ကချင်ပြည်နယ်၊ ကြံ့ခိုင်ရေးပါတီဝင် အမျိုးသမီးများ ဦးဆောင်၍ မြစ်ကြီးနားမြို့တွင် ငြိမ်းချမ်းရေးလိုလားကြောင်း ဆန္ဒပြမည့် အစီအစဉ်ကို ရပ်ဆိုင်းလိုက်သည်ဟု ဆန္ဒပြမှု ဦးဆောင်သူ ဒေါ်ဂျာခေါန် က ပြောသည်။
အစိုးရနှင့် ကချင်လွတ်လပ်ရေးအဖွဲ့ KIO တို့အကြား တိုက်ပွဲများ ဆက်လက် ဖြစ်ပွားနေစဉ် ငြိမ်းချမ်းရေး လိုလား ကြောင်း ဇူလိုင်လ ၂၈ ရက်နေ့မှာ အဆိုပါ ကချင် အမျိုးသမီးများက လူမျိုးဘာသာမရွေး ပါဝင်သော စီတန်းလှည့်လည်မှု စီစဉ်ထားခြင်းကို ရပ်ဆိုင်းလိုက်ခြင်း ဖြစ်သည်။
“တကယ့် မိခင်ရင်း စိတ်ဓါတ်နဲ့ ဘာပဲဖြစ်ဖြစ် ကျမတို့ ထွက်မလို့ပဲ။ သိတဲ့အတိုင်း ကျမတို့ကို သတင်းအမျိုးမျိုး ပြောနေ ကြလို့။ ကျမတို့က မျိုးချစ်စိတ်ဓါတ် မရှိလို့ ပြောင်းပြန် လုပ်သလိုလို ပြောနေကြတယ်။ ကျမတို့က ပင်လုံကတိ တည်ပါစေဆိုတာမျိုးတွေ ထပ်တောင်းဆိုဖို့ စီစဉ်ထားတာကို ခုတော့ သတင်းဗြောင်းပြန်ဖြစ်လို့ ရပ်ထားလိုက်တာ” ဟု ဒေါ်ဂျာခေါန်က ပြောသည်။
သူက ဆက်ပြီး “အမျိုးသားရေးအတွက် ကျမတို့ လုပ်ရတော့မယ်ဆိုပြီး လုပ်တာ။ ကျမတို့က KIO ကို မကြိုက်လို့ ဆန္ဒပြမယ် ဆိုပြီး ပြောလာလို့ အံ့သြနေတာ။ ကျမတို့က KIO ကို ဆန့်ကျင်တာ မဟုတ်ဘူး။ ငြိမ်းချမ်းရေးရချင်လို့ လုပ်တာကို သတင်းက အမျိုးမျိုးထွက်လာလို့ အံ့သြနေတာ။ ကျမတို့ ရည်ရွယ်ထားတာ မဖြစ်လာတော့ သဲထဲ ရေသွန် ဖြစ်သွားတယ်။ ကျမတို့ လုပ်တာကို နားမလည်လို့၊ လုပ်ရင် မှားသွားမှာဆိုးလို့ ရပ်လိုက်တယ်” ဟု သူက မဇ္စျိမကို ပြောသည်။
မြစ်ကြီးနားမြို့ခံများအကြား အဆိုပါ ဆန္ဒပြမှု ဦးဆောင်သူများသည် ကြံ့ခိုင်ရေးပါတီမှ အဖွဲ့ဝင်များဖြစ်သည်ဟု ဆိုကာ ဆန့်ကျင်ကန့်ကွက်နေသူများလည်း ရှိနေသည်။ ထိုဆန္ဒ ဖော်ထုတ်ရန် စီစဉ်သူ ဒေါ်ဂျာခေါန်သည် ကြံ့ခိုင်ရေးပါတီမှ ဆွမ်ပရဘွမ်မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးခမိုင်တန် ၏ ဇနီး ဖြစ်နေသဖြင့် ပြည်သူလူထုအကြား ထိုသို့ ဝေဖန်ပြောဆိုနေခြင်းလည်း ဖြစ်သည်။
ထို့ပြင် ယင်းဆန္ဒ ဖော်ထုတ်မှုတွင် ဒေါ်ဂျာခေါန် အပါအဝင် ကချင်ပြည်နယ် ဝန်ကြီးချုပ် ဦးလဂျွန်ငန်ဆိုင်း၏ နှမ ဒေါ်လဂျွန် ဆိုင်းတောင်၊ စည်းလုံးညီညွတ်ရေးနှင့် ဒီမိုကရေစီပါတီ (ကချင်ပြည်နယ်)မှ အမျိုးသားလွှတ်တော်အမတ် ဦးခက်ထိန်နန်၏ ဇနီးတို့ ဦးဆောင်မည် ဆိုသည့် သတင်းများလည်း အင်တာနက် စာမျက်နှာများတွင် ထွက်ပေါ်ခဲ့သည်။
သို့သော် ယင်းဆန္ဒပြမည့် အစီအစဉ်တွင် ပါဝင်ပတ်သက်ခြင်း မရှိကြောင်း ဒေါ်လဂျွန်ငန်ဆိုင်း၏ နှမဒေါ်လဂျွန် ဆိုင်းတောင်က ငြင်းဆိုသည်။
“ဒီကိစ္စကျမ ဘာမှ မသိရပါဘူး။ ငြိမ်းချမ်းရေးဆိုတာ ဘယ်သူ့ရဲ့ ရင်ထဲမှာမဆို၊ ဘယ်သူမဆို စစ်မှန်တဲ့ ငြိမ်းချမ်းရေးကို လိုချင်ကြပါတယ်။ ဒါပေမယ့် ဒီကိစ္စနဲ့ပတ်သက်လို့ ကျမကို တိုင်ပင်ခြင်း မရှိဘူး။ ဆွေးနွေးခြင်းလည်း မရှိဘူး။ ဒီကိစ္စ ကျမ လုံးဝ မသိရပါဘူး။ ဒါပေမယ့် ခုအင်တာနက်ပေါ်မှာ ကျမနာမည် ပါလာတယ် ဆိုတော့ ကျမ အရမ်း အံ့သြနေတယ်” ဟု မဇ္စျိမကို ပြောသည်။
အစိုးရနှင့် KIO တို့ နှစ်ဖက် ယခုတကြိမ် တွေ့ဆုံပါက အစိုးရဘက်မှ တပ်များ ရုတ်သိမ်းရေးကိစ္စ ဆွေးနွေးမည်
ဖြစ်သော်လည်း ဆွေးနွေးမည့်နေရာ ညှိနှိုင်း၍ မရသေးပေ။