‘ရွှေမြွေဟောက်’ စစ်ရေးလေ့ကျင့်မှုမှာ မြန်မာ ပါဝင်လို

‘ရွှေမြွေဟောက်’ စစ်ရေးလေ့ကျင့်မှုမှာ မြန်မာ ပါဝင်လို
by -
မဇ္စျိမ

ထိုင်းနှင့် အမေရိကန်တို့၏ ‘ရွှေမြွေဟောက်’ ပူးတွဲ စစ်ရေးလေ့ကျင့်မှုတွင် မြန်မာနိုင်ငံ ပါဝင်နိုင်ရေး အမေရိကန်နှင့် ညှိနှိုင်းပေးရန် ထိုင်း ကာကွယ်ရေးဝန်ကြီးအား မြန်မာ စစ်ခေါင်းဆောင်များက ပြောကြား လိုက်ကြောင်း ဘန်ကောက်ပို့စ် သတင်းတရပ်တွင် ဖော်ပြပါရှိသည်။

ထိုင်းကာကွယ်ရေးဝန်ကြီး ဆူခွန်ပိုး ဆူဝါနာတတ် Sukumpol Suwanatat ၏ နှစ်ရက်ကြာ မြန်မာနိုင်ငံ ခရီးစဉ် အတွင်း မြန်မာ သမ္မတ ဦးသိန်းစိန်၊ ကာကွယ်ရေး ဦးစီးချုပ် ဒုတိယ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် ကာကွယ်ရေး ဝန်ကြီး ဗိုလ်ချုပ် လှမင်းတို့နှင့် နေပြည်တော်၌ တွေ့ဆုံစဉ် ထိုသို့ အကူအညီတောင်းခံလိုက်ခြင်းဖြစ်ပြီး ဆူခွန်ပိုး အနေနှင့်လည်း ဆောင်ရွက်ပေးရန် ဆန္ဒရှိကြောင်း ကြာသပတေးနေ့က ပြောဆိုလိုက်သည်။

မြန်မာနိုင်ငံအနေနှင့် အမေရိကန်တို့ လိုလားသည့် ဒီမိုကရေစီ စံချိန်ကိုက် မဖြစ်သေးကြောင်းကိုလည်း မြန်မာ ကာ/ချုပ် က ထုတ်ဖော်ပြောကြားခဲ့ပြီး မကြာမီတွင် နိုင်ငံသားများအနေနှင့် ဒီမိုကရေစီ အပြည့်အဝ ခံစားကြရမည်ဟု ၎င်းအား ပြောဆိုကြကြောင်း ဆူခွန်ပိုး က ဆိုသည်။

အမေရိကန် အစိုးရနှင့် ပြေလည်မှု အတန်အသင့် ရရှိထားပြီးဖြစ်သည့် မြန်မာ အစိုးရ အနေနှင့် အာရှ-ပစိဖိတ် ဒေသ အတွင်း အကြီးဆုံး ပူးတွဲစစ်ရေးလေ့ကျင့်မှု ဖြစ်သည့် ‘ရွှေမြွေဟောက်’ တွင် လာမည့်နှစ်၌ လေ့လာသူ အဖြစ် ပါဝင်နိုင်ရေးကို ဝါရှင်တန်သို့ တင်ပြနိုင်ရေးအတွက် ထိုင်းနိုင်ငံအား အကူအညီ တောင်းခံခြင်း ဖြစ်သည်။

ရွှေမြွေဟောက် သည် ထိုင်းနိုင်ငံတွင် နှစ်စဉ်ပြုလုပ်သော နိုင်ငံစုံ ပူးတွဲ စစ်ရေး လေ့ကျင့်မှှု ဖြစ်ပြီး ပါဝင် လေ့ကျင့်ကြ သည့် နိုင်ငံ ၂ဝ ကျော်အား အလွန်အရေးပါသည့် စစ်ရေး လေ့ကျင့်မှှု အခွင့်အလမ်းများ ရရှိစေကာ နိုင်ငံစုံ လေ့ကျင့်မှှု အတွင်း ပူးပေါင်းဆောင်ရွက်မှှု စစ်ရေး စွမ်းရည်ကိုလည်း တိုးတက်စေမည် ဖြစ်သည်။

