ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့ရောက် မြန်မာနိုင်ငံသားများ ကိုးကွယ်နေသည့် “ဝပ်ဆိုင်မွန်း” ဘုန်းတော်ကြီး ကျောင်းတွင် မြန်မာကျောင်းထိုင်ဆရာတော် ဆက်လက် ထားရှိခွင့် ပြန်လည်ရရှိမည်ဟု ဘန်ကောက်မြို့ ရှိ မြန်မာသံရုံးမှ သိရသည်။
သမ္မတ ဦးသိန်းစိန်၏ ထိုင်းနိုင်ငံ သုံးရက်ကြာ ခရီးစဉ်အတွင်း ထိုင်းဝန်ကြီးချုပ် ယင်လပ် ရှင်နာဝပ်နှင့် တွေ့ဆုံဆွေးနွေးခဲ့ စဉ် ယင်လပ် က နှုတ်ဖြင့် လက်ခံခဲ့ခြင်းဖြစ်သည်ဟု သံရုံးမှ ကောင်စစ်ဝန် ဦးနိုင်ထွန်း က ဗုဒ္ဓဟူးနေ့ နံနက်တွင် တယ်လီဖုန်းဖြင့် အကြောင်းကြားလာကြောင်း ချင်းမိုင်မြို့ မြန်မာ ဗုဒ္ဓဘာသာအသင်း က ဆိုသည်။
“သံမှူးနဲ့ ဖုန်းပြောလို့ ရတယ်။ သမ္မတ ဦးသိန်းစိန်အနေနဲ့ ဝပ်ဆိုင်မွန်းကိစ္စကို ထိုင်းဝန်ကြီးချုပ်ကို တင်ပြတယ်။ မြန်မာ ကျောင်းထိုင် အဖြစ် ထားပေးဖို့ တောင်းဆိုတဲ့အခါမှာ ရတယ်လို့ ဝန်ကြီးချုပ်ကနေ ဆောင်ရွက် ပေးမယ်လို့ အာမခံသွား တယ်။ လက်ခံ သဘောတူသွားတယ်တဲ့” ဟု အသင်း၏ အထွေထွေ အတွင်းရေးမှူး ဒေါ်မီးမီး က မဇ္စျိမကို ပြောသည်။
သို့သော် ဤကိစ္စကို ချင်းမိုင်ခရိုင် သာသာနာရေးဦးစီးဌာနနှင့် ဝပ်ဆိုင်မွန်း ဘုန်းတော်ကြီးကျောင်း ဂေါပက အဖွဲ့များထံမှ တရားဝင် အကြောင်းကြားလာခြင်း မရှိသေးပေ။
မြန်မာနိုင်ငံသားများ နှစ်ပေါင်းများစွာ ကိုးကွယ်ခဲ့ရာမှ ၂ဝ၁၁ ခုနှစ်၊ ဒီဇင်ဘာလက ပျံလွန်တော်မှုသွားသော ဝါတော် ရဝ ရှိ ကျောင်းထိုင်း ဆရာတော် ဦးအာသဘ၏ နေရာတွင် ထိုင်းဥပဒေအရ ထိုင်းသံဃာတော်သာလျှင် ပြန်လည် ခန့်အပ် ရန် ထိုင်း သာသနာရေးဦးစီးဌာနနှင့် သံဃာတော်များ ကြိုးပမ်းနေကြခြင်းကို မြန်မာနိုင်ငံ သားများက သဘောမတူဘဲ မြန်မာအစိုးရထံ တင်ပြတောင်းဆိုခဲ့ကြသည်။
ဝပ်ဆိုင်မွန်း ကျောင်းကို မြန်မာပိုင်မပိုင် မသိသေးသော်လည်း လက်ရှိ ချင်းမိုင်ရောက် မြန်မာပြည်သားများ ကိုးကွယ်ကျောင်းတွင် မြန်မာဘုန်းတော်ကြီး ကျောင်းထိုင်ခွင့် ရသည့်အတွက် ဝမ်းသာကြောင်း ဒေါ်မီးမီးက ပြေသည်။
“အစိုးရ လုပ်ဆောင်မှုက ထိရောက်တယ်လို့ ပြောရမယ်။ ထိုင်းဥပဒေအရ ဘယ်လိုမှ မလုပ်နိုင်ဘူးလေ။ ခုလို နှစ်နိုင်ငံ ဆွေးနွေးမှ ပြန်လည် ရရှိတာကိုပဲ အရမ်းဝမ်းသာတယ်။ အခုလိုမျိုး နိုင်ငံတော် အစိုးရအနေနဲ့ ကျမတို့ အရေး၊ မြန်မာကျောင်း မဆုံးရှုံးရေးကို ကူညီဆောင်ရွက်ပေးတာကိုလည်း အရမ်းကျေးဇူးတင်ပါတယ်” ဟု ပြောသည်။
ဇူလိုင်လ ၁၇ ရက်နေ့က ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးတင်ဝင်း က ဝပ်ဆိုင်မွန်း ဘုန်းတော်ကြီးကျောင်းသို့ လာရောက်၍ သံဃာတော်များနှင့် မြန