မည်သည့် ခြိမ်းခြောက်မှုမျှ မကြောက်ဟု ရခိုင်ပါတီ ပြော

မည်သည့် ခြိမ်းခြောက်မှုမျှ မကြောက်ဟု ရခိုင်ပါတီ ပြော
by -
မဇ္စျိမ

မည်သည့် ဘာသာရေး အစွန်းရောက်များ၏ ခြိမ်းခြောက်မှုကိုမျှ ကြောက်စရာ မလိုကြောင်း ရခိုင်တိုင်းရင်း သားများ တိုးတက်ရေးပါတီ RNDP ဥက္ကဋ္ဌ ဒေါက်တာအေးမောင် က ပြောကြားသည်။

ဇူလိုင်လ ၂၆ ရက်နေ့က ထုတ်ပြန်လိုက်သည့် ပါကစ္စတန် အခြေစိုက် တာလီဘန် အကြမ်းဖက်အဖွဲ့ တခုဖြစ်သည့် TTP ၏ ရခိုင်ပြည်နယ် ရိုဟင်ဂျာ မူဆလင် အရေးနှင့် ပတ်သက်၍ မြန်မာနိုင်ငံအပေါ် ခြိမ်းခြောက် ပြောဆိုမှုများကို ပြန်လည်တုန့်ပြန်လိုက်ခြင်း ဖြစ်သည်။

“ကျနော်ပြောမယ်။ တာလီဘန် မကလို့ ဘာပဲဖြစ်ဖြစ်၊ ကျနော်တို့က လုံးဝမကြောက်ဘူး။ ကျနော်တို့မှာရှိတဲ့ လက်နက်နဲ့၊ ရှိတဲ့ စိတ်ဓါတ်နဲ့ ခုခံမယ်။ မည်သည့်ဘာသာရေး အစွန်းရောက်တဲ့ ပုဂ္ဂိုလ်တွေရဲ့ မည်သည့် ခြိမ်းခြောက် မှုမှ ကျနော်တို့ လက်မခံဘူး။ ကျနော်တို့မှာ အသက်ရှိနေသမျှ ကာလပါတ်လုံး ခုခံမှာပဲ။ ဒါပဲ။ ဒါဟာ ကျနော်တို့ လူမျိုး တခုလုံးရဲ့စိတ်ဓါတ်ကို ပြောတာ” ဟု မဇ္စျိမကို ပြောုသည်။

TTP ၏ ခြိမ်းခြောက်စာတွင် ပါကစ္စတန်နိုင်ငံ မြို့တော် အစ္စလာမ်မာဘတ်ရှိ မြန်မာ သံရုံးကိုလည်း ပိတ်ပစ်ရန်နှင့် ပိတ်မပစ်ပါက မြန်မာ့အကျိုးစီးပွား မှန်သမျှ ဖျက်ဆီးပစ်မည်ဟု ပါရှိသည်။

“ပါကစ္စတန်ရဲ့ တာဝန်ပဲလေ။ သံရုံး တရုံး ဆိုတာ နိုင်ငံတခုကို ကိုယ်စားပြုတယ်။ သံအမတ်ကြီး ခန့်အပ်လွာကို နိုင်ငံတကာ သံခင်းတမန်ခင်း ထုံးတမ်းစဉ်လာအရ သက်ဆိုင်ရာ နို်င်ငံ ကိုယ်စားပြုတဲ့ နယ်မြေအဖြစ် ခန့်အပ်ခြင်းခံရ တဲ့ နိုင်ငံကို အသိအမှတ် ပြုပေးရတာကိုး။ အဲဒီနိုင်ငံမှာရှိတဲ့ သံရုံးလုံခြံုရေးကို တာဝန်ခံရမယ့်သူက အဲဒီ သက်ဆိုင်ရာ နိုင်ငံက တာဝန်ရှိတဲ့ လက်ရှိအစိုးရပါပဲ” ဟု ဒေါက်တာအေးမောင် က ဆိုသည်။

