မယ်တော် ဆေးခန်း၌ မွေးဖွားခဲ့သည့် မြန်မာ ကလေးများအား မြန်မာ မွေးစာရင်း လုပ်ပေးနိုင်ရေးနှင့် အခြေခံ ဆေးပညာ သင်တန်းပေးရေး အပါအဝင် မယ်တော် ဆေးခန်းမှ လူနာများ မြဝတီ ဆေးရုံသို့လွှဲပြောင်း ကုသရေး ကိစ္စတို့အား မြန်မာအစိုးရ၏ သက်ဆိုင်ရာ ကျန်းမာရေးဌာနများနှင့် ပူးပေါင်း ဆောင်ရွက်သွား မည်ဟု သိရသည်။
မြန်မာနိုင်ငံ ဆရာဝန်အဖွဲ့မှ ဒေါက်တာ ဝေဝေသာ (ဝန်ကြီး ဦးအောင်မင်း၏ ဇနီး)နှင့် ဦးခင်ရီ ၏ ဇနီးတို့သည် မယ်တော် ဆေးခန်းသို့ သြဂုတ်လ ၅ ရက်နေ့ နံနက် ၁၀ နာရီ ဝန်းကျင်က ရောက်ရှိလာကြပြီး ဆေးခန်းတာဝန်ခံ ဒေါက်တာ စင်သီယာမောင်နှင့် အလွတ်သဘော ဆွေးနွေးခဲ့ကြသည်။ တရားဝင် ဆွေးနွေးပွဲမှာ မွန်းလွဲ ၁ နာရီ၌ စတင်ခဲ့ကာ ဦးအောင်မင်း နှင့် ဦးခင်ရီတို့ ဦးဆောင်သည့် အဖွဲ့မှာ ညနေ ၃ နာရီခန့်မှ ရောက်လာခြင်း ဖြစ်သည်။
“လူနာတွေကို ကျနော်တို့ မဲဆောက် ဆေးရုံကြီးကို လွှဲပို့ပြီး ကုနေရတာထက်ကို မြဝတီ ဆေးရုံကို ပို့ပြီး ကုသရင် ကုန်ကျစရိတ် ပိုပြီး နည်းပါးနိုင်မယ်။ ဒါပေမယ့် မြဝတီက ဆေးရုံတွေကိုတော့ ပြင်ဆင်မှုတွေ လုပ်ရဦးမယ်။ လူနာဆောင်တွေ ထပ်တိုးချဲ့ တည်ဆောက်ဖို့၊ လူနာ ကုတင်တွေ ထပ်ဖြည့်ဖို့ ပစ္စည်းပစ္စယ ကိရိယာတွေ တပ်ဆင်ဖို့ လုပ်ရဦးမယ်။ အဲဒါတွေ ပြီးရင်တော့ လူနာလွှဲပြောင်းဖို့ ဖြစ်နိုင်မှာပါ” ဟု ဆွေးနွေါ်ပွဲ တက်ရောက်ခဲ့သူ မဲတော်ဆေးခန်းမှ ဆရာစောနေဦး က မဇ္စျိမကို ပြောသည်။
မယ်တော် ဆေးခန်းမှ လူနာများကို မြဝတီရှိဆေးရုံသို့ လွှဲပြောင်း ကုသပေးရန် အစီအစဉ်သည် မကြာမီ အကောင်အထည် ဖော်မည်ဟု သိရသော်လည်း မည်သည့်နေ့ရက် ဖြစ်မည်ကို အတိအကျ ထုတ်ပြန်ခြင်း မရှိသေးပေ။
မဲဆောက် ဆေးရုံသို့ ပို့ဆောင် ကုသရသည့် စရိတ်မှာ မြဝတီဆေးရုံသို့ ပို့ဆောင် ကုသ ခြင်းထက် သုံးပုံ နှစ်ပုံခန့် ကြီးမြင့်နေသည်ဟု မြန်မာဆရာဝန်အဖွဲ့က ထောက်ပြဆွေးနွေး ခဲ့သည်။ လူနာတဦးအား မဲဆောက်ဆေးရုံသို့ ပို့ဆောင် ကုသစရိတ်မှာ ပျှမ်းမျှ ထိုင်းဘတ်ငွေ ၁၅, ၀၀၀ ခန့် ကုန်ကျလျက်ရှိကြောင်း ဦးစောနေဦး က မဇ္စျိမကို
