ဒေါ်စု ရုပ်တု ဖွင့်ပွဲနှင့် ၈၈၈၈ အခမ်းအနား မိုးရေးမြို့တွင် ကျင်းပ

ဒေါ်စု ရုပ်တု ဖွင့်ပွဲနှင့် ၈၈၈၈ အခမ်းအနား မိုးရေးမြို့တွင် ကျင်းပ
by -
မဇ္စျိမ

မြန်မာ-အိန္ဒိယ နယ်စပ် မိုးရေးမြို့တွင် မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ ကိုယ်တ ပိုင်းပုံ ရုပ်တုဖွင့်ပွဲနှင့် ရှစ်လေးလုံး နှစ်ပတ်လည် အခမ်းအနားကို ဗုဒ္ဓဟူးနေ့ နံနက်ကကျင်းပခဲ့ ကြောင်း သိရသည်။

ရုပ်တုအား Social Science Study Center (လူမှုသိပ္ပံ လေ့လာရေးစင်တာ) တွင် မြို့မိမြို့ဖတဦးက ဖွင့်လှစ်ပေးခဲ့ ကြောင်း ဦးဆောင်ကျင်းပသည့် Solidarity Committee for Burma’s Democracy (SCBD)မှ ရှေ့နေကြီး မစ္စတာရာတန် Mr. Ratan က ပြောသည်။

“ရုပ်တုဖွင့်ပွဲကိုရော၊ ရှစ်လေးလုံး အခမ်းအနားကိုရော ကျင်းပပါတယ်။ လူ ၂၀၀ ကျော်တက်တယ်။ ဖွင့်ပွဲပြီးတော့ ရှစ်လေးလုံး အခမ်းအနား ဆက်ကျင်းပတယ်။ မြန်မာ ၂၀ ကျော်လောက် လာတက်တယ်” ဟု မဇ္စျိမကို ပြောသည်။

မြန်မာ့အရေး လှုပ်ရှားနေသည့် မဏိပူရအခြေစိုက် SCBD အဖွဲ့ခေါင်းဆောင် မစ္စတာ စန်တာ Mr. Santa က မိန့်ခွန်း ပြောကြားရာတွင် “မဏိပူပြည်သူတွေက မြန်မာတွေကို ဒီမိုကရေစီ ရရှိစေချင်တာ။ မြန်မာ့ဒီမိုကရေစီ လှုပ်ရှားမှုကို ထောက်ခံတာ၊ အမျိုးသား ပြန်လည်သင့်မြတ်ရေး၊ ငြိမ်းချမ်းစွာနဲ့ ဒီမိုကရေစီ ထွန်းကားရေး တို့အတွက် အခမ်းအနား ကျင်းပရတာ ဖြစ်တယ်” ဟု ထည့်သွင်း ပြောဆိုသွားသည်။

စစ်မှန်သည့် ဒီမိုကရေစီသာလျှင် တိုင်းပြည်ဖွံ့ဖြိုးရေးအတွက် အကောင်းဆုံး လုပ်ပေးနိုင်ကြောင်း သမ္မတဦး သိန်းစိန် သိရှိစေလိုကြောင်း မစ္စတာရာတန် က ဆိုသည်။

အခမ်းအနားသို့ ဒေသခံ ကူကီးလူမျိုး၊ မဏိပူရီ လူမျိုးများ တက်ရောက်ခဲ့ကြပြီး အငြိမ်းစား အရာရှိဟောင်း များ၊ ကျောင်းဆရာ၊ ဆရာမများ၊ ကျောင်းသားများ၊ စိတ်ပါဝင်စားသည့် ဒေသခံပြည်သူများအပြင် တမူးမြို့မှ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် အဖွဲ့ဝင် တချို ့လည်း တက်ရောက်ခဲ့ကြသည်။

ရှစ်လေးလုံး သမိုင်းဖြစ်စဉ်နှင့်အတူ ဒေါ်အောင်ဆန်းစုကြည်၏ စွန့်လွှတ်အနစ်နာခံမှုများ ဟောပြောခဲ့ကြပြီး ဒေသတွင်း လူမျိုးစုခေါင်းဆောင်များကလည်း ၎င်းတို့၏ အမြင်များကို ဆွေးနွေးဖလှယ်ခဲ့ကြသည်။

“ကျနော်တို့ မဏိပူပြည်သူတွေဟာ ဒေါ်အောင်ဆန်းစုကြည်ကို ချစ်ခင်နှစ်သက်ပါတယ်။ သူဟာ မှန်ကန်တယ်။ ရဲရင့် တယ်။ ကျနော်တို့ သူကို လေးစားတယ်။ သူ့ရဲ့ လုပ်ဆောင်ချက်တွေကို တကမ္ဘာလုံးက လေးစားအား ကျတယ်။ ကျနော် တို့ ထောက်ခံတယ်” ဟု ရှေ့နေကြီး ရာတန် က ဆိုသည်။ 

SCBD တွင် သဘာပတိ အဖွဲ့ဝင် ငါးဦးဖြင့် ဖွဲ့စည်းထားပြီး မြန်မာ့အရေး စိတ်ပါဝင်စားသူ ဒေသခံ နိုင်ငံရေး ပါတီခေါင်းဆောင်များ၊ ရှေ့နေများ၊ အရာရှိဟောင်းများ ပါဝင်သည်။

နယူးဒေလီမြို့လယ် Janta Manta ပန်းခြံအနီးတွင် မြန်မာ့ဒီမိုကရေစီရေး လှုပ်ရှားသူ ရ၀ ခန့်က ရှစ်လေးလုံး ဒီမိုကရေစီ အရေးတော်ပုံ ၂၄ နှစ်မြောက် အထိမ်းအမှတ် ဆန္ဒပြပွဲတခု ဗုဒ္ဓဟူးနေ့ နံနက်ပိုင်းက ပြုလုပ်ခဲ့ကြသည်။

ဆန္ဒပြပွဲတွင် ၁၉၈၈ ခုနှစ်၊ ဒီမိုကရေစီ လှုပ်ရှားမှု သမိုင်းကြောင်းအား ကိုယ်တိုင် ကြံုတွေ့ ဖြတ်သန်းခဲ့သူများက
ဟောပြောခဲ့ကြပြီး ဒီမိုကရေစီရရှိရေး၊ စစ်အာဏာရှင်စနစ် အပြီးတိုင် ကျဆုံးရေး၊ ကချင်ပြည်နယ်တွင်း ဖြစ်ပွားနေသည့် ပြည်တွင်း စစ်ရပ်စဲရေးတို့ကို တောင်းဆိုကာ သမ္မတ ဦးသိန်းစိန်၏ ပုံစံ စက္ကူထူရုပ်အား မီးရှို့ကာ လက်ရှိအစိုးရအား အလိုမရှိကြောင်း ဆန္ဒပြကြသည်။