ကရင်နီပြည်ငြိမ်းချမ်းရေးအတွက် ညှိနိုင်းဆွေးနွေးဖို့ ခက်ခဲနေတဲ့ တပ်ကိစ္စမှာ ကရင်နီပြည်တွင်းမှာ ရှိနေတဲ့ တပ်တွေအားလုံးကိုဆုတ်ခိုင်းဖို့ တောင်းဆိုနေတာမဟုတ်ဘူးလို့ ကရင်နီတပ်မတော် ဒု - စစ်ဦးစီးချုပ် ဗိုလ်ချုပ်အောင်မြတ်က ပြောပါတယ်။
ပြည်နယ် ဒေသကွပ်ကဲရေးစစ်ဌာနချုပ် လက်အောက်ခံတပ်ရင်းကလွဲလို့ ကျန်တဲ့ တပ်မ ၅၅ ခြေမြန်တပ်မ တပ်ရင်းတွေကို ကရင်နီပြည်နယ်ထဲကနေ ဆုတ်ပေးဖို့သာဖြစ်တယ်လို့ ပြောပါတယ်။
ဗိုလ်ချုပ်အောင်မြတ်က “KNPP ကတောင်းဆိုတာက အခုစစ်ဆင်ရေးလုပ်နေတဲ့ တပ်မ ၅၅ ဆုတ်ပေးပါဒီ လောက်ပဲ တောင်းဆိုတယ်ပေါ့ အခုလောလောဆယ်ပေါ့။ ဘယ်မှာဆုတ်ပြီလို့လဲ ၃ လကျော်ရှိပြီဘဲ ပိုမိုပြီးတော့ ထပ်တိုးလာပြီ။ မော်ချီးမှာဆို အရင်က ၁ ရင်းဘဲရှိတယ် အခု ၃ ရင်းရှိလာတယ်” လို့ပြောပါတယ်။
ကရင်နီတပ်မတော် စစ်ဦးစီးချုပ် ဗိုလ်ချုပ်ဘီထူးက “တပ်မ ၅၅ က ၁၀ ရင်းကနေပြီး အလှည့်ကျ လုပ်ရှားနေ တယ်။ အမြဲတမ်းက ရ ရင်းလုပ်ရှားတယ်။ အလှည့်ကျသူတို့လုပ်တယ်။ အဓိကဆုတ်ခိုင်းတာက တပ်မ ၅၅ ကိုဘဲ။ အခုကဘယ်ဆုတ်သေးမလဲ စခန်းတောင်မှ တည်ဆောက်နေတယ်။ မောချီးနဲ့ ဖာဆောင်းကြား ဆယ်မိုင်မှာသူတို့စခန်းဆောက်တယ်ကော” လို့ ပြောပါတယ်။
အစိုးရတပ်ဘက်ကလည်း ကရင်နီအမျိုးသားတိုးတက်ရေးပါတီ KNPP နဲ့ မြန်မာအစိုးရ ပြည်နယ်အဆင့်ဆွေး နွေးမှု ပြီးတဲ့နောက်မှာ နယ်မြေရှင်းလင်းပြုလုပ်ခြင်းမရှိဘဲ အဓိကအားဖြင့် လောပိတစက်ရုံ၊ ရွာသစ်ရေအား လျှပ်စစ်စက်ရုံ စသည်ဖြင့် နိုင်ငံတော်ရဲ့ စက်ရုံတွေမှာ လုံခြံုရေးအရ လမ်းကြောင်းတွေပေါ်မှာဘဲသွားတာဘဲ ရှိနေတယ်လို့ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူးဗိုလ်မှူးချုပ် စိုးထွဏ်က ပြောပါတယ်။
ဗိုလ်မှူးချုပ်စိုးထွဏ်က “ဒီကနေ့ အခုကျနော်တို့တပ်တွေသည် နယ်စပ်ဒေသဖွံ့ဖြိုးရေးလုပ်ငန်းတွေ လုပ်တာဖြစ်ပါတယ်။ တပ်ရင်းတပ်ဖွဲ့တွေ လုံခြံုရေးလုပ်တာရှိတယ်။ ဒီထဲမှာ အရေးကြီးစက်ရုံ အလုပ်ရုံတွေရှိပါတယ်။ ဒါတွေကို ကျနော်တို့လုံခြံုရေးလုပ်တာရှိတယ်။ အဲဒီတပ်တွေက ဒေသခံတွေအတွက် လုပ်တာဖြစ်ပါတယ်” လို့ ပြောပါတယ်။
ဇွန်လ ၉ ရက်နေ့ လွိုင်ကော်မြို့ တပ်မတော်ခန်းမမှာ ပြုလုပ်တဲ့ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ ( KNPP ) အဖွဲ့ခေါင်းဆောင်နဲ့ ပြည်ထောင်စုအစိုးရဝန်ကြီးတွေ ပြည်ထောင်စုအဆင့် တွေ့ဆုံဆွေးနွေးစဉ်အချိန်က ပြောသွားတာဖြစ်ပါတယ်။
ပြည်နယ်ဒေသခံတွေအတွက် ဖွ့ံဖြိုးရေးလုပ်ငန်းများနဲ့ နယ်စပ်ဒေသ ဖွံ့ဖြိုးရေးလုပ်ငန်းတွေအတွက် ဆိုပြီးစစ်တပ်မှ လိုက်လံဆောင်ရွက်နေစရာမလိုဘဲ တခြားသော ဌာနဆိုင်ရာက လုပ်ရမည့်လုပ်ငန်းများသာ ဖြစ်တယ်လို့ ဗိုလ်ချုပ်အောင်မြက ပြောပါတယ်။
ကရင်နီတပ်မတော် ဒု-စစ်ဦးစီးချုပ် ဗိုလ်ချုပ်အောင်မြတ်က “အပြောတမျိုး အလုပ်တမျိုး နောက်ဥပမာ မြေသွားတိုင်းမယ်။ စစ်တပ်ဆိုတာ မြေတိုင်းတဲ့အမျိုးမှမဟုတ်ဘဲ မြေတိုင်းဌာနရှိတယ်။ ဘာဖြစ်လို့သွား တိုင်းစရာလိုလဲ။ လမ်းပြင်မယ်ဆိုလည်း စစ်တပ်ကလမ်းပြင်ဖို့မှ မဟုတ်ဘူး။ ပြင်ဖို့အခြေအနေလဲမဖြစ်ဘူး လမ်းပြင်ဖို့ ဆောက်လုပ်ရေးတို့ရှိတာဘဲ ဆောက်လုပ်ရေးဌာနက လုပ်ရမဲ့ကိစ္စ တပ်ကဘာလို့သွားလုပ်မလဲ” လို့ ပြောပါတယ်။
ကရင်နီပြည်နယ်အတွင်းမှာ ဒေသကွပ်ကဲရေးစစ်ဌာနချူပ် ဒကစလက်အောက်ခံတပ်ရင်း ၁၀ ရင်း၊ စစ်ဆင်ရေး ကွပ်ကဲမှုဌာနချုပ် စကခ-၇ လက်အောက်ခံတပ်ရင်း ၄ ရင်းနဲ့ တပ်မ ၅၅ လက်အောက်ခံ ၁၀ ရင်းကနေပြီး အလှည့်ကျ အမြဲတမ်း ရ ရင်းကနေပြီး လုပ်ရှားနေပါတယ်။ နယ်ခြားစောင့်တပ်အနေနဲ့ ၁၀၀၄ ၊ ၁၀၀၅ တပ်ဆိုပြီး ၂ ရင်းရှိပါတယ်။