လျှပ်စစ်မီးသတင်း အထောက်အထား မှန်ကန် ခိုင်လုံဟု 7Day ပြော

လျှပ်စစ်မီးသတင်း အထောက်အထား မှန်ကန် ခိုင်လုံဟု 7Day ပြော
by -
မဇ္ဈိမ

လူကြိုက်များသော ဂျာနယ်တခုုဖြစ်သည့် 7Day တွင် ဖော်ပြခဲ့သည့် လျှပ်စစ်မီးနှင့် ပတ်သက်သည့် သတင်းတပုဒ်ကို မမှန်မကန် မှားယွင်းဖော်ပြသည်ဆိုသည့် ကုမ္ပဏီတခု၏ စွပ်စွဲမှုနှင့်ပတ်သက်၍ ၎င်းတို့ တင်ပြသည့်သတင်းမှာ အထောက်အထား ပြည့်စုံပြီး မှန်ကန်၊ ခိုင်လုံမှုရှိသည်ဟု ဂျာနယ်တာဝန်ရှိသူတဦးက တုန့်ပြန် ပြောဆိုလိုက်သည်။

“အမှုကိစ္စအတွက်တော့ ခုမှ တိုင်ပင်နေတုန်း။ ပြင်ဆင်နေတုန်းပါပဲ။ ဂျာနယ်ဘက်ကတော့ သတင်းက မှန်ကန်မှုရှိ တယ်၊ ခိုင်လုံမှုရှိတယ်၊ အထောက်အထားတွေ အကုန်ရှိတယ်။ ဘာအကြောင်း တစုံတရာနဲ့မှ တောင်းပန်မှာ မဟုတ်ပါဘူး” ဟု 7Day ဂျာနယ် တာဝန်ရှိသူက မဇ္စျိမကို ပြောသည်။

မုံရွာမြို့နယ်အတွင်းရှိ ခေတ္တာက္ကန်(မြောက်) ရွာတွင် ဖွံ့ဖြိုးမြန်မာကုမ္ပဏီ၏ ဆောင်ရွက်ချက်ကို “ကျေးရွာ လျှပ်စစ်မီးလင်းရေး လေးနှစ်ကြာသော်လည်း လျှပ်စစ်မီးမရဘဲ မီတာ လျှောက်ထားသူများသာ အကြွေးတင်” ဟူသည့် ခေါင်းစဉ်ဖြင့် ဇွန်လအတွင်း ထုတ်ဝေသည့် 7Day ဂျာနယ်တစောင်တွင် ဖော်ပြပါရှိခဲ့ရာ ထိုသတင်း မှားယွင်းသည်ဟု ဆိုကာ ကုမ္ပဏီဘက်မှ တွေ့ဆုံညှိနှိုင်းလိုကြောင်း နိုင်ငံပိုင် သတင်းစာမှ တဆင့် တနင်္ဂနွေနေ့က ကြေညာခြင်းကို ဂျာနယ်က တုန့်ပြန်လိုက်ခြင်း ဖြစ်သည်။

ကုမ္ပဏီ၏ ကြေညာချက်တွင် သတင်းရေးသားသူ သတင်းထောက်အနေနှင့် နှစ်ပတ်အတွင်း လာရောက်တွေ့ဆုံရန် တောင်းဆိုထားသည်။

“သူတို့ဘက်က နှစ်ပတ်နေလို့မှ ဘာမှ အကြောင်းပြန်တာမျိုးမရှိရင် တရားရုံးမှာပဲ ရင်ဆိုင်သွားမှာပါ။ သူတို့ဘက် ကတော့ ခုချိန်ထိ ဆက်သွယ်လာတာမျိုး မရှိသေးပါဘူး” ဟု ဖွံ့ဖြိုးမြန်မာ ကုမ္ပဏီ၏ အင်ဂျင်နီယာ(စီမံ) ဦးတင်ကိုသန့် က မဇ္စျိမကို ပြောသည်။

ခေတ္တာက္ကန်ရွာမှ လယ်မားများသည် မီတာ တလုံးအတွက် ကုန်ကျစရိတ် ခြောက်သိန်းကို လယ်မြေများ ပေါင်နှံကာ လျှပ်စစ်မီး သုံးစွဲခွင့် ရရှိရေး ဖွံ့ဖြိုးမြန်မာကုမ္ပဏီသို့ ပေးသွင်းခဲ့သော်လည်း လျှပ်စစ်မီးမရဘဲ လယ်မြေများဆုံးရှုံးကာ အကြွေး တင်နေကြသည်ဟု ဂျာနယ်က ရေးသားထားသည်။
7day-electric-post
ထိုရေးသားမှုနှင့် ပတ်သက်၍ သတင်းထောက်သည် ကုမ္ပဏီနှင့် ကျေးရွာမီးလင်းရေး ကော်မတီသို့ လာရောက် တွေ့ဆုံ၍ သတင်းအတည်ပြုချက် ရယူခဲ့ခြင်းမရှိဘဲ မီးလင်းရေး ကော်မတီနှင့် ကုမ္ပဏီတို့ကြား အသုံးပြုထားသည့် ငွေကြေးများမှာလည်း လွန်စွာကွာဟ၍ မှားယွင်းနေကြောင်း၊ ဖွံ့ဖြိုးမြန်မာ ကုမ္ပဏီ၏ ကြေညာချက်တွင် ဖော်ပြပါရှိသည်။

ခေတ္တာက္ကန်(မြောက်)ရွာ မီးလင်းရေးအတွက် ကျပ်ငွေ ၁၄၂ သန်း ကုန်ကျနိုင်သည် ဟုလည်း မြို့နယ် လျှပ်စစ် အင်ဂျင်နီယာဌာနကို ကိုးကား၍ 7Day ဂျာနယ်က ရေးသားထားသည်။

Most read this week