ရှမ်းပြည်နယ် တောင်ပိုင်း မိုင်းပန်မြို့ အခြေစိုက် အစိုးရ ခမရ (၃၃၂) တပ်ရင်းသည် ရှမ်းပြည် ပြန်လည် ထူထောင်ရေး ကောင်စီ ( RCSS/SSA) ၏ နယ်မြေခံ အုပ်ချုပ်ရေး တပ်ဖွဲ့များအား တမင် ၀င်တိုက်နေဆဲဖြစ် သည်ဟု ပြောရေး ဆိုခွင့်ရှိသူ ဗိုလ်မှူးစိုင်း လောက်ဆိုင်က ဆိုပါသည်။
“ ဖြစ်တာက ခနခနပါဘဲ။ (၁၀) မိနစ် တိုက်ပွဲလေးတွေ လိုမျိုးပေါ့ဗျာ။ ကျနော်တို့နယ်ထဲကို အကြောင်းမကြားဘဲ ၀င်လာ တယ် ပစ်ခတ်ကြတယ် ပြန်ထွက်သွားတယ် အဲဒီလိုမျိုးပေါ့။ ကျနော်တို့ကလည်း အပစ်သာ ရပ်စဲထား တယ်လို့ ဆိုပေမဲ့လို့ စစ်ရေး သတိကိုတော့ အပစ်မရပ်တုန်းက အခြေအနေလိုပါဘဲ။ နောက်ဆုံးဖြစ်တဲ့တိုက်ပွဲ ကိုပြောရရင် ပြီးခဲ့တဲ့နှစ်ရက်နေ့ ကပါ။ တန့်ဆန်းမြို့ အနောက်ဖက်က မိုင်ပန်မှာ ဖြစ်ပါတယ်။ ဒီလိုဟာမျိုးတွေက အပစ်ရပ်တဲ့နေ့ကစပြီး အခုထိပါဘဲ။ ဘာမှ မထူးပါဘူး” ဟုဆိုပါသည်။
ဤကဲ့သို့ အစိုးရတပ်များ တမင် ၀င်ရောက် တိုက်ခိုက်နေမှုကို သက်ဆိုင်ရာကို အကြောင်းကြားခဲ့သော်လည်း “ အောက်ခြေ တပ်ဖွဲ့တွေရဲ့ ထိတွေ့မှုတွေဟာ အထက်က ဘာမှမသိရဘူး” ဟု အစိုးရအရာရှိများက အကြောင်း ပြန်လေ့ရှိပါသည်။ သို့ သော် ဤ လုပ်ရပ်သည် အောက်ခြေတပ်များမှာ အမိန့်မနာခံဘဲနှင့် တမင်လုပ်ယူ၍ရနိုင် မည့် ကိစ္စမဟုတ်ဟု RCSS က ဆို ပါသည်။
အစိုးရသည် နယ်မြေစိုးမိုးရေးအတွက်၄င်း၊ RCSS မှ ဖွံ့ဖြိုးရေး လုပ်ငန်းများ အကောင်အထည်ဖေါ်၍မရအောင် RCSS ၏စီမံကိန်များ ပျက်ပျယ်သွားရန် အတွက်၄င်း၊ ပြည်သူလူထုများနှင့် အေးဆေးစွာ ထိတွေ့ခွင့်မရစေရန် အတွက်၄င်း တမင်ရည်ရွယ်ပြီးလုပ်ဆောင်ခြင်းဖြစ်သည်ဟု RCSS က ယူဆပါသည်။
ဤကဲ့သို့ ပစ်ခတ်မှုများ ရှိနေသော်လည်း နှစ်ဖက် အပစ်အခတ်ရပ်စဲရေး အစီစဉ်ပျက်ပျယ်သွားခြင်းမရှိပေ။ ဒုတိယသမ္မတ ဒေါက်တာ စိုင်းမောက်ခန်းသည်လည်း သြဂုတ်လ (၁၂) ရက်နေ့တွင် ကျင်းပသော ပြည်ထောင်စုငြိမ်းချမ်းရေး ဖေါ်ဆောင်မှု လုပ်ငန်းကော်မီတီအစည်း၌ အပစ်ရပ် တိုင်းရင်းသား အဖွဲ့များနှင့် ပါတ်သက်ပြီး အောက်ပါအတိုင်း သတိပေးထားပါသည်။
“ငြိမ်းချမ်းရေး ဖော်ဆောင် နိုင်ရေးမှာ နှစ်ဦး နှစ်ဖက်တွေ့ဆုံ လက်မှတ် ရေးထိုးပြီးရုံမျှဖြင့် ငြိမ်းချမ်းရေး ရပြီဟုမဆိုနိုင်၊ ထိ လွယ်ရှလွယ်သော အခြေအနေဖြစ်၍ အခန့်မသင့်ပါက အချိန်မရွေး နောက်ဆုတ် ပျက်စီးသွားနိုင်ကြောင်း” ထည့်သွင်း ပြောဆိုခဲ့ပြီး ဖြစ်ပါသည်။
ရှမ်းပြည်ပြန်လည် ထူထောင်ရေး ကောင်စီသည်၊ ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလ ကတကြိမ် ယခုနှစ် မေလတွင် တကြိမ် အစိုးရ ပြည်တောင်စု အဆင့် ငြိမ်းချမ်းရေး ကိုယ်စားလှယ် အဖွဲ့နှင့် တွေ့ဆုံပြီး အပစ်အခတ် ရပ်စဲရေးကို လက်မှတ်ရေးထိုးခဲ့ပါ သည်။