ကွန်ပျူတာ တက္ကသိုလ် ကျောင်းသားသမဂ္ဂ ဖွဲ့စည်းပြီး

ကွန်ပျူတာ တက္ကသိုလ် ကျောင်းသားသမဂ္ဂ ဖွဲ့စည်းပြီး
by -
မဇ္ဈိမ

အခက်အခဲများကြားမှ ကျောင်းသားများ၏ အရေးအရာကို ဆောင်ရွက်နိုင်ရန်အတွက် ရန်ကုန် ကွန်ပျူတာတက္ကသိုလ် ကျောင်းသားသမဂ္ဂကို ကျောင်းသား ၃၇ ဦးဖြင့် သောကြာနေ့က ဖွဲ့စည်းလိုက်ကြကြောင်း သမဂ္ဂဖြစ်မြောက်ရေး ဦးဆောင်လှုပ်ရှားသူများက ပြောသည်။

“ဒီအဖွဲ့စည်းကို ဖွဲ့စည်းခဲ့တယ်ဆိုတာကလည်း ခက်ခက်ခဲခဲနဲ့ပါ။ သမဂ္ဂတခု ဖွဲ့စည်းဖို့ဆိုတာ အင်မတန် ခက်ပါ တယ်။ ကျောင်းသားမိဘတွေ၊ ဆရာဆရာမတွေရဲ့ အတားအဆီး အခက်အခဲတွေလည်း အများကြီး ကြုံရပါတယ် ” ဟု သမဂ္ဂဖြစ်မြောက်ရေးကော်မတီမှ ကိုဒီငြိမ်းလင်း က ပြောသည်။

မင်္ဂလာတောင်ညွှန့် မြို့နယ် ၉၈ လမ်းရှိ အဖွဲ့ဝင်တဦး အိမ်တွင် ဖွဲ့စည်းခဲ့သော သမဂ္ဂအနေဖြင့် ကွန်ပျူတာကျောင်းသားများ၏ အခွင့်အရေးများကို အဓိကတောင်းဆိုရန်နှင့် ပညာရေးစနစ်နှင့် ပတ်သက်သည့် ကိစ္စရပ်များကို ဝန်ကြီးဌာနများနှင့် တိုက်ရိုက် တွေ့ဆုံ ဆွေးနွေးနိုင်ရန် စသည့် ရည်ရွယ်ချက်များနှင့် ဖွဲ့စည်းခဲ့ခြင်းဖြစ်သည်ဟုု သမဂ္ဂတွင် ပါဝင်သူ ပထမနှစ် ကျောင်းသား ကိုရဲကျော်ကျော် က ပြောသည်။

နိုင်ငံအဝှမ်း ကျောင်းသားသမဂ္ဂများ ဖြစ်မြောက်ရေး ကော်မတီက အကြံဉာဏ်ပေးကာ ဖွဲ့စည်းခဲ့ခြင်း ဖြစ်ပြီး အဆိုပါ သမဂ္ဂတွင် အဖွဲ့ဝင်အများစုုက ပထမနှစ် ကျောင်းသား၊ ကျောင်းသူများ ဖြစ်ကြသော်လည်း ဒုုတိယနှစ်နှင့် တတိယနှစ် ကျောင်းသား၊ ကျောင်းသူများလည်း ပါ၀င်သည်။ သမဂ္ဂဖွဲ့စည်းရာတွင် အာဏာပိုုင်များနှင့် ဆရာ၊ ဆရာများအား တိုုင်ပင်ခဲ့ခြင်း မရှိဟုု ဆိုသည်။

“တကယ်က ကျနော်တို့လုပ်နေတာက နိုင်ငံရေး မဟုတ်ဘူးခင်ဗျ၊ ကျောင်းသားရေးပါ။ ဒါကို သူငယ်ချင်းတွေကိုပြောတယ်။ ဒါပေမယ့် ခုချိန်ထိ လက်မခံနိုင်ကြဘူး။ ကျောင်းသားရေးနဲ့ နိုင်ငံရေးကို ကွဲမြင်စေချင်ပါတယ်” ဟု ကိုရဲကျော်ကျော်က ဆိုသည်။   

ရန်ကုန်မြို့တွင် တက္ကသိုလ် ၁၆ ခု ရှိပြီး ယခု ကွန်ပျူတာ တက္ကသိုလ် ကျောင်းသားများသမဂ္ဂသည် ခြောက်ခုမြောက် သမဂ္ဂ ဖြစ်သည်။

ကျောင်းသား သမဂ္ဂများ ဖြစ်မြောက်ရေး ကော်မတီကို ယခုနှစ် ဇွန် ၁ ရက်က စတင်ဖွဲ့စည်းခဲ့ပြီး ရန်ကုန် အနောက်ပိုင်း တက္ကသိုလ်၊ လှိုင်သာယာ နည်းပညာ တက္ကသိုလ်နှင့် အမျိုးသား စီမံခန့်ခွဲမှု ကောလိပ် တို့တွင်လည်းကျောင်းသားသမဂ္ဂများ ဖွဲ့စည်းနိုင်ရေးအတွက် ကြိုးပမ်းသွားမည် ဟု ကိုဒီငြိမ်းလင်းက မဇ္စျိမကို ပြောကြားသွားသည်။

Most read this week