၎င်းတို့ တောင်းဆိုသည့်အတိုင်း မလိုက်လျောပါက မြန်မာနိုင်ငံအတွင်း ရိုဟင်ဂျာများ သတ်ဖြတ်ခံခဲ့ရသည်တို့ကို
ပြန်လည် ဂလဲ့စားချေ တိုက်ခိုက်မှုများ ပြုလုပ်သွားမည်ဟု TTP အဖွဲ့က ဆိုသည်။ ၎င်းတို့က မြန်မာနိုင်ငံရှိ ရိုဟင်ဂျာ မူဆလင်များအား “သင်တို့ကျခဲ့ရတဲ့ သွေးတွေ အတွက် ကျွနု်ပ်တို့ လက်စားချေမည်” ဟု ဆိုခဲ့ခြင်း ဖြစ်သည်။

မကြာသေးမီက ဖြစ်ပွါးခဲ့သည့် ဗုဒ္ဓဘာသာ ရခိုင်များနှင့် မူဆလင် ရိုဟင်ဂျာများ၏ ပဋိပက္ခများကြောင့် ဘက်နှစ်ဖက်မှ စုစုပေါင်း လူ ရ၇ ဦး အသက်ဆုံးရှံုးခဲ့ရပြီး သောင်းနှင့်ချီ၍ အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ရသည်ဟု မြန်အစိုးရ အာဏာပိုင်များက တရားဝင်ပြောဆိုသည်။ သို့သော် ပြည်ပရှိ မွတ်ဆလင်ကမ္ဘာကမူ ထိုပဋိပက္ခအတွင်းနှင့် ဖြစ်ပြီးနောက်ပိုင်းတွင် ရိုဟင်ဂျာ ဒါဇင်ပေါင်းများစွာ အသတ်ခံခဲ့ရသည်ဟု ဆိုကြသည်။

ထို့ပြင် ရိုဟင်ဂျာ အများအပြား နေထိုင်သည့် ဒေသများတွင် နယ်မြေရှင်းလင်းရေး အတွင်း အမျိုးသားကြီးများနှင့် ငယ်ရွယ်သူကောင်လေး အများစု ပါဝင်သည့် ရာပေါင်းများစွာသော လူများအား ဖမ်းဆီး အကျဉ်းချထားသည်ဟု ဆိုခဲ့ပြီး ထိုလူအားလုံးအား ထီးတည်း တည်ရှိနေသည့် နေရာများတွင် အကျဉ်းချထားကာ မမျှမတ ဆက်ဆံခဲ့သည်ဟု အပြည်ပြည်ဆိုင်ရာ လွတ်ငြိမ်းချမ်းသာခွင့် အဖွဲ့ (AI) က ပြောဆိုထားသည်။

ရခိုင် ဗုဒ္ဓဘာသာများနှင့် လုံခြံုရေး တပ်ဖွဲ့များက ပြုလုပ်ခဲ့သည့် မုဒိမ်းမှှု၊ ပစ္စည်းဥစ္စာ ဖျက်ဆီးမှှုနှင့် ဥပဒေမဲ့ သတ်ဖြတ်မှှုများ အပါအဝင် နိုင့်ထက် စီးနင်းမှှုများနှင့် ပတ်သက်၍ ယုံကြည်စိတ်ချရလောက်သော အစီရင်ခံစာများ ရရှိထားသည်ဟု AI က ဆိုသည်။

ရခိုင်ပြည်နယ်တွင်း ဖြစ်ပွားခဲ့သည့် ထိုပဋိပက္ခများကို လေ့လာကြည့်ပါက ဘာသာရေး ပြဿနာ မဟုတ်ကြောင်း ဒေါက်တာအေးမောင် က သုံးသပ်သည်။

