သတ္တုတွင်း ဝန်ကြီးဌာန အပါအဝင် ဝန်ကြီးဌာန အချို့တွင် ငွေကြေး အလွဲသုံးစားပြုမှုများ ရှိနေသည်ဟု ရေးသားဖော်ပြသည့် အပတ်စဉ်ထုတ် The Voice Weekly ဂျာနယ်အား တရားစွဲဆိုထားသော အမှု စွဲချက်တင်သင့် မတင်သင့် လာမည့် ၂၃ ရက်နေ့တွင် နှစ်ဖက်ရှေ့နေများ လျှောက်လဲချက်ပေးမည် ဖြစ်ကြောင်း သိရသည်။
သတ္တုတွင်းဝန်ကြီးဌာနက စွဲဆိုထားသည့် ပုဒ်မနှင့် The voice ဂျာနယ်တွင် ဖော်ပြထားသည့် အချက်များနှင့် ကိုက်ညီမှု မရှိသဖြင့် စွဲချက်မတင်သင့်ကြောင်း The Voice ဘက်မှ လျှောက်လဲချက်ပေးမည်ဟု ရှေ့နေကြီး ဦးဝင်းရွှေ က ပြောသည်။
“ဂျာနယ်အနေနဲ့ ပြည်သူ့လွှတ်တော် ငွေစာရင်းကော်မတီရဲ့ အစီရင်ခံစာပေါ်မှာ လွှတ်တော် ကိုယ်စားလှယ်တွေ ပြောပြတဲ့ စကားကို မှီငြမ်းပြုပြီးတော့ သတင်း ဖော်ပြတာကိုး။ သတ္တုတွင်းဌာနကို အသရေပျက်စေလိုတဲ့ သတင်းမျိုး မဟုတ်တဲ့အတွက် စွဲချက် မတင်သင့်ဘူးလို့ပဲ ကျနော်တို့က ယုံယုံကြည်ကြည် လျှောက်လဲမှာပါ” ဟု သူက မဇ္စိိျမကို
ပြောသည်။
အကယ်၍ စွဲချက်မတင်သင့်ကြောင့် တရားသူကြီးမှ ဆုံးဖြတ်မည် ဆိုပါက The Voice ဂျာနယ်က တရားစွဲဆိုမှုမှ လွတ်မြောက်မည် ဖြစ်ပြီး စွဲချက်တင်ရန် ဆုံးမည်မည်ဆိုပါက သက်သေများအား ပြန်လည် စစ်ဆေးမည် ဖြစ်သည်။
ဒဂုံမြို့နယ် တရားရုံးတွင် ကြာသပတေးနေ့က ပြုလုပ်သည့် တရားလိုပြသက်သေ မြန်မာစီးပွားရေး ဘဏ်ခွဲ (၃)မှ မန်နေဂျာ ဦးအောင်ကိုကိုက ၎င်းတို့ ဘဏ်ထဲသို့ အမေရိကန် ဒေါ်လာ သန်း ၁ဝဝနှင့် ညီမျှသော မြန်မာငွေ ၅၃၆,၂၂၉,၉၂၂.၇၈ ကျပ် လက်ခံရရှိသည်ဟု ထွက်ဆိုခဲ့သော်လည်း ဘယ်သူ၊ ဘယ်ပုဂ္ဂိုလ် ပို့သည်ကို ထွက်ဆိုခြင်း မရှိခဲ့ကြောင်း ရှေ့နေ ဦးဝင်းရွှေ က ပြောသည်။
မတ်လ ၁၂ ရက်နေ့ထုတ် The Voice Weekly ဂျာနယ် အတွဲ ၈ အမှတ် ၁၃ ၌ “ဝန်ကြီးဌာန အချို့၏ ကျပ်သိန်းထောင် ချီ အလွဲသုံးစားမှု တွေ့ရှိ” ခေါင်းစဉ်ဖြင့် ဂျာနယ် မျက်နှာဖုံး သတင်းအဖြစ် ဖော်ပြခဲ့ခြင်းကြောင့် သတ္တုတွင်းဝန်ကြီးဌာနက သတင်း မမှန်မကန် ဖော်ပြသည်ဟုဆိုကာ ၎င်းဂျာနယ်အား အသရေဖျက်မှုဖြင့် တရားစွဲဆိုခဲ့ခြင်း ဖြစ်သည်။