လေ့ကျင့်ခန်းများထဲတွင် ကွန်ပျူတာများ အသုံးပြု၍ စစ်ပွဲအခြေအနေမျိုး ဖန်တီးကာ စစ်အမိန့်ပေးသည့် လေ့ကျင့်ခန်း များ၊ ကွင်းဆင်း လေ့ကျင့်မှှုများ၊ လူသားချင်း စာနာမှှု အကူအညီပေးသည့် လေ့ကျင့်ခန်းများနှင့် စစ်ရေး လေ့ကျင့်ရာ
ဒေသ အနီးတဝိုက်တွင် နေထိုင်ကြသည့် ထိုင်းလူမျိုးများ၏ လူနေမှှု အဆင့်အတန်းကို မြှင့်တင်ပေးနိုင်မည့် လူမှှု အကူအညီပေးရေး အစီအစဉ်များလည်း ပါဝင်သည်။ ထို့ပြင် ဗဟုသုတ သတင်းအချက်အလက်များ အချင်းချင်း မျှဝေရန်နှင့် ဆက်ဆံရေးများ တည်ဆောက်ရန် အတွက်လည်း အကြီးတန်း ခေါင်းဆောင်းများ တွေ့ဆုံကြသည်။

ရွှေမြွေဟောက် ပူးတွဲစစ်ရေးလေ့ကျင့်မှှု ၂ဝ၁၂ တွင် ပါဝင်ခဲ့ကြသည့် အချို့နိုင်ငံများမှာ အမေရိကန်၊ ထိုင်း၊ အင်ဒိုနီးရှား၊ ဂျပန်၊ မလေးရှား၊ စင်္ကာပူ နှင့် တောင်ကိုရီးယားနိုင်ငံတို့ ဖြစ်သည်။ နိုင်ငံ ၂ဝ မှ အမှှုထမ်း စုစုပေါင်း ၁ဝ,ဝဝဝ ခန့် ပါဝင်ခဲ့ကြကာ ထိုင်းနိုင်ငံတွင် ဖေဖော်ဝါရီလ ရ ရက်နေ့မှ ၁၇ ရက်နေ့အထိ စစ်ရေး လေ့ကျင့်ခဲ့ကြသည်။

အမေရိကန် ပြည်ထောင်စု ဦးဆောင်သည့် ထို ရွှေမြွေဟောက် ကို မြန်မာနိုင်ငံက စိတ်ဝင်တစားရှိကြောင်း ထိုင်း စစ်တပ် အကြီးတန်း အရာရှိတဦးက ဖေဖော်ဝါရီ လဆန်းပိုင်းကတည်းက ထုတ်ဖော် ပြောကြားဖူးသည်။

ထိုင်းကာကွယ်ရေးဝန်ကြီးသည် ဦးသိန်းစိန်နှင့်တွေ့ဆုံစဉ် နာမည်ပျက်စာရင်း အသွင်းခံထားရသည့် ထိုင်း သတင်းစာဆရာများ အရေးလည်း ထည့်သွင်းဆွေးနွေးခဲ့ကြသည်။

၂ဝဝ၂ ခုနှစ်ကတည်းက မြန်မာအစိုးရက နာမည်မဲစာရင်း သတ်မှတ်ခံထားရသည့် ထိုင်း ဂျာနယ်လစ် ၁၅ ဦး၏ ဓါတ်ပုံများနှင့် အမည်စာရင်းများအား သက်ဆိုင်ရာ တာဝန်ရှိသူများထံမှ လက်ခံရရှိသည်နှင့် တပြိုင်နက် ထိုအမည်များအား ပယ်ဖျက်ရန် အမိန့်ထုတ်ပြန်မည်ဟု ဦးသိန်းစိန်က ကတိပြုခဲ့ကြောင်းလည်း ထိုင်းဝန်ကြီးက ဆိုသည်။

