ညောင်လေးပင်နှင့် ကဝမြို့နယ် စပါးစိုက်ဧက တသောင်းကျော် ရေနစ််မြုပ်

ညောင်လေးပင်နှင့် ကဝမြို့နယ် စပါးစိုက်ဧက တသောင်းကျော် ရေနစ််မြုပ်
by -
မဇ္စျိမ

မိုးများ အဆက်မပျက် ရွာသွန်းမှုကြောင့် ပဲခူးတိုင်း၊ ညောင်လေးပင်နှင့် ကဝမြို့နယ်တို့ရှိ စပါးစိုက်ဧက သောင်းနှင့်ချီ၍ ရေနစ်မြုပ်လျက်ရှိကာ ပျက်စီးဆုံးရှုံးကုန်မည်ကို လယ်သမားများက စိုးရိမ်ပူပန်လျက် ရှိကြသည်။

flootiong

ညောင်လေးပင်မြို့နယ်မှာပင် ကျေးရွာ ၂ဝ ကျော်မှ စပါးစိုက်လယ်ဧက ၁ဝ,ဝဝဝ ကျော် ရေနစ်မြုပ်နေသည်ဟု လယ်သမားတဦးက ပြောသည်။

သြဂုတ် လဆန်းပိုင်းမှစ၍ မိုးဆက်တိုက် ရွာသွန်းကာ မြို့အထက်ပိုင်းရှိ ရွှေကျင်ဆည်နှင့် ရဲနွယ်ဆည်တို့မှ ရေလွှဲချ ခြင်းကြောင့် မြေနိမ့်သည့် အင်းချောင်၊ ချောင်းကျိုး၊ တာဦး၊ သွင်းကုန်း၊ ရှမ်းရွာ၊ တော်မသီ၊ ပုဇွန်မြောင်း၊ မဒေါက်မြို့၊ရေပေါ်တောင်၊ ရေဖြူကန် စသည့် ကျေးရွာပေါင်း ၂ဝ ကျော်မှ ကောက်စိုက်စပါး ဧက ၁ဝ,ဝဝဝ ကျော် ရေ နစ်မြုပ်ကုန်ခြင်း ဖြစ်သည်။

မိုးများ အဆက်မပျက် ရွာသွန်းမှုကြောင့် ညောင်လေးပင်နှင့် ကဝမြို့နယ်ရှိ စပါးစိုက်ဧက သောင်းနှင့်ချီ၍ ရေနစ်မြုပ်လျက်ရှိကာ ပျက်စီးဆုံးရှုံးကုန်မည်ကို လယ်သမားများက စိုးရိမ်ပူပန် (ဓါတ်ပုံ သီဟ)

“ရွာတွေက မြုပ်တဲ့ရွာတွေလည်း ရှိတယ်။ ကောက်စိုက်ဧကတွေ မြုပ်နေတယ်။ ဒီနေ့ တတောင်လောက် ပိုလာပြီ။ စိုက်ပျိုးတဲ့ စပါးပင်က လုံးဝ မပေါ်တဲ့ ဧက များတယ်။ ဧက သောင်းကျော်တယ်။ ဥပမာ ကျနော်တို့ တော်မသီ ဒိုင်နယ်ဆိုရင် ဧက ၂,၈ဝဝ ရှိတယ်။ ဒိုင်နယ်၂ဝ ကျော်ဆိုတော့ တဒိုင်နယ်ကို စိုက်ပျိုးတဲ့ လယ်ဧက အနည်းဆုံး တထောင်ကျော် ရှိတယ်။ ဒါက အနည်းဆုံး အဆင့်ကို ပြောတာ” ဟု တော်မသီကျေးရွာမှ တောင်သူ ဦးအေးလွင် က မဇ္စျိမကို ပြောသည်။

အင်္ဂါနေ့တွင်လည်း မိုးဆက်လက် ရွာသွန်းလျက်ရှိကာ စပါးပင်များ ရေအောက်သို့ ခုနှစ်ရက်ကြာ နစ်မြှပ်နေပြီ ဖြစ်၍ ကောက်စိုက် စပါးပင်များ ပျက်ဆီးမည်ကို စိုးရိမ်နေရသည်ဟု လယ်သမားကြီး ဦးအေးလွင် ကပြော သည်။

“ဒီစိုက်ပင်တွေက ပုပ်သွားနိုင်တယ်။ နောက်ထပ် ၁၅ ရက်လောက်ထိ ရေပြန်မကျနိုင်တဲ့ အခြေအနေရှိနေတယ်။ စပါး မရှိတော့ဘူးဆိုရင် စိုက်ပျိုးစရိတ် ဆုံးရှုံးနစ်နာမယ်။ ကျနော်တို့ ပထမ ရင်းနှီးမြှုပ်နှံမှု ဆုံးရှုံးပြီဆိုရင် ခေါင်းထောင်နိုင်တဲ့ အနေအထား မရှိတော့ဘူး။ ပြန်စိုက်မယ်ဆိုရင်လည်း ရာသီဥတုက ဘာဖြစ်လာမယ်ဆိုတာ မှန်းလို့မှ မရတာ” ဟု ၎င်းက ဆိုသည်။

ကောက်စိုက်ပြီး၍ နုသော စပါးပင်များ ရေအောက်တွင် ခုနှစ်ရက်ခန့် ကြာမြင့်ပါက စပါးများ သေဆုံး ပျက်စီး သွားနိုင် သည်။ စပါးပင် ရင့်၍ ရှည်လျားပါက ၁၅ ရက်ထိသာ ခံနိုင်ပြီး သည့်ထက်ပို၍ ရေအောက်ရောက်သွား ပါက စပါးပင်များ ပျက်ဆီးနိုင်သည်ဟု လယ်သမားကြီးက ရှင်းပြသည်။

