ဥပဒေစိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေးကော်မတီတွင် ဒေါ်စု ဥက္ကဋ္ဌဖြစ်

ဥပဒေစိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေးကော်မတီတွင် ဒေါ်စု ဥက္ကဋ္ဌဖြစ်
by -
မဇ္စျိမ

တရားဥပဒေ စိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေး ကော်မတီကို အင်္ဂါနေ့ ပြည်သူ့ လွှတ်တော်တွင် အဖွဲ့ဝင် ၁၅ ဦးဖြင့် ဖွဲ့စည်းလိုက်ပြီး အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် NLD ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ကို ကော်မတီ၏ ဥက္ကဋ္ဌအဖြစ် လွှတ်တော်က အတည်ပြုပေးလိုက်သည်သည်။

p3

ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းက ဖွဲ့စည်းပုံအခြေခံဥပဒေက ပေးအပ်ထားသည့် သူ၏ လုပ်ပိုင်ခွင့်အရ အဆိုပါကော်မတီကို ဖွဲ့စည်း၍ ဥက္ကဋ္ဌ၊ အတွင်းရေးမှူး၊ အဖွဲ့ဝင်များကို ရွေးချယ်၍ လွှတ်တော်သို့တင်ပြအတည်ပြ ကာ အတည်ပြု ဖွဲ့စည်းခဲ့ခြင်း ဖြစ်သည်။

အစိုးရဝန်ထမ်းများ၊ တရားရေးအဖွဲ့အစည်းများ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ မီဒီယာများ ပြဋ္ဌာန်းထားသည့် ဥပဒေ များအတိုင်း လိုက်နာကျင့်သုံးခြင်းရှိမရှိ စိစစ်၍ လွှတ်တော်သို့ တင်ပြနိုင်သည်ဟု လွှတ်တော် ဒုတိယ ဥက္ကဋ္ဌ ဦးနန္ဒကျော်စွာက ကော်တီ၏ တာဝန်များကို လွှတ်တော်တွင် ပြောဆိုသွားသည်ဟုလည်း ပဲခူးတိုင်း၊ သနပ်ပင်မြို့နယ် လွှတ်တော်အမတ် ဦးမြင့်ဦးက မဇ္ဈိမကို ပြောသည်။

“လွှတ်တော် ကိုယ်စားလှယ်တွေနဲ့ ဆိုင်တဲ့ကိစ္စတွေ သတင်းမီဒီယာတွေနဲ့ ဆိုင်တဲ့ ကိစ္စတွေကို နှိုးဆော်တာ တိုက်တွန်း တာ ထိန်းညှိပေးတာတွေ ဆောင်ရွက်ဖို့ ရှိတယ်။ တကယ်လို့ အရေးယူဆောင်ရွက်ရမယ့်ဟာ တခုခု ရှိတယ်ဆိုရင် ဥက္ကဋ္ဌကို တင်ပြပြီးတော့ ဆောင်ရွက်နိုင်တယ်။ အဲဒီတော့ ဒီကော်မတီမှာ တည်ငြိမ်းအေးချမ်းမှုနဲ့ ငြိမ်းချမ်းရေး ဖေါ်ဆောင်ဖို့လို့ ဒီကော်မတီမှာ တာဝန်ရှိတယ်ပေါ့။ အသစ်ပြဋ္ဌာန်းတဲ့ ဥပဒေများနဲ့ပတ်သက် လို့ပဲဖြစ်ဖြစ် ပြင်ဆင်ရန် ရှိတယ်ဆိုရင်လည်း သူက လွှတ်တော်ကို တင်ပြနိုင်တယ်” ဟု ဦးမြင့်ဦးက ပြောသည်။

အဆိုပါ ကော်မတီကို ပြည်ထောင်စုအဆင့် အဖွဲ့အစည်းအဖြစ် သတ်မှတ်ပြီး ပြည်သူများမှ တင်ပြလာသည့် တိုင်ကြားစာ များနှင့် ပတ်သက်၍ သက်ဆိုင်ရာ ပြည်ထောင်စုဝန်ကြီးများ၊ ပြည်ထောင်စုအဆင့် အရာရှိများကိုလည်း ခေါ်ယူမေးမြန်း နိုင်သည့် လုပ်ပိုင်ခွင့် ရှိသည်ဟုလည်း လွှတ်တော်အမတ်များက မဇ္ဈိမကိုပြောသည်။

ယခု ကော်မတီ၏ ဥက္ကဋ္ဌအဖြစ် တာဝန်ယူသူ ဒေါ်အောင်ဆန်းစုကြည်သည် ၂ဝ၁၂ ခုနှစ်၊ ကြားဖြတ် ရွေးကောက်ပွဲ ကာလ မဲဆွယ်စည်းရုံးမှုများအတွင်း တရားဥပဒေစိုးမိုးမှုရရှိရန် ကြိုးပမ်းဆောင်ရွက်သွားမည်ဟု ပြောဆို ကတိပေးခဲ့ သည်။

ကော်မတီ၏ လုပ်ငန်းစဉ်များ အသေးစိတ် ဆွေးနွေးမှု မရှိသေးသော်လည်း “တည်ငြိမ်အေးချမ်းရေးနဲ့ ပတ်သက်လို့ ကတော့ ကျနော်တို့က အစတည်းက ပြည်တွင်း ငြိမ်းချမ်းရေးအတွက် ရွေးကောက်ပွဲ ဝင်ခဲ့တာပါ။ ကျနော်တို့က ဒါတွေ အကုန်လုံးလုပ်ဖို့ တည်ငြိမ်းအေးချမ်းဖို့ ဆောင်ရွက်ဖို့ ရှိပါတယ်” ဟု ကော်မတီ၏ အတွင်းရေးမှူးအဖြစ် တာဝန်ယူမည့် NLD ပါတီမှ ပုသိမ် မဲဆန္ဒနယ်မှ ဦးဝင်းမြင့် က မဇ္ဈိမကို ပြောသည်။

ဤကော်မတီသည် ပြည်သူ့လွှတ်တော်၏ ၂၅ ခုမြောက် ကော်မတီလည်း ဖြစ်သည်။ ပြည်သူ့လွှတ်တော်သည် ပြည်သူ့ ငွေစာရင်းကော်မတီ၊ ပြုပြင်ပြောင်းလဲရေးနှင့် ခေတ်မီဖွ့ံဖြိုးတိုးတက်မှု စိစစ်ရေး ကော်မတီ၊ ဥပဒေရေးရာနှင့် အထူး ကိစ္စရပ်များ လေ့လာဆန်းစစ်သုံးသပ်ရေး ကော်မရှင် စသည့် ကော်မတီနှင့် ကော်မရှင်ပေါင်း ၂၄ ခုကို ၂ဝ၁ဝ ခုနှစ်၊ ဧပြီလအတွင်းမှ စတင်ဖွဲ့စည်းလာခဲ့သည်။