မြန်မာ့ လူ့အခွင့်အရေး ကော်မီရှင်၏ တွေ့ရှိချက် မမှန်ကန်ဟု ကချင် ဒုက္ခသည် ကော်မီတီမှ ထောက်ပြ

မြန်မာ့ လူ့အခွင့်အရေး ကော်မီရှင်၏ တွေ့ရှိချက် မမှန်ကန်ဟု ကချင် ဒုက္ခသည် ကော်မီတီမှ ထောက်ပြ
by -
ရွှေဟင်္သာ

ကချင် ဒုက္ခသည် စခန်းများ၏  အခြေအနေအပေါ် မြန်မာနိုင်ငံ လူ့အခွင့်အရေး ကော်မရှင်၏ လေ့လာ တွေ့ရှိချက်သည် လက်တွေ့ ဖြစ်ရှိနေသော အခြေအနေနှင့် ကင်းကွာနေပြီး တရားမျှတမှု မရှိဟု ကချင် ဒုက္ခသည်များ အရေး ဆောင်ရွက် ပေးနေသည့် ဦးတွဲပီဇာမှ ရွှေဟင်္သာ သတင်းဌာနသို့ ပြောပါသည်။

30178353-01

“ သူတို့ရဲ့ ထုတ်ပြန်ချက်က မှန်လည်း မမှန်ပါဘူး။ သူတို့က အစိုးရက ထိမ်းချုပ်ထားတဲ့ ဒီမြစ်ကြီးနားနဲ့ ၀ိုင်းမော်မှာရှိတဲ့ ဒုက္ခသည်စခန်း (၁၆) ခု ကိုဘဲ လေ့လာ တာပါ။ ဒါတောင်မှ ကျနော်တို့သိတဲ့ အခြေအနေနဲ့ လွဲနေတယ်။ ပြီးတော့ KIO ထိမ်း ချုပ်တဲ့ ဒုက္ခသည် စခန်းကို မသွားဘဲနဲ့ ဒုက္ခသည်ရဲ့ အခြေအနေ တခုလုံးကို ခြုံပြီးတင်ပြဟန်ကို ယူထားတယ်ဆိုတော့ တရားလည်း မတရားပါဘူး” ဟု ဆိုပါသည်။

လက်တွေ့၌ ကေအိုင်အို ထိန်းချုပ်ရာ နယ်မြေထဲမှ လိုင်ဇာ ပတ်ဝန်းကျင်တွင် ဒုက္ခသည်ပေါင်း ၅၄,၀၀၀ ခန့် ရှိပြီး အစိုးရ ထိန်းချုပ် နယ်မြေထဲတွင် ဒုက္ခသည်ပေါင်း ၂၄, ၀၀၀ ခန့်သာ ရှိပါသည်။ ဤသို့ကြောင့် မြန်မာနိုင်ငံ လူ့အခွင့်အရေး ကော် မရှင်၏ အစီရင်ခံစာသည် အခြေအနေမှန်ကို တင်ပြနေခြင်း မဟုတ်ကြောင်း ကချင် ဒုက္ခသည်များ အရေးကိုဆောင်ရွက် ပေးနေသော ဒုက္ခသည် ကော်မီတီက ဆိုပါသည်။

မြန်မာနိုင်ငံလူ့အခွင့်အရေး ကော်မရှင်မှ ပြောသော လောက်ငှမှုသည် ဘာကို ဆိုလိုခြင်း မသိရပေ။ အစိုးရ ထိန်းချုပ်သော စခန်း များ၌လည်း ရိက္ခာများ သိုလှောင်ထားခြင်း မရှိပါဘဲနှင့် လောက်ငှမှု ရှိသည်ဟု ပြောနေသလို ဖြစ်နေပါသည်။ အစိုးရ ထိမ်းချုပ်သော စခန်းများ၌လည်း UNHCR ကသာ အများစု ထောက်ပံ့ နေပါသည်။ သို့သော်လည်း ကျနော်တို့ နည်းတူသာ ပေးထားသည်ဟု UNHCR ကိုယ်စားလှယ် များမှသိရ ကြောင်း ဦးတွဲပီ ဇာကဆိုပါသည်။

