၂ဝ၁၂ခုနှစ်၊ မိုးလေဝသ ဖြစ်ပေါ်ပြောင်းလဲမှုများသည် အခြားနှစ်များနှင့်မတူ ထူးခြား ပြောင်းလဲမှုများ ရှိနေသည်။ မိုးကြိုကာလမှ စတင်ပြီး မြန်မာနိုင်ငံ အထက်ပိုင်းဒေသများ ဖြစ်သည့် ကချင်ပြည်နယ်၊ စစ်ကိုင်းတိုင်း အထက်ပိုင်းများ၌ မိုးရွာသွန်းမှုမှာ ယနေ့ အချိန်ထိ အားကောင်းလျက် ရှိနေသည်။ ရေကြီးရေလျှံမှုများ လည်း စဉ်ဆက်မပြတ် ကြံုတွေ့နေရသည်။
ထို့ပြင် နှစ်စဉ် ဘင်္ဂလားပင်လယ်အော်မှ ဝင်နေကျ မုန်တိုင်းများတည်း ယခုနှစ်တွင် တလုံးမျှဝင်ရောက် လာခြင်းမရှိသေးပေ။ ဝင်ရောက်လာနိုင်ဖွယ်ရှိသည့် မုန်တိုင်းအန္တရာယ်များကလည်း ခြိမ်းခြောက်လျက် ရှိနေသည်။
ထို့ကြောင့် လက်ကျန် မိုးရာသီ ကာလတွင် ဆက်လက် ဖြစ်ပေါ်လာနိုင်သည့် မုန်တိုင်း အခြေအနေနှင့် ရေကြီးမှု အခြေအနေများနှင့် ပတ်သက်ပြီး မိုးလေဝသ ပညာရှင် ဒေါက်တာထွန်းလွင် နှင့် မဇ္စျိမတွေ့ဆုံ မေးမြန်း ထားသည့်အထဲမှ အချို့ကို ကောက်နှုတ် တင်ပြလိုက်သည်။
ဒီနှစ်မိုးရာသီမှာ ထူးခြားဖြစ်စဉ်တွေ ရှိနေတယ်လို့သိရပါတယ်။ ဆရာ လေ့လာ တွေ့ရှိထားတာတွေကို ပြောပြပေး ပါဦး။
ဦးထွန်းလွင်။ ။ ၂ဝ၁၂ ခုနှစ်ရဲ့ မိုးရာသီက ထူးခြားမှုတွေ အများကြီးရှိတယ်။ မုတ်သုံ ဝင်တဲ့အခါမှာ မုတ်သုံ လေဦး ဆိုတာ ရှိတယ်။ အဲဒီ့ မုတ်သုံလေဦး က မြန်မာနိုင်ငံ မြောက်ပိုင်း ဒေသကို မေလကုန်၊ ဇွန်လဆန်းမှာ ရောက်တယ်။ အဲဒီကတည်းက ဘင်္ဂလား ပင်လယ်အော်ထဲကို ပြန်မဆင်းတော့ဘူး။ အဲဒီမှာ နောက်ဆက်တွဲ ထူးခြားဖြစ်စဉ်တွေ အများကြီး ဖြစ်လာတယ်။ မြောက်ဘက်မှာရှိတဲ့ ကချင်ပြည်နယ်နဲ့ စစ်ကိုင်းတိုင်း အထက်ပိုင်းတွေမှာ ဒီကနေ့အထိနေ့စဉ်ရက်ဆက် မိုးကောင်းနေတယ်။
အဲဒီလိုအထက်ပိုင်းဒေသတွေမှာ မိုးကောင်းတာကြောင့်ဖြစ်ပေါ်လာမယ့် နောက် ဆက်တွဲ သက်ရောက်မှုတွေ ကို လည်း ရှင်းပြပေးပါဦးဆရာ။