ပြောသည်။
သင်တန်းပေးရေး ကိစ္စတွင်မူ အဆင့် သုံးဆင့်ခွဲကာ အကောင်အထည်ဖော်ကြမည် ဖြစ်သည်။ ပထမအဆင့်၌ အခြေခံကျန်းမာရေး လုပ်သားသင်တန်း၊ ဒုတိယ အဆင့်၌ ဆေးမှူးသင်တန်းနှင့် တတိယ အဆင့်၌ ကျွမ်းကျင်နှင့် ဦးဆောင်မှု သင်တန်းများကို မြန်မာနိုင်ငံ ကျန်းမာရေးဌာနနှင့် ပူးပေါင်းလုပ်ဆောင်ရန် သဘောတူ ခဲ့ကြသည်။
“သင်တန်းတွေ စလုပ်နိုင်ဖို့အတွက် ကျနော်တို့နဲ့ သူတို့ကြားမှာ သင်ရိုးညွှန်းတမ်းတွေ ပြန်လည် ပြင်ဆင်ရဦး းမယ်။ အဓိကတော့ ကျနော်တို့ ဒီနယ်စပ်မှာ အဖြစ်များတဲ့ အခြေခံ ရောဂါတွေကို သင်တန်းဆင်းသွားတဲ့ သင်တန်းသား တယောက်အနေနဲ့့ ကုသနိုင်ရမယ်။ အခြေခံ ကျန်းမာရေးလုပ်သား သင်တန်းမှာ သုံးပတ်ခန့် ကြာနိုင်တယ် ဆရာမကြီးက ဒီသင်တန်း ဆင်းပြီးသားလူတွေကို အစိုးရ ကျန်းမာရေးဌာနက အသိအမှတ် ပြုပေးဖို့ တင်ပြထားတယ်။ သူတို့က ကြိုးစားပါ့မယ်လို့ ပြောပါတယ်” ဟု ဆရာ စောနေဦး က ပြောသည်။
၂၀၀၈ ခုနှစ်၊ နောက်ပိုင်းတွင် မွေးဖွားခဲ့သည့် မြန်မာ ကလေးများ မြန်မာနိုင်ငံ မွေးစာရင်း လုပ်ပေးရန်လည်း နှစ်ဖက် အဖွဲ့များ ဆွေးနွေးသဘောတူ ကြသည်ဟု ဆိုသည်။ ၂၀၀၈ ခုနှစ်၊ နောက်ပိုင်းမှ စ၍ ယခု အချိန်အထိ မယ်တော် ဆေးခန်းတွင် မွေးဖွားခဲ့သည့် ကလေးဦးရေမှာ ၁၀,၀၀၀ ဝန်းကျင်ခန့် ရှိမည်ဟု မယ်တော် ဆေးခန်း ဖွားစာရင်း ဌာနမှ ဆရာမ တဦးက မဇ္စျိမကို ပြောသည်။
“တချို့ကလေးတွေကလေ ဒီမယ်တော် ဆေးခန်းမှာ မွေးပြီးတာနဲ့ အဖေ အမေက ပစ်ခဲ့တယ်။ အဲလိုကလေးတွေ ကို အသိအမှတ်ပြုနိုင်ဖို့ သူတို့က အဖွဲ့ဝင် ခြောက်ဦးပါတဲ့ အဖွဲ့ ဖွဲ့ထားတယ်။ ဘယ်နယ်က မွေးတဲ့ ကလေးလဲ ဆိုတာ စုံစမ်းပြီး သက်ဆိုင်ရာ မြို့နယ်က လူကြီးတွေ ထောက်ခံပေးပြီး ဒီအဖွဲ့ကလည်း အသိအမှတ် ပြုပေးရင် ဒီကလေးတွေကို မြန်မာနိုင်ငံသား မွေးစာရင်း လုပ်ပေးမယ်လို့ ပြောတယ်” ဟု စောနေဦး က ရှင်းပြသည်။
မြန်မာနိုင်ငံ ဆရာဝန်အဖွဲ့မှ ဒေါက်တာ စင်သီယာမောင် ၏ မယ်တော်ဆေးခန်းသို့ ထောက်ပံ့ငွေ ဘတ်တသိန်း ပေးအပ် လှူဒါန်းသွားခဲ့သည်။