KIO ထိမ်းချုပ်သော နယ်မြေ၌ နိုင်ငံတကာ အကူအညီ ပေးရေး အဖွဲ့များ (၅) ဖွဲ့မျှရှိပါသည်။ ၄င်းတို့သည် အခြေခံရိက္ခာများ ကိုပင်လောက်ငှစွာ မပေးနိုင်ဘဲ ယခုလို မိုးရာသီတွင်း၌ တလစာ နှစ်လစာ စသည်ဖြင့် သင့်တော်သလို ခွဲတမ်းနှင့် ပေးနေရ ပါသည်။
မိုင်ဂျာယန် ကချင် ဒုက္ခသည် စခန်းမှ ဒုက္ခသည် အမျိုးသမီးတစ်ဦးအား တွေ့ရစဉ် (ဓါတ်ပုံ-အင်တာနက်)
“ဖူလုံမှုရှိတယ် ဆိုပြီးပြောတယ်၊ ကျနော်တို့မှာ ပေးသလို အစိုးရ ထိမ်းချုပ်တဲ့ စခန်းမှာလည်း အဲဒီလိုဘဲ ပေးတယ်။ ဒီတော့ ကျနော်တို့မှာက လူတစ်ယောက်ကို တစ်နေ့ကို ဆန် (၂) ပေါင်(၄ဘူးခန့်)၊ ဆီ၊ ဆား ပေးနေတယ်။ ဒါတောင် အခြေခံ ရိက္ခာ အပြင် ဟင်းဖိုးအတွက် တစ်ဦးကို ကျပ် ၃၀၀ ထပ်ဖြည့် ပေးရတယ်။ အဲဒါ အဟာရဖြစ် လောက်တဲ့ ထောက်ပံ့မှု မဟုတ်ဘူးလေ၊ ဒီတော့ အတူတူလောက် ရနေတဲ့ အခြေအနေကို မြန်မာနိုင်ငံ လူ့အခွင့်အရေး ကော်မရှင်က လောက်ငှ တယ်လို့ ပြော နေတာဟာ ပေါ်လစီ တခုခုကြောင့် ဒီစကားကို ပြောနေတယ်လို့ ထင်ပါတယ် ”ဟုဒုက္ခသည် စခန်း ကော်မီတီဝင် များက ဆိုပါသည်။

မြန်မာနိုင်ငံ လူ့အခွင့်အရေး ကော်မရှင်သည် အစိုးရမှ ဖွဲ့စည်းပေးထားသော ကော်မီရှင်ဖြစ်ပါသည်။ မြန်မာနိုင်ငံဆိုင်ရာအ မေရိကန်သံရုံးသည် ကချင် ဒုက္ခသည်များ အတွက် ဒေါ်လာ သုံးသန်း ထောက်ပံ့ရန် ထုတ်ပြန် ထားပါသည်။ ဤအကူအညီများ သည် တရုတ်နိုင်ငံ၏ ခွင့်ပြုချက် မရပါက KIO ထိန်းချုပ်သော ကချင် ဒုက္ခသည် စခန်းသို့ ရောက်ရှိရန် ခက်ခဲပေလိမ့်မည်။  ဤသို့ကြောင့် KIO ထိမ်းချုပ်သော ကချင် ဒုက္ခသည် စခန်းများ၌ အခြေခံ ရိက္ခာကိုပင် အကန့်အသတ်ဖြင့် ပေးနေရခြင်း ဖြစ်ပါသည်။

အစိုးရသည် ကချင် ဒုက္ခသည်အပေါ် ကမ္ဘာကရော မြန်မာကပါ အကြောင်းပြချက် ကောင်းအောင်၊ အာရုံ မစိုက်မိအောင် ရည်ရွယ်ပြီး မြန်မာနိုင်ငံ လူ့အခွင့်အရေး ကော်မရှင်ကို ထုတ်ပြန်ခိုင်းဖွယ် ရှိကြောင်း အကဲခတ် များက ဆိုပါသည်။

Most read this week