ဦးထွန်းလွင်။ ။ ဂြိုဟ်တုကနေ ကြည့်လိုက်တဲ့အခါမှာ မြန်မာပြည်မှာ ရေကြီးဖို့ အလားအလာမြင့်မားတဲ့ဧရိယာ တွေ ရှိနေတယ်။ ဆိုလိုတာက အချိန်မရွေး ရေကြီးမှုတွေ ကြံုတွေ့နိုင်တယ်။ ဘယ်ဒေသတွေကို တွေ့နိုင်သလဲ ဆိုတော့ ကချင်၊ စစ်ကိုင်း အထက်ပိုင်း၊ မြစ်ဝကျွန်းပေါ်ဖြစ်တဲ့ ဧရာဝတီ၊ ရန်ကုန်၊ ပဲခူး ဒေသတွေမှာ ရေကြီးမှု အလားအလာတွေ မြင့်မားနေတယ်။ အဲဒါက နာဆာကပြောထားတာ ဖြစ်တယ်။ ဒီစကားလည်းမှန်ပါလိမ့်မယ်။ မိုး ခုထက် ပိုကောင်း လာရင်တော့ ရေကြီးတယ်ဆိုတဲ့ အဆင့် ရောက်တော့မှာပေါ့။ အခုတော့ ရေလွှမ်း တယ်ဆိုတဲ့အဆင့်ကို ရောက်နေပြီ။
မြန်မာနိုင်ငံမှာ ရေကြီးကာလ သုံးကြိမ်ရှိတယ်လို့ သိရပါတယ်။ အခုလက်ကျန် မိုးကာလမှာ ကြံုတွေ့ရနိုင်တဲ့ ရေကြီးမှု အခြေအနေကို သုံးသပ်ပေးပါဦး။
ဦးထွန်းလွင်။ ။ မြန်မာနိုင်ငံ ရေကြီးကာလ သုံးခု ရှိတဲ့အနက်က ဇူလိုင်၊ သြဂုတ်က ဒုတိယအကြိမ်မြောက် ရေကြီး ကာလဖြစ်တယ်။ နောက်ဆုံးအကြိမ်ကတော့ စက်တင်္ဘာ၊ အောက်တိုဘာမှာ လာမယ်။ ကြောက်စရာ ကောင်းတာက စက်တင်္ဘာ၊ အောက်တိုဘာပဲ။ အဲဒီအချိန်မှာ ရေကြီးတာက အစဉ်အလာအရ အကြီးဆုံးပဲ။ အဲဒီတချိန်ကိုတော့ တထိတ်ထိတ်နဲ့ စောင့်ရတော့မယ်။
ဒီနှစ်မှာ မုန်တိုင်းက တလုံးမှ မဖြစ်သေးဘူးဆိုတော့ အဲဒီ့အပေါ်မှာရော ဆရာ ဘယ်လို သုံးသပ်ထားပါသလဲ။
ဦးထွန်းလွင်။ ။ ဒီနှစ်မှာ စိတ်ဝင်စားစရာကောင်းတာက မုန်တိုင်းပဲ။ မုန်တိုင်းက တလုံးမှ မဖြစ်သေးဘူး။ နည်းနည်း စိတ်ပူစရာလေးတွေလည်း ရှိလာတယ်။ နှစ်ပေါင်း ၁၃၅ နှစ်မှာ မုန်တိုင်း မဖြစ်တဲ့နှစ်ရယ်လို့ တနှစ်မှ မရှိဘူး။ တနှစ်ကို ဒီဇင်ဘာ ၃၁ ရက် နှစ်ချုပ်ပြီဆိုရင် မုန်တိုင်း အနည်းဆုံး လေးလုံးတော့ ဖြစ်တယ်။ ဒါကြောင့် ဒီနှစ်လည်း မုန်တိုင်းလေးလုံးတော့ ဖြစ်ရမယ်။ ဒါပေမယ့် အခုအချိန်ထိတော့ တလုံးမှ မဖြစ်သေးဘူး။ တလုံးမှ မဖြစ်သေးတော့ ကျန်တဲ့ ကာလကို တွက်လိုက်ရင် မိုးတွင်းရှိမယ်။ မိုးလွန်ရှိမယ်။ နှစ်ပိုင်း ရှိတယ်။ မုန်တိုင်း ဖြစ်မယ်ဆိုရင် ဖြစ်လို့ရတယ်။