အမှတ် (၁) သတ္တုတွင်းဝန်ကြီးဌာန ပိုင်ဆိုင်သည့် မုံရွာကြေးနီ စီမံကိန်း၏ အစုရှယ်ယာ ၅ဝ ရာခိုင်နှုန်း (ဒေါ်လာ သန်း ၁ဝဝ တန်ဖိုး)ကို မြန်မာ့စီးပွားရေး ဦးပိုင်လီမိတက်သို့ ရောင်းချခဲ့ရာ ငွေပေးချေရာ၌ ဦးပိုင်လီမိတက်က ပေးချေရမည့် အစား နိုင်ငံခြား ကုမ္ပဏီတခုက ပေးချေသည်ဟု The voice ဂျာနယ်က ရေးသားခဲ့သည်။
ပြည်ထောင်စု စာရင်းစစ်ချုပ်မှ အောက်လွှတ်တော် ငွေစာရင်းကော်မတီသို့ ပေးပို့သော စာမျက်နှာ ၃၆ မျက်နှာရှိ အစီရင်ခံစာပါ အချက်အလက်များကို ရယူရေးသားထားခြင်း ဖြစ်သည်ဟု The voice Weekly ဂျာနယ်က အယ်ဒီတာချုပ်က မဇ္စျိမကို ပြောဆိုထားသည်။
ယနေ့ တရားခွင်သို့ တရားလိုဘက်မှ စစ်ဆေးမှုတွင် သတ္တုတွင်းဝန်ကြီး ဌာနမှ ညွှန်ကြားရေးမှူး ဦးဇော်ကိုကို တက်ရောက်ပြီး စွပ်စွဲခံရသည့် The Voice ဂျာနယ်ဘက်မှ ထုတ်ဝေသူ ဒေါ်ခင်ကြွယ်ဦး၊ အယ်ဒီတာချုပ် ဦးကျော်မင်းဆွေနှင့် ရှေ့နေ ဦးဝင်းရွှေတို့ တက်ရောက်ခဲ့သည်ဟု သိရသည်။
၎င်းဂျာနယ်အား အသရေဖျက်မှှု ပုဒ်မ ၅ဝဝ ဖြင့် တရားစွဲဆိုထားခြင်းသည် ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့် ညီ/မညီကို ခုံရုံးသို့ တင်ပြရန်နှင့် အမှုကို ရပ်ဆိုင်းပေးရန်အတွက် ဒဂုံမြို့နယ် တရားရုံးကို လျှောက်ထားခဲ့ရာ တရားသူကြီးက ပြီးခဲ့သည့် ဇွန်လ ၂ဝ ရက် ရုံးချိန်းတွင် ပယ်ချခဲ့သည်။
ထို့ပြင် တရားလိုဘက်မှ သတ္တုတွင်းဝန်ကြီးဌာနဘက်မှ ထိုသတင်း ရေးသားသူအား ဖော်ထုတ်ပေးရန် လျှောက်လဲချက် ကိုလည်း မေလ ၂၃ ရက်နေ့က ဒဂုံမြို့နယ် တရားသူကြီး ဒေါ်ခင်သန့်ဇင် က ပယ်ချလိုက်သည်။
ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၅ဝဝ ဖြင့် ပြစ်မှု မြောက်ပါက ပြစ်ဒဏ် ၁ နှစ် သို့မဟုတ် ငွေဒဏ်အားဖြင့်လည်း ကျခံနိုင်သည်။