လူမှုရေး ပရဟိတအလုပ်များ လုပ်ကိုင်ကူညီနေသည့် ရှင်စောပု-မွန်အမျိုးသမီးစွမ်းဆောင် ရှင်များ အသင်းသည် လာမည့်စနေနေ့တွင် ရန်ကုန်မြို့၌ အစည်းအဝေးကျင်းပမည်ဟု ဥက္ကဌ ဒေါ်ကျင်သန်း က ပြောသည်။
ရှင်စောပု အမျိုးသမီးစွမ်းဆောင်ရှင်များအသင်း၏ ဗဟိုအလုပ်မှုဆောင်ရွေးချယ်ပွဲ အခမ်းအနား
၎င်းက “မွန်အမျိုးသမီးတွေ၊ စိတ်ဝင်စားတဲ့လူတွေ၊ ရန်ကုန်မှာရှိတဲ့ မွန်အမျိုးသမီးတွေ ဖိတ်ကြားပြီး တော့ ရှင်စောပု မွန်အမျိုးသမီးအဖွဲ့ ဖွဲ့စည်းရခြင်းနဲ့ပက်သက်တဲ့အကြောင်းတွေ ဆွေးနွေးပြုလုပ် သွား မယ်”ဟု ပြောသည်။
ယင်းအစည်းအဝေးကို ရန်ကုန်မြို့ ၊ ရွှေတိဂုန်ဘုရားလမ်းရှိ ပိဋကတ်ပိမွန်ဓမ္မာရုံ၌ ပြုလုပ်မည်ဖြစ် သည်။
မွန်အမျိုးသမီးများ စုစုစည်းစည်းရှိရန်နှင့် လူမှုရေး၊ ပညာရေး၊ ကျန်းမာရေးနှင့် စီးပွားရေးနှင့် ဆိုင်သည့် ပရဟိတလုပ်ငန်းများကို ကူညီဆောင်ရွက်ရန်အတွက် ရှင်စောပု-မွန်အမျိုးသမီး စွမ်းဆောင်ရှင်များ အသင်းကို ယခုနှစ် မတ်လ (၄)ရက်နေ့တွင် မော်လမြိုင်မြို့၌ ဖွဲ့စည်းခဲ့သည်။
ယင်းအဖွဲ့တွင် ပဲခူးတိုင်း၊ မွန်ပြည်နယ်မြို့နယ်အသီးသီးနှင့် ကရင်ပြည်နယ်အတွင်းတွင် နေထိုင် သည့် မွန်အမျိုးသမီးများပါဝင်ပြီး အဖွဲ့ဝင်ဦးရေကို အတိအကျမပြောနိုင်သေးကြောင်း ဒေါ်ကျင်သန်း က ပြောသည်။
ရှင်စောပု မွန်အမျိုးသမီးစွမ်းဆောင်ရှင်များအသင်း၏ ဗဟိုအလုပ်မှုဆောင်တွင် ဥက္ကဌ ဒေါ်ကျင် သန်း၊ ဒု-ဥက္ကဌ မိကွန်းချစ်ချစ်၊ အတွင်ရေးမှူး မိသန်းရှင်၊ တွဲဖက်အတွင်းရေးမှူး မိကွန်းထော၊ ကော်မတီအဖွဲ့ ဝင်များဖြစ်သည့် မိသူဇာ၊ မိစိုက်ခမာ၊ မိမိုးမိုတို့ဖြင့် ဦးဆောင်ဖွဲ့စည်းထားသည်။
၎င်းတို့ အဖွဲ့အနေဖြင့် မွန်ပြည်နယ်တွင် ပထမဆုံး တရားဝင် မွန်အမျိုးသမီးအဖွဲ့အဖြစ် ရပ်တည်ရန် မှတ်ပုံတင်မည်ဟု အသင်း၏တာဝန်ရှိသူများက ပြောသည်။
ပြီးခဲ့သည့်မေလ (၅)ရက်နေ့တွင် မွန်ပြည်နယ်ရှိ မြို့နယ်နှင့် ကျေးရွာအသီးသီးမှ မွန်အမျိုးသမီး (၁၅၆)ဦးဖြင့် ရှင်စောပု-မွန်အမျိုးသမီးစွမ်းဆောင်ရှင်များအသင်းက မော်လမြိုင်မြို့တွင် ပထမ အကြိမ် အစည်းအဝေးကျင်းပခဲ့သည်။
ယခုလက်ရှိတွင် အသင်းရေရှည်တည်တန့်ရန်အတွက် အမာခံ အဖွဲ့ဝင် (၃၇)ဦးတို့က အသင်း ရန်ပုံငွေအဖြစ် ငွေကျပ် (၂၁)သိန်းကျော်ကို စုဆောင်းရရှိထားသည်ဟု ရှင်စောပု-မွန်အမျိုးသမီး စွမ်းဆောင်ရှင်များ အသင်းက မေလတွင် ကြေညာချက်ထုတ်ပြန်ထားသည်။