အလားတူ ပဲခူးတိုင်း ကဝမြို့နယ် အုန်းနှဲ၊ ထာဝ၊ နိဗ္ဗာန်၊ ပိုင်ကျုံ၊ တောင်ကြီး၊ နဘဲပင်၊ မိုးခိုင်၊ ကျားတက်၊ ကမာကလဲ အပါအဝင် ကျေးရွာပေါင်း ၄ဝ ကျော်မှ ရွာသားများ ပိုင်ဆိုင်သော လယ်မြေများလည်း ရေဖုံးလွှမ်းနေသဖြင့် ထက်ဝက် ခန့် ပျက်ဆီးနိုင်သည်ဟု အုန်းနှဲကျေးရွာမှ လယ်သမားတဦးက ပြောသည်။

“ရေကြီးတဲ့လို့ လယ်ဧက ၅ဝ ရာခိုင်နှုန်း ပျက်စီးနို်င်တယ်။ အဓိက ကဝ မြို့နယ် အုန်းနှဲတဝိုက်က ရေနက်ကွင်း ပေါ့။ တနေ့က ရွာက ဘုရားမှာ ၂၁ အိမ်ထောင်၊ ခမဲပင်ရွာမှာ အိမ်ခြေ ၁၄ အိမ်ထောင် မြုပ်သွားတယ်” ဟု မဇ္စျိမကို ပြောသည်။ 

တနင်္လာနေ့က အုန်းနွဲကျေးရွာမှ ကယ်ဆယ်ရေးစခန်းသို့ ကဝမြို့နယ် အုပ်ချုပ်ရေးမှူး လာရောက်၍ ကယ်ဆယ်ရေး ပစ္စည်း လှူဒါန်းခဲ့ပြီး လူမှုအဖွဲ့အစည်းများမှ ထမင်းထုပ်များ လှူဒါန်းပေးနေသည်ဟု ဆိုသည်။

ပဲခူးတိုင်း၊ ဒိုက်ဦးနှင့် သနပ်ပင်မြို့နယ်များမှ ရေမြောင်းများ ဖောက်လုပ်သဖြင့် ရေများ အုန်းနှဲကျေးရွာသို့ စုန်ဆင်းလာ၍ ယခင်နှစ်ထက် ပိုမို မြင့်တက်လာကာ တချို့ နေအိမ်များ နစ်မြုပ်နေသည်ဟု ဆိုသည်။

ရေကြီးသဖြင့် ကဝမြို့နယ်၊ ကျားတက်ရွာမှ စာသင်ကျောင်းကို ယနေ့မှ စ၍ လေးရက် ပိတ်ထားမည် ဖြစ်ပြီး တနင်္လာနေ့ က ၁ဝ တန်း ကျောင်းသားတဦး ရေနစ်မြုပ် သေဆုံးခဲ့သည်ဟု ရွာသားတဦးက ပြောသည်။

“ကျောင်းတွေ ပိတ်ထားရတယ်။ မိုးတွေကလည်း တအားရွာ။ ခုတော့ မိုးရေလောက်ပဲ ကျတယ်။ တက်ရေက မကျဘူး။ ဆည်ဖောက်တဲ့ရွာပေါ့။ တော်တော် အခြေအနေ ဆိုးနေတာ။ ကလေး သေသွားတော့ ကျောင်းသွားတဲ့ လမ်းဘေးတွေမှာ ရေတွေက တက်နေတော့ ဆရာကြီးက ကျောင်းပိတ်ပေးတယ်” ဟု သူက ပြောသည်။ 

ရေလွဲချောင်းရေ မြင့်တက်နေသဖြင့် ရေလွဲချောင်းအား ဖြတ်၍ တည်ဆောက်ထားသည့် ဘိုးထောင်တံတား ကျိုးမည် စိုးရိမ်သဖြင့် ဒေသခံများ လုပ်အားပေးသွားရသည်ဟု သိရသည်။

ထို့ပြင် ရွှေကျင်မြစ်ရေသည် ယနေ့ တိုင်းထွာချက်အရ ရွှေကျင်မြို့တွင် စိုးရိမ်ရေမှတ် အထက် ၅၂ စင်တီမီတာ(၁ ဒသမ ရ ပေခန့်) ကျော်လွန်နေကာ နောက်ထပ် သုံးရက်အတွင်း ယင်းမြို့၏ စိုးရိမ်ရေမှတ် ရဝဝ စင်တီမီတာ အထက်တွင် ဆက်လက်တည်ရှိနိုင်ကြောင်း ယနေ့ထုတ် သတင်းစာတွင် မိုးလေဝသနှင့် ဇလဗေဒညွန်ကြား ရေးမှူး ဦးစီးဌာနက ထုတ်ပြန်ထားသည်။

ဤရက်ပိုင်းအတွင်း မြန်မာနိုင်ငံတဝန်း မိုးအဆက်မပြတ် ရွာသွန်းမှုကြောင့် ဧရာဝတီ၊ သံလွင်၊ ချင်းတွင်း၊ ငဝန်၊ ပဲခူး၊ စစ်တောင်း၊ ရွှေကျင် စသည့် မြစ်များ မြစ်ရေကြီးသည့် သတိပေးချက်ကို နိုင်ငံပိုင် သတင်းစာတွင်လည်း နေ့စဉ် ထုတ်ပြန်နေသည်ကို တွေ့ရသည်။

Most read this week