေက မတည်ငြိမ်ဘူး” ဟု ဖလုံ စဝေါ် ဒီမိုကရက်တစ်ပါတီမှ ဗဟိုကော်မတီဝင် စောသန်းမြင့် က ပြောသည်။
လတ်တလောတွင် ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်နှင့် ကရင်ပြည်နယ်ရှိ ဒေသအချို့တွင် အစိုးရတပ်မှ ထိုးစစ်ဆင်ခြင်း၊ တပ်အင်အား ဖြည့်တင်းခြင်းများ ရှိနေပြီး ရပ်တန့်နိုင်ခြင်း မရှိပါက စစ်မှန်သည့် ငြိမ်းချမ်းရေး ရရှိရန် လွယ်ကူမည် မဟုတ်ဟု သူက ပြောသည်။
လက်ရှိတွင် နိုင်ငံတော် အစိုးရက တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ ၁ဝ ဖွဲ့နှင့် အပစ်အခတ် ရပ်စဲနိုင်ပြီး ဖြစ်သော်လည်း ငြိမ်းချမ်းရေး ရပြီဟု မဆိုနိုင်ကြောင်းကို သြဂုတ်လ ၁၂ ရက်နေ့တွင် ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်း ကော်မတီ ဥက္ကဋ္ဌ၊ နိုင်ငံတော် ဒုသမ္မတ ဒေါက်တာ စိုင်းမောက်ခမ်း က ပြောသည်။
“ငြိမ်းချမ်းရေး ဖော်ဆောင်နိုင်ရေးတွင် နှစ်ဦးနှစ်ဖက် တွေ့ဆုံလက်မှတ် ရေးထိုးပြီးရုံမျှနှင့် ငြိမ်းချမ်းရေး ရပြီဟု မဆိုနိုင်။ ထိလွယ်ရှလွယ်သော အခြေအနေ ဖြစ်၍ အခန့်မသင့်ရင် အချိန်မရွေး နောက်ဆုတ် ပျက်စီးသွားနိုင်ပါတယ်” ဟု ၎င်း၏ ပြောကြားချက်ကို သမ္မတရုံး အင်တာနက် စာမျက်နှာတွင် ဖော်ပြထား သည်။
ညီနောင် ၆ ပါတီ၏ ၁၁ ကြိမ်မြောက် သဘောထား ကြေညာချက်တွင် “နိုင်ငံတော်မှ မကြာမီ ကောက်ယူမည့် သန်းခေါင်စာရင်းတွင် သက်ဆိုင်ရာ တိုင်းရင်းသား အမည်ရင်း၊ လူမျိုး၊ ကိုးကွယ်သည့် ဘာသာတို့ကို မှန်ကန်စွာ ထည့်သွင်းဖော်ပြရန်” စသည်တို့ကိုလည်း တိုက်တွန်းထားသည်။
မြန်မာနိုင်ငံရှိ တိုင်းရင်းသားများအနက် အချို့သည် သန်းခေါင်စာရင်းတွင်လည်းကောင်း၊ မှတ်ပုံတင်တွင် လည်းကောင်း မိမိတို့၏ လူမျိုးအမည်များကို ဖော်ပြခြင်း မခံကြရသည့်အတွက် နစ်နာမှုများလည်း ရှိကြောင်း မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီမှ ဒေါက်တာဗညားအောင်မိုး က ပြောသည်။
သာဓက အဖြစ် ရန်ကုန်တိုင်း၌ မွန်လူမျိုး တသိန်းခန့် နေထိုင်ကြသည်ဟု မွန် ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီက ခန့်မှန်းထားသည့်အတွက် ၂ဝ၁ဝ ရွေးကောက်ပွဲတွင် မွန်တိုင်းရင်းသား လူမျိုးရေးရာ ကိုယ်စားလှယ် ရရှိလိမ့်မည်ဟုမျှော်မှန်းထားသော်လည်း နိုင်ငံတော်ရှိ သတ်မှတ်လူဦးရေ (ဝ.၁) ရာခိုင်နှုန်း ဖြစ်သည့် ၅၇,ဝဝဝ ဦး မပြည့်မီသည့် အတွက် ကိုယ်စားလှယ် တင်သွင်းခွင့် မရရှိခဲ့ကြောင်း ထောက်ပြသည်။
၎င်းပြင် ဌာနဆိုင်ရာ ဝန်ထမ်းများ ခန့်ထား ပြောင်းရွှေ့ခြင်းနှင့် ရာထူးတိုးမြှင့်ခြင်း ပြုရာတွင် ဒေသခံ တိုင်းရင်းသားများကို ဦးစားပေး ခန့်ထားရန်နှင့် အနာဂတ် ရွေးကောက်ပွဲတွင် အချိုးကျ ကိုယ်စားပြုစနစ် ကျင့်သုံးပါက တိုင်းရင်းသားတို့၏ အခွင့်အရေး ဆုံးရှုံးနစ်နာမှု မရှိအောင် ဆောင်ရွက်ရန် တိုက်တွန်းထားပြီး သက်ဆိုင်ရာ တိုင်းရင်းသား ဘာသာ စာပေဖြင့် သတင်းစာ၊ ဂျာနယ်များ ထုတ်ဝေရန်လည်း ညီနောင် ၆ ပါတီက သဘောတူခဲ့ကြသည်။
ညီနောင်ပါတီ အစည်းအဝေးသို့ အဖွဲ့ဝင်များ ဖြစ်သည့် ချင်းအမျိုးသားပါတီ၊ မွန် ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီ၊ ဖလုံ-စဝေါ် ဒီမိုကရက်တစ်ပါတီ၊ ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ၊ ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ၊ ကယန်းအမျိုးသား ပါတီနှင့် လေ့လာသူများအဖြစ် အင်းအမျိုးသား ဖွံဖြိုးတိုးတက်ရေးပါတီ၊ ဓနုတိုင်းရင်းသား လူမျိုးများ ဒီမိုကရေစီပါတီ၊ အရှို ချင်းအမျိုးသားပါတီနှင့် တိုင်းလိုင် (ရှမ်းနီ) အမျိုးသား ဖွံ့ဖြိုးတိုးတက်ရေးပါတီတို့က တက်ရောက်
ကြသည်။
Nationality Brotherhood Fဝrum ကို လွှတ်တော်ခေါ်စအချိန်က ၂ဝ၁ဝ ရွေးကောက်ပွဲဝင် တိုင်းရင်းသား ညီနောင် ၅ ပါတီနှင့် စတင် ဖွဲ့စည်းခဲ့ပြီး ကယန်း အမျိုးသား ပါတီက ထပ်မံပူးပေါင်းခဲ့သည်။ ၎င်းတွင် ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီမှ အမတ်နေရာ ၅၇ ဦး၊ ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ ၃၅ ဦး၊ မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီ ၁၆ ဦး၊ ချင်းအမျိုးသားပါတီ ၁ဝ ဦး၊ ဖလုံ-စဝေါ် ဒီမိုကရက်တစ်ပါတီ ကိုးဦးနှင့် ကယန်း အမျိုးသား ပါတီက နှစ်ဦး အနိုင်ရရှိထားသဖြင့် စုစုပေါင်း အမတ်ဦးရေ ၁၂၉ ဦး အင်အားရှိသည့် အစုအဖွဲ့ ဖြစ်သည်။