တရုတ် ၁၃ ဦးပစ်သတ်မှု တရားခံအဖြစ်ဝန်ခံဖို့ လက်နက်ချ နော်ခမ်း ဒုလက်ထောက်အား ရိုက်နှက်

တရုတ် ၁၃ ဦးပစ်သတ်မှု တရားခံအဖြစ်ဝန်ခံဖို့ လက်နက်ချ နော်ခမ်း ဒုလက်ထောက်အား ရိုက်နှက်
by -
သျှမ်းသံတော်ဆင့်

တာချီလိတ်မြို့ရှိ အစိုးရတပ်မတော်ထံလက်နက်ချသွားသည့် မူးယစ်ရာဇာ စိုင်းနော်ခမ်း ၏ ဒု လက်ထောက် စိုင်းအောင်မြတ်အား မဲခေါင်မြစ်အတွင်း တရုတ် ၁၃ ဦးပစ်သတ်မှု၏ တရားခံအဖြစ် ဝန်ခံဖို့ရိုက်နှက်ခိုင်း စေခဲ့ကြောင်းနီးစပ်သည့် အသိုင်းအဝိုင်းက ပြောပါသည်။

 Xinhua/Wan Xiang)

“ မေလလယ်က တာချီလိတ်မှာ လက်နက်ချတဲ့အဖွဲ့မှာ သူက ခေါင်းဆောင်ပဲ။ စိုင်းနော်ခမ်း ရဲ့ ဒုတိယ လက်ထောက်ပေါ့။ အဲဒီ လက် နက်ချတဲ့သူတွေအားလုံးကို ၂-၃ ရက် ထိန်းသိမ်းမေးမြန်းပြီး ပြန်လွှတ်ပေးလိုက်ကုန်ပြီ။ အခုခေါင်းဆောင်ဖြစ်တဲ့ စိုင်းအောင်မြတ် တယောက် တည်းကျန်တာ။ မခံမရပ်နိုင်တဲ့အထိ ရိုက်နှက်စစ်ဆေးလို့ သူ့လက်ချက်ပါဆိုပြီး ဝန်ခံလိုက်ရပြီ။” - ဟု နီးစပ်သူ တဦးက ပြောပါသည်။

ဂျူလိုင် ၂၃ ရက်နေ့ထုတ် ထိုင်းနိုင်ငံ မတိချွန်း သတင်းစာ၌ ထိုင်းရဲချုပ် ဖြိုးဖန်း ဒါးမားဖုန်း ထံ တရုတ်လုံခြုံရေး အရာရှိကြီးတဦး ဖြစ်သည့် လျိူယွဲ့ကျင်း ကအလည်အပတ်ရောက်ရှိခဲ့ကြောင်း၊ အဆိုပါတရုတ်အရာရှိသည် မြန်မာနိုင်ငံသို့မကြာမှီသွားရောက်မည် ဖြစ်ပြီး တရုတ် ၁၃ ဦးအား သတ်ဖြတ်ရာတွင် ပတ်သက်ခဲ့သည့် တရားခံ (စိုင်းအောင်မြတ် ဟု ယူဆရသူ) “ဘောမြ” အား သွားရောက် လွှဲယူမည်ဟုပြောကြားကြောင်း - ရေးသား၏။

အဆိုပါ တရားခံသည် ထိုအခင်းနှင့်ပတ်သက်၍ ဂဃနဏ သိကျွမ်း နားလည်သူဖြစ်ကြောင်း ထိုင်းရဲချုပ်ကြီး ဖြိးဖန်းက ဆိုသည်ဟု ဘန်ကောက် ပိုစ့် သတင်းစာကလဲရေးသားသည်။

စိုင်းအောင်မြတ် ၏ ဇနီး နန်းအွန်က “အခုသူက အစိုးရသက်သေအဖြစ်ဆောက်ရွက်ဖို့ သဘောတူလိုက် တယ်လို့ဘဲ ကြားရပါတယ်” - ဟု နီးစပ်သည့် သတင်းအရင်းအမြစ်ကို ပြန်လည်ပြောပြပါသည်။

စိုင်းအောင်မြတ် ခေါ်  ဇိန်းဟုန် အသက် ၄၂ နှစ်သည် တာချီလိတ်မြို့နယ် တာလေမြို့နယ်ခွဲ မိုင်းလင်းကျေး ရွာအုပ်စု နမ့်ခင်း(မ်း) ရွာ ဇာတိဖြစ်ကြောင်း၊ လက်နက်ချပြီးနောက်ပိုင်း ဝမ့်ပုံကျေးရွာ၌ ရာဘအပြား ၆ သိန်း၊ ဘိန်းဖြူ ခေါ် ဟီးရိုးအင်း ၁၂၀ ဒေါင့် ဖမ်းဆီးရမိမှုတွင် ၎င်း၏အမျိုးတော်သူ စိုင်းဆမ်တွဲဆိုသူကသတင်းပေး ပို့ခြင်းဖြစ်ကြောင်း နီးစပ်သည့်အသိုင်းအဝိုင်းက ပြောပါသည်။

မည်သို့ပင်ဆိုစေ တရုတ် ၁၃ ဦး အသတ်ခံရမှုတွင် စိုင်းအောင်မြတ် က ငြင်းပယ်ထားသော်လည်း ‘စိုင်းအောင်မြတ် ကိုယ်တိုင် ပါဝင်ဦးဆောင်သူဖြစ်သည်ဟု’ - သျှမ်းသံတော်ဆင့်သို့ ပြောကြားသည့်သူများ လည်းရှိနေပါသည်။

လော(လာအို)နိုင်ငံမြောက် ပိုင်း၌ အဖမ်းခံရပြီး တရုတ်နိုင်ငံသို့ လွှဲအပ်ခြင်းခံရသည့် ခေါင်းဆောင်ဖြစ်သူ စိုင်းနော်ခမ်းလည်း တရုတ် ၁၃ ဦး သတ်ဖြတ်မှုတွင် ၎င်း၏လက်ချက်ဖြစ်ကြောင်း ဝန်ခံပြီးဖြစ်သည်ဟု တရုတ် နှင့် ထိုင်းသတင်းစာများက ရေးသားပါသည်။