“ဖြစ်ပျက်နေတာ အကုန်လုံးဟာ ဗုဒ္ဓဘာသာနဲ့ အစ္စလာမ်ဘာသာ ဖြစ်တာမျိုး မဟုတ်ဘူး။ အစ္စလာမ်ဘာသာကလည်း ငြိမ်းချမ်းမှုကိုလိုလားတယ်။ ဗုဒ္ဓဘာသာကလည်း လိုလားတယ်။ ဖြစ်နေတာက တိုင်းရင်းသားအခွင့်အရေးကို လိုချင်တဲ့၊ တိုင်းရင်းသား ဖြစ်ချင်တဲ့ ပုဂ္ဂိုလ်တွေက၊ တိုင်းရင်းသား မဟုတ်ပါဘဲလျက် အဆင့်ကျော်ပြီး လုပ်တဲ့ ဇာတ်လမ်းလေးတွေပါ။ အခုကိစ္စက ဘာသာရေးကို ခုတုံးလုပ်ပြီး ကာမှ ဘာသာရေးကို အကြောင်းပြပြီးကာမှ ဒီဘက်မှာနေတဲ့ လူများစုကြီးက ပြင်ပက လာတဲ့လူမျိုးနည်းစု တွေကို ဖိနှိပ်တယ်၊ သတ်ဖြတ်တယ်၊ မတော်မတရား လုပ်တယ်ဆိုပြီးတော့ ထင်ယောင်ထင်မှား ဖြစ်အောင် လုပ်တာ” ဟု မဇ္စျိမကို ပြောသည်။

သူက ဆက်လက်၍ “အပြင်မှာရှိတဲ့ အုပ်စုက အပြင်ကလာတဲ့ ပုံစံအတိုင်း နှစ်ပေါင်း ဘယ်လောက် ကြာပြီ၊ ဒီဘက်နိုင်ငံမှာရှိတဲ့ နိုင်ငံသား အခွင့်အရေးတွေကို အဆင့်ဆင့်ပေါ့ဗျာ၊ တရားဥပဒေကြောင်းအရ တောင်းတယ်ဆိုရင် ပြည်ထောင်စုသားတွေက လက်ခံနိုင်ဖွယ် ရှိတယ်။ ဒါပေမယ့်လို့ ဒီဘက်မှာရှိတဲ့ လူမျိုးစုတစု ပုံသဏ္ဍာန်မျိုးနဲ့နှစ်ပေါင်းများစွာက သမိုင်းအရနဲ့ နေလာခဲ့တယ်ဆိုပြီး ဇာတ်ကြောင်းထပ်နေတဲ့ လိမ်ထားတဲ့ဟာတွေကိုတော့ သမိုင်းကို ပြုပြင်ဖန်တီးပြီး လုပ်တာမျိုးကို ဒီဘက်က လူတွေကလည်း လက်မခံဘူး” ဟု RNDP ဥက္ကဋ္ဌ၊ အမျိုးသား လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာအေးမောင် က ပြောဆိုသွားသည်။

မြန်မာနိုင်ငံတွင် ရိုဟင်ဂျာ ရှစ်သိန်းခန့်ရှိမည်ဟု ကုလသမဂ္ဂအဖွဲ့များက ခန့်မှန်းထားသော်လည်း မြန်မာအစိုးရကမူ ၎င်းတို့အား နိုင်ငံသားအဖြစ် အသိအမှတ် မပြုခဲ့ပေ။ ၂၀၁၅ ခုနှစ်တွင် ထွက်ပေါ်လာမည့် သန်းခေါင်စာရင်းတွင်လည်း ၎င်းတို့အား ထည့်သွင်းကောက်ခံမှု ပြု/မပြု ရေရာစွာ မသိရှိရသေးပေ။

ရခိုင်တိုင်းရင်းသားများနှင့် ရိုဟင်ဂျာ ခေါ် မူဆလင်များအကြား မေလ ၂၈ ရက်နေ့မှ ပြန်လည် ဖြစ်ပေါ်ခဲ့သည့် ပဋိပက္ခများတွင် သေဆုံးသူ ရ၇ ဦး၊ ဒဏ်ရာရရှိသူ ၁၁၁ ဦး၊ မီးရှို့ဖျက်ဆီးခံရသည့် အိမ်မြေ ၄,၈၂၂ လုံး၊ ဒုက္ခသည် ခုနှစ်သောင်းခန့်နှင့် ပြစ်မှုဆိုင်ရာ ဥပဒေ ပုဒ်မ ၁၈၈ အရ ညမထွက်ရ အမိန့်ကို ကျူးလွန်၍ ဖမ်းဆီးထိန်းသိမ်းထားသူ ၈၇၂ ဦး ရှိကြောင်း ပြည်နယ်ဥပဒေချုပ် ဦးလှသိန်း က မဇ္စျိမကို ပြောဆိုထားသည်။

Most read this week