အဲဒီ မိုးတွင်းနဲ့ မိုးလွန် နှစ်ပိုင်းမှာ ဘယ်အပိုင်းက မုန်တိုင်းဖြစ်ဖို့ ပိုပြီးအလားအလာ ရှိပါသလဲ။
ဦးထွန်းလွင်။ ။ မုန်တိုင်းတွေက အခုနောက်ပိုင်း ဘယ်မှာသွားဖြစ်သလဲဆိုတော့ မိုးတွင်းရဲ့ ပြင်ပမှာပဲ ဖြစ်တယ်။ ပြင်ပဆိုတာ ရှေ့ဆိုရင် မိုးကြို၊ နောက်ဆိုရင် မိုးလွန်။ မိုးကြိုနဲ့ မိုးလွန်မှာပဲ ဖြစ်တယ်။ ဒီနှစ်ကတော့ မိုးကြိုမှာ မုန်တိုင်း လုံးဝ မဖြစ်ခဲ့ဘူး။ အခု မုန်တိုင်းဖြစ်ဖို့ ကျန်တာ မိုးတွင်း ကျန်တယ်။ မိုးလွန် ကျန်တယ်။ ဒီနှစ်ခုမှာ ရာသီဥတု ပြောင်းလဲ မှုကြောင့် မိုးတွင်းမှာ မဖြစ်ဖို့က များတယ်။ ဒီတော့ ဖြစ်မယ်ဆိုရင် မိုးလွန်မှာပဲ ဖြစ်တော့မယ်။ ဒါကြောင့် ဒီနှစ်ဖြစ်မယ် ဆိုတဲ့ မုန်တိုင်း အနည်းဆုံး သုံးလုံး၊ လေးလုံး ဆိုတာဟာ မိုးလွန်မှာပဲ ဖြစ်ဖို့များတယ်။ လနဲ့ပြောရင်တော့အောက်တိုဘာ၊ နိုဝင်ဘာမှာ ဖြစ်ဖို့ များတယ်။
အဲဒီ လတွေမှာ မုန်တိုင်း ဖြစ်ခဲ့မယ်ဆိုရင် စိုးရိမ်စရာအခြေအနေတွေများ ရှိပါသလား။
ဦးထွန်းလွင်။ ။ အောက်တိုဘာ၊ နိုဝင်ဘာမှာ မုန်တိုင်းဖြစ်မယ်ဆိုရင် စိုးရိမ်စရာ နှစ်ချက်ရှိတယ်။ ပထမ တချက်ကမြန်မာနိုင်ငံရဲ့ တနှစ်မှာ ရေကြီးချိန် သုံးချိန် ရှိတဲ့ထဲမှာ အောက်တိုဘာ၊ နိုဝင်ဘာဟာ တတိယနဲ့ နောက်ဆုံး ရေကြီး ကာလ။ အဲဒီ ကာလမှာ ရေ အမြဲ ကြီးတတ်တယ်။ သုံးကြိမ်မှာ အဲဒီ တတိယ နောက်ဆုံး အကြိမ်က အဆိုးဆုံး ဖြစ်တတ် တယ်။ အဲဒီ အဆိုးဆုံးဖြစ်မယ့် ကာလမှာ မုန်တိုင်းတွေကလည်း ဖြစ်ဖို့ရှိနေ တယ်။ ဒါကြောင့် ရေကြီးဖို့ အလားအလာ ဟာ ပိုပြီးတော့ အန္တရာယ်ရှိလာတယ်။ နှစ်အချက်က အဲဒီ အောက်တိုဘာ၊ နိုဝင်ဘာမှာ ဖြစ်တဲ့ မုန်တိုင်းတွေက မြန်မာပြည်ကို ဝင်တတ်တယ်။ အခု မုန်တိုင်းတွေကလည်း အောက်တိုဘာ၊ နို်ဝင်ဘာမှာ သုံးလေးလုံး ဖြစ်ဖို့ ရှိနေတယ် ဆိုရင် မြန်မာပြည်ကို ဝင်ဖို့ အန္တရာယ်ကလည်း ရှိလာတယ်။
အဲဒီ နှစ်လထဲက ဖြစ်နိုင်ခြေရာခိုင်နှုန်းအနေနဲ့ ဘယ်လကပိုဖြစ်နိုင်ပါသလဲ။
ဦးထွန်းလွင်။ ။ ပြီးခဲ့တဲ့ နှစ်နှစ်ကို ပြန်ကြည့်လိုက်ရင် နှစ်နှစ် ဆက်တိုက် မြန်မာပြည် မုန်တိုင်း ဝင်တယ်။ ၂ဝ၁ဝ မှာတုန်းက ဂီရိမုန်တိုင်း ဝင်တယ်။ ၂ဝ၁၁ မှာက အိုတူးဘီ ဆိုတဲ့ မုန်တိုင်း ဝင်တယ်။ အဲဒီနှစ်လုံး လုံးဟာ အောက်တိုဘာမှာ ဝင်တယ်။ ဒီတော့ အောက်တိုဘာဝင် တာလေးက လောလောဆယ်မှာခေတ်စား နေတယ်။ ဒါဆိုရင် ဒီနှစ် အောက်တိုဘာ မုန်တိုင်းအန္တရာယ်ကို ဘယ်လိုနည်းနဲ့မှ လျှော့တွက်လို့ မရဘူး။
မုန်တိုင်း ဖြစ်လာမယ့် အခြေအနေကို ကြိုတင်သုံးသပ်ချက်အနေနဲ့ ပြုလုပ်ထားပါသလား။ ဘယ်လောက်အတိုင်း အတာထိ တွက်ချက်လေ့လာနိုင်ပါပြီလဲခင်ဗျ။
ဦးထွန်းလွင်။ ။ မုန်တိုင်းတွေအကြောင်း ပြောရင်တော့ အဆင့်သုံးဆင့်ထား ပြောရတယ်။ ပထမဦးဆုံး အဆင့်က တော့ သံသယရှိလို့ ဒီလို သတိထားဖို့ လိုပြီလို့ ပြောလိုက်ရင် အဲဒါက စောင့်ကြည့်ခေါ်တယ်။ Close Watch ပေါ့။ ဒါကို နေ့တိုင်း အမြဲသတိနဲ့ စောင့်ကြည့်နေမယ်။ ကြည့်လာပြီး အခြေအနေလေးကထင်ထားတဲ့ အတိုင်း ဖြစ်ဖို့ နီးစပ်လာပြီ ဆိုရင်တော့ နောက်တဆင့် တိုးလိုက်တာပေါ့။ အင်္ဂလိပ်လိုကတော့ Alert ခေါ်တာပေါ့။ မြန်မာလိုတော့နိုးဆာ်လိုက်တာပေါ့။ နောက်ဆုံးတဆင့်ကျတော့ ဖြစ်နေပြီဆိုရင်တော့ warning ပေါ့။ သတိပေးတာပေါ့။ ဒီသုံးဆင့် ရှိတယ်။ အခုအချိန် ကတော့ Close Watch အဆင့်ပဲ ရှိပါသေးတယ်။ အနီးကပ်ကို ဖြစ်ပေါ်တိုးတက်မှုကို စောင့်ကြည့်နေပါတယ်။