ထိုသို့လုပ်ဆောင်ချက်မှာ နှစ်နိုင်ငံအကြား ဆက်ဆံရေး ပိုမိုတိုးမြှင့်ရန် ရည်ရွယ်ကြောင်းကို ဆူခွန်ပိုး က ၎င်း၏ မြန်မာနိုင်ငံ ခရီးစဉ်သို့ အတူလိုက်ပါလာသည့် ထိုင်း သတင်းစာ ဆရာများအား ဗုဒ္ဓဟူးနေ့က ပြောခဲ့သည်။

ထိုင်း-မြန်မာ နယ်စပ် ဆက်ဆံရေး တင်းမာခဲ့သည့် ၂ဝဝ၂ ခုနှစ်တွင် မြန်မာအစိုးရအား ဂုဏ်သရေ ထိခိုက်စေမည့် အရေးအသားများနှင့် မြန်မာဆန့်ကျင်ရေး ဆောင်းပါးများ ရေးသားခဲ့သည်ဟု စွပ်စွဲကာ ထို ထိုင်းသတင်းစာဆရာ ၁၅ ဦးအား မြန်မာအစိုးရက နာမည်ပျက်စာရင်းတွင် ထည့်သွင်းခဲ့ခြင်း ဖြစ်သည်။

ထိုစဉ်က ရှမ်းပြည်နယ် အတွင်း၌ ဝပြည်သွေးစည်းညီညွတ်ရေး တပ်မတော် (UWSA) က မူးယစ်ဆေးဝါးများ ထုတ်လုပ်ရာတွင် နောက်ကွယ် ၌ မြန်မာအစိုးရလည်း ပါဝင် ပတ်သက်နေသည်ဟု ထိုနှစ်တွင် ထိုင်းစစ်တပ်က စွပ်စွဲခဲ့သည်။

နာမည်ပျက်စာရင်းထဲ ထည့်သွင်းပြီးချိန်မှစ၍ ထို ၁၅ ဦးအား မြန်မာနိုင်ငံက ပြည်ဝင်ခွင့် မပေးတော့ပေ။ ထို သတင်းစာ ဆရာများထဲမှ အချို့မှာ ဘန်ကောက်ပို့စ် နှင့် The Nation သတင်းစာတို့မှ ဖြစ်ကြောင်း သိရသည်။

နှစ်နိုင်ငံ စစ်ခေါင်းဆောင်များ ဆွေးနွေးရာတွင် ထိုင်း နိုင်ငံသား ၉၂ ဦးအား မြန်မာနိုင်ငံအတွင်း တရားမဝင် ခိုးဝင်မှု၊ လက်နက် ကိုင်ဆောင်မှှု၊ မူးယစ်ဆေးဝါးများ လက်ဝယ်ပိုင်ဆိုင်မှှုများနှင့် ပတ်သက်၍ မြန်မာဘက်မှ ဖမ်းဆီးထောင်ချ ထားသည့် ကိစ္စလည်း ထည့်သွင်းဆွေးနွေးခဲ့ကြကြောင်း သိရသည်။

ထို့ပြင် ထားဝယ် ရေနက်ဆိပ်ကမ်း စီမံကိန်းအား အထောက်အပံ့ဖြစ်စေရေးအတွက် ကန်ချနပူရီခရိုင် အပါအဝင် နယ်စပ်ဂိတ်စခန်း သုံးခုကိုလည်း ထပ်မံဖွင့်လှစ်သွားရန် ထိုင်းကာကွယ်ရေးဝန်ကြီးက ဆွေးနွေးခဲ့သည်။

နှစ်နိုင်ငံ နယ်စပ်တလျှောက် မူးယစ်ဆေးဝါး တားဆီးကာကွယ်ရေးအတွက် အထူးသဖြင့် သတင်းအချက် အလက် ဖလှယ်ရေးတွင် ပူးပေါင်းဆောင်ရွက်ကြရန်လည်း သဘောတူညီမှု ရခဲ့ကြသည်။