ကုလ ကိုယ်စားလှယ်ခရီးစဉ်အား အစိုးရက ပိတ်ပင်မှုအချို့ ပြုလုပ်ခဲ့

ကုလ ကိုယ်စားလှယ်ခရီးစဉ်အား အစိုးရက ပိတ်ပင်မှုအချို့ ပြုလုပ်ခဲ့
by -
မဇ္စျိမ

ကုလသမဂ္ဂ၏ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် မစ္စတာ သောမတ်စ် အိုဂျေး ကွင်တားနား ၏ ခြောက်ရက်ကြာ မြန်မာနိုင်ငံခရီးစဉ်အတွင်း လူ့အခွင့်အရေး အခြေအနေများ သွားရောက် လေ့လာရန် ခွင့်တောင်းထားသည့် နေရာအချို့အား မြန်မာအစိုးရမှ ခွင့်မပြုခဲ့ဟု ကွင်တားနားက ပြောသည်။

TOQ2

သြဂုတ်လ ရ ရက်နေ့က မဲဆောက်မြို့၌ မြန်မာအဖွဲ့အစည်းများနှင့် တွေ့ဆုံစဉ် မစ္စတာကွင်တားနားက ထိုသို့ ပြောကြားသွားခဲ့ကြောင်း ဆွေးနွေးပွဲတွင် ပါဝင်တက်ရောက်ခဲ့သူ တဦးက မဇ္စျိမကို ပြောသည်။

“သူ့ခရီးစဉ်မှာ သွားဖို့ သုံးနေရာ တောင်းထားတယ်။ ရခိုင်ရယ်၊ ကရင်ရယ်၊ ကချင်ရယ်။ ဒါပေမယ့် ရခိုင်ကို သွားဖို့ပဲ ခွင့်ပြုခဲ့တယ်။ ကျန်တဲ့ နှစ်နေရာကိုတော့ အစိုးရဘက်က လုံခြံုရေး အကြောင်းပြချက်နဲ့ သွားခွင့် မပြုနိုင်ဘူးဆိုပြီး ငြင်းလိုက်တယ်” ဟု မြန်မာဒီမိုကရေစီအဖွဲ့ချုပ် FDB မှ ဒေါက်တာ နိုင်အောင် က ပြောသည်။

မစ္စတာ ကွင်တားနားသည် ထိုင်း-မြန်မာ နယ်စပ် မဲဆောက်မြို့တွင် နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့် ရှောက်ရေး အသင်း AAPP၊ ထိုင်း-မြန်မာနယ်စပ် ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ TBBC၊ FDB၊ ကရင်အမျိုးသမီး အဖွဲ့ KWO၊ လူ့အခွင့်အရေး အချက်အလက်စုဆောင်းရေးကွန်ယက် ND-Burma ၊ နယ်လှည့်ကျောပိုးအိတ် ကျန်းမာရေး လုပ်သားအဖွဲ့ Back-Pack ၊ မယ်တော်ဆေးခန်း၊ ကရင်လူ့အခွင့်အရေးအဖွဲ့ (KHRG) တို့နှင့် တွေ့ဆုံခဲ့သည်။

“နိုင်ငံတကာက လူ့အခွင့်အရေးကိစ္စကို အလေးပေးနေတဲ့အချိန်မှာ ရခိုင်ကိစ္စဟာ နိုင်ငံတကာရဲ့ အာရုံစိုက်မှု ပိုလာနေ ပါတယ်။ ကျန်တဲ့့ နိုင်/ကျဉ်း လွတ်မြောက်ရေးတို့၊ အခြားဒေသတွင်း လူအခွင့်အရေး ချိုးဖောက်မှုတွေ ကိုတော့ ဒုတိယ အဆင့်မှာ စဉ်းစားနေပေမယ့် သူ့အနေနဲ့ ဒီလိုဖြစ်စဉ်တွေ ရှိနေသေးတဲ့ အကြောင်းကိုလည်း အသိအမှတ် ပြုထားပါ တယ်” ဟု ဒေါက်တာ နိုင်အောင်က ဆက်ပြောသည်။

