သတ်မှတ်သော အရည်အချင်း ရှိပါက၊ ပြည်သူကလည်း ရွေးချယ် တင်မြှောက် မည်ဆိုလျှင် အမျိုးသမီး များကိုလည်း ကျေးရွာ အုပ်ချုပ်ရေးမှူး ခန့်အပ်နိုင်ကြောင်း ပြည်ထဲရေး ၀န်ကြီးဌာန ဒုတိယ ၀န်ကြီး ဗိုလ်မှူးချုပ်ကျော်ဇံမြင့်က လွှတ်တော်ထဲ၌ ပြောကြား ခဲ့သည်ဟု ဇူလိုင် ၂၇ ရက်နေ့ထုတ် မြန်မာ့အလင်း သတင်းစာတွင် ထုတ်ပြန် ခဲ့ပါသည်။
ဤကိစ္စကိုဇူလိုင်၂၆ ရက်နေ့က ပြုလုပ်ကျင်းပသွားသည့် ပြည်သူ့လွတ်တော် စတုတ္ထ ပုံမှန် အစည်းအဝေး (၁၅) ရက် မြောက်နေ့၌ ဘားအံ မဲဆန္ဒနယ်မြေမှ ဒေါ်နန်းစေအွာက တင်ပြ ခဲ့ခြင်းဖြစ်ပါသည်။ သူ၏ တင်ပြချက်ကို ဇူလိုင် ၂၇ ရက် နေ့ အစိုးရထုတ် မြန်မာ့အလင်း သတင်းစာ၌ ဖေါ်ပြထားပါသည်။
သတ်မှတ်သော အရည်အချင်းများမှာ ရပ်ကွက် သိုမဟုတ် ကျေးရွာအုပ်စု အုပ်ချုပ်ရေး ဥပဒေ ပြဌာန်း (၂၀၁၂ ခုနှစ် ပြည်ထောင်စု လွတ်တော် ဥပဒေအမှတ် ၁) ၁၃ရ၃ ခုနှစ် တပေါင်းလဆန်း ၃ ရက် (၂၀၁၂ ခုနှစ် ဖေဖော်ဝါရီ ၂၄ရက်) နေ့က အတည်ပြုထားသော အခန်း(၂) မှ ပုဒ်မ (၅)၏ အရည်အချင်း အတိုင်းဖြစ်ပါသည်။
မြန်မာရှေ့နေများကောင်စီ (Burma Lawyer’s Council) ဦးမြင့်သိဏ်းကလည်း “ အရင်ကတော့ အမျိုးသမီးတွေကို လုပ်ခွင့်မပြုဘူး လုပ်ခွင့်ပြုတယ်ဆိုတာမျိုးမရှိပေမယ့် အခုတကြိမ် လွတ်တော်ထဲမှာ အမျိုးသမီးကို ဖိတ်ခေါ်တာမျိုး ပူးပေါင်းဆောင်ရွက်တာမျိုး လမ်းဖွင့်ပေးတာမျိုး စဉ်းစားပေးလာတဲ့ အချက်ကိုတွေ့ရပါတယ်” ဟုသူကဆိုသည်။
အဆိုပါအရည်အချင်းများမှာ-
(က) နိုင်ငံသားမိဘနှစ်ပါးမှ မွေးဖွားသော နိုင်ငံသားဖြစ်ခြင်း၊
(ခ) အသက် ၂၅ နှစ် ပြည့်ပြီးသူဖြစ်ခြင်း၊
(ဂ) သင့်တင့်သော ပညာအရည်အချင်ရှိသူဖြစ်ခြင်း၊
(ဃ) စားဝတ်နေရေးဖူလုံမှု ရှိသူဖြစ်ခြင်း၊
(င) သက်ဆိုင်ရာ ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စုအတွင်း တစ်ဆက်တည်း အနည်းဆုံး ဆယ်နှစ်နေထိုင်လျက် ရှိသူဖြစ်ပြီး လက်ရှိ တာဝန်ထမ်းဆောင်ချိန်တွင် သက်ဆိုင်ရာ ရပ်ကွက် သို့မဟုတ် ကျေးရွာ အုပ်စုတွင် အမှန်တကယ် နေထိုင်မည့်သူဖြစ်ခြင်း၊
ခြွင်းချက် ။ ဒေသခံ အငြိမ်းစား ၀န်ထမ်းဖြစ်ပါက သက်ဆိုင်ရာ ရပ်ကွက်သို့မဟုတ် ကျေးရွာအုပ်စုအတွင်း နေထိုင်သည့် ကာလကိုလျှော့ပေါ့ စဉ်းစားနိုင်သည်။
(စ) ရပ်ရွာက ကြည်ညိုလေးစားပြီး သိက္ခာသမာဓိရှိသူဖြစ်ခြင်း၊
(ဆ) ကျန်းမာရေး ကောင်းမွန်ပြီး ပေးအပ်သည့် တာဝန်ကို ထမ်းဆောင်နိုင်စွမ်းရှိသူဖြစ်ခြင်း၊
(ဇ) နိုင်ငံတော်နှင့် ရပ်ကွက်ဒေသ၏ အကျိုးကို စေတနာ ထက်သန်စွာဖြင့် တာဝန်ထမ်းဆောင်ရန် ဆန္ဒရှိသူဖြစ်ခြင်း၊
(စျ) အတူနေ မိသားစုဝင်များသည်လည်း အကျင့် စာရိတ္တကောင်းမွန်ပြီး ရိုးသားဖြောင့်မတ်သူများဖြစ်ခြင်း၊
(ည) တာဝန် ထမ်းဆောင်ဆဲ အစိုးရဝန်ထမ်းမဟုတ်ခြင်း၊
(ဋ) လက်နက်ကိုင် အဖွဲ့စည်းဝင် မဟုတ်ခြင်း၊ မတရား အသင်းအဖွဲ့များ၌ ပါ၀င်သူ၊ ဆက်သွယ်သူမဟုတ်ခြင်း။