မောင်တောမြို့နယ်တွင် ကျောင်းများ စတင် ဖွင့်သော်လည်း ကျောင်းသားများ ကျောင်းမလာ

မောင်တောမြို့နယ်တွင် ကျောင်းများ စတင် ဖွင့်သော်လည်း ကျောင်းသားများ ကျောင်းမလာ
by -
နိရဥ္စရာ

ရခိုင်ပြည်နယ် မောင်တောမြို့နယ်တွင် ဆူပူ အကြမ်းဖက်မှုများ ဖြစ်ပွားသည့် ကတည်းက ပိတ်ထားခဲ့ရသည့် စာသင်ကျောင်း များကို သြဂတ်စ်လ ၁၃ ရက်နေ့မှ စတင်ဖွင့်လှစ်ခဲ့သော်လည်း ကျောင်းလာတက် သည့် ကျောင်းသား ကျောင်းသူများ အလွန် နည်းပါးကြောင်း သတင်း ရရှိသည်။

“စာသင်ကျောင်းတွေကတော့ ကျေညာထားတဲ့ အတိုင်း စဖွင့်ပါတယ်။ ကျောင်းသားတွေ ကျောင်းမတက်ကြဘူး။ ဆရာမတွေလည်း ကျောင်းသားတွေ မလာတော့ နေ့လည် ၁၂ နာရီကျော်ရင် ပြန်သွားကြပါတယ်။ ကျောင်းသား တွေ ဘာကြောင့် ကျောင်းမလာဘူးဆိုတော့ လုံခြံုရေး စိတ်မချ ရသေးတဲ့ အတွက်ပါ” ဟု မောင်တောမြို့ခံ တဦးကပြောသည်။

မြို့မိမြို့ဘများနှင့် အာဏာပိုင်များတွေ့ဆုံစဉ် မောင်တောမြို့နယ်ရှိ  ကျောင်းများကို သြဂတ်စ်လ ၁၃ ရက်နေ့တွင် ဖွင့်လှစ်ရန် သတ်မှတ်ခဲ့ကြသည်ဟု ဆိုသည်။

သို့သော်လည်း ကျောင်းသားအများစုမှာ ကျောင်းမလာခဲ့ကြဟု မောင်တောမြို့မှ ပညာရေး ၀န်ထမ်း တစ်ဦးက ပြောသည်။

“ အထက်တန်းကျောင်းမှာ ကျောင်းဆရာမ ၆ ယောက်နဲ့ ကျောင်းသား ၄၀ ရောက်နီးပါး ရောက်တယ်။ မောင်တော အကွက် (၁)  မူလတန်းကျောင်းမှာ ၄ တန်းက ကျောင်းသား နည်းနည်း ရောက်တယ်။ ၂ တန်းက ကျောင်းသား ၆ ယောက်ရောက်တယ်။ အတန်းငယ်က လေးတွေက တယောက်မှ မရောက်ဘူး။ နေ့လည် ၁ နာရီကျော်တာနဲ့ ကျောင်းလွှတ်လိုက်တယ်။ အလယ်တန်း ကျောင်းကတော့ မဖွင့်ဖြစ်ဘူး။”

မလိုလားအပ်သော ပြဿနာများ မဖြစ်ပွားရအောင် နံနက်ပိုင်းတွင် ရခိုင် ကျောင်းသား ကျောင်းသူ များကို သင်ကြားပြီး ညနေပိုင်းတွင် ဘင်္ဂလီ ကျောင်းသားများကို သင်ကြားရန် စီစဉ် ခဲ့သော်လည်း ဘင်္ဂလီကျောင်းသား တဦးတယောက်မှလည်း ကျောင်းလာခြင်း မရှိကြောင်း မောင် တောမြို့မှ အဆိုပါ ကျောင်းဆရာက ပြောသည်။

မောင်တောခရိုင်အတွင်း စာသင်ကျောင်းပေါင်း ၁၆၀ ကျော်ရှိပြီး အများစုမှာ လုံခြံုရေးအရ မဖွင့်လှစ်နိုင် သေးကြောင်း မောင်တောမြို့မှ ပညာရေးဝန်ထမ်းက ဆက်ပြောသည်။

မောင်တောမြို့ရှိ အထက်တန်းကျောင်းတွင် လုံခြံုရေးတပ်ဖွဲ့ဝင်များချထားသော်လည်း လုံခြံုရေးစိတ်မချ ရသည့် အတွက် ကလေးများကို မိဘများက ကျောင်းမလွတ်ကြသေးကြောင်း မောင်တောမြို့ခံများက ပြော သည်။

အလားတူ မောင်တောမြို့နယ် နယ်မြေ ၃ နံသာတောင်ကျေးရွာမှ ကျောင်းသားကျောင်းသူ ရ၀ ခန့် အပါအဝင် တခြားကျေးရွာများမှ ကလေးများမှာလည်း ကျောင်းမတက်နိုင်သေးကြောင်း ကျေးရွာ သားတဦးကပြောသည်။

“ ကလေးတွေက ပြဿနာဖြစ်ကတည်းက ကျောင်းမတက်ရဘူး။ ဒီဘက်ပိုင်းက ရွာတွေမှာ တရွာမှ ကျောင်းမဖွင့်သေးဘူး။  ကျောင်းဖွင့်ရင်လည်း ပြမဲ့ ဆရာဆရာမတွေ မရှိဘူး။ ဆရာ ဆရာမတွေလည်း ဒီမှာ မနေ ရဲလို့ အားလုံးပြန် သွားကြတယ်။”

သြဂတ်စ်လ  ၈ ရက်နေ့ကတည်းက မောင်တောမြို့တွင် စာသင်ကျောင်းများကို ပြန်လည်ဖွင့်လှစ်ရန် စီစဉ်ခဲ့ သော်လည်း မောင်တောမြို့တွင် ဗုံးပေါက်ကွဲမည်ဟု သတင်းများထွက်ပေါ်ခဲ့သည့်အတွက် သြဂတ်စ် ၁၃ ရက်နေ့မှ စတင် ဖွင့်လှစ်ခဲ့ခြင်းဖြစ်သည်။

Most read this week