မစ္စတာ ကွင်တားနားက ၎င်း၏ မြန်မာနိုင်ငံ ခရီးစဉ်အပေါ် တွေ့ရှိချက်များနှင့် ပတ်သက်၍ ရန်ကုန်လေဆိပ်၌ သတင်းစာ ရှင်းလင်းပွဲတရပ် ပြုလုပ်ခဲ့ကာ ၁၉၈၂ ခုနှစ်၊ နိုင်ငံသား ဖြစ်ခွင့် အက်ဥပဒေကို ပြန်လည် ပြင်ဆင်ရေးဆွဲရန် လိုအပ်နေပြီ ဖြစ်ကြောင်းနှင့် ရခိုင်အရေးအား သီးခြား လွတ်လပ်သည့် ယုံကြည် စိတ်ချလောက်သော စုံစမ်း စစ်ဆေးမှှုတရပ် ပြုလုပ် ရန် တိုက်တွန်းထားသည်။

မဲဆောက်မြို့ တွေ့ဆုံပွဲ၌လည်း မစ္စတာ ကွင်တားနားက ကချင် ပြည်တွင်းစစ် အနေအထားနှင့် လူ့အခွင့်အရေး ကိစ္စရပ် များနှင့် ရှမ်းပြည်ရှိ တိုက်ပွဲများ ဆက်လက် ဖြစ်ပွားနေမှု အခြေအနေများ၊ ဘိန်းများ တွင်ကျယ်စွာ စိုက်ပျိုးရောင်းချဖောက်ကားနေမှုများ၊ အပစ်အခတ် ရပ်စဲပြီး နောက်ပိုင်း၌ ကရင်အမျိုးသား အစည်းအရုံးနှင့် အစိုးရ တပ်တို့အကြား တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေဆဲ အနေအထားများမှာ စိုးရိမ်စရာ အနေအထား၌ ရှိနေဆဲဟု သုံးသပ် ပြောဆိုသွားခဲ့ သည်။

ဆွေးနွေးပွဲတက်ရောက်သည့် အဖွဲ့များ၏ တင်ပြချက်များကို မစ္စတာ ကွင်တားနား က သတင်းအချက်အလက် များ ရယူ စုဆောင်းသွားခဲ့သည်။ မြန်မာနိုင်ငံ၏ ပြုပြင် ပြောင်းလဲရေး လုပ်ငန်းစဉ်များ၌ နိုင်ငံတကာမှ ပါဝင် ကူညီဆောင်ရွက်ပေးနိုင်ရေးမှာ လူ့အခွင့်အရေး ကိစ္စအား Top Agenda (ထိပ်တန်းခေါင်းစဉ်)အဖြစ် ထားရှိပြီး ပြောဆိုနေသည်ဟု မစ္စတာ ကင်တားနား က ပြောသည်။

ကုလသမဂ္ဂ၏ မြန်မာနိုင်ငံ အထူးကိုယ်စားလှယ် အဖြစ် မစ္စတာ ကင်တားနားအား ၂ဝဝ၈ ခုနှစ်၊ မတ်လတွင် စတင် တာဝန်ပေးအပ်ခဲ့ပြီး လူ့အခွင့်အရေး ကိစ္စနှင့် ပတ်သက်၍ မြန်မာနိုင်ငံသို့ လာရောက်ခြင်းမှာလည်း ခြောက်ကြိမ်မြောက် ရှိပြီဖြစ်သည်။

မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် များအဖြစ် ၁၉၈၈ နောက်ပိုင်းမှ စ၍ စာဒါကို အိုဂါတာ (Sadako Ogata)၊ ယိုဇိုယိုကိုတာ (Yozo Yokota)၊ ရာချ် စိုးမားလာလား (Rajsoomer Lallah)၊ ပင်ညဲရိုး (Paulo Sergio Pinheiro)၊ သောမတ်စ် ကွင်းတားနား (Tomas Ojea Quintana) တို့က ဆောင်ရွက်ခဲ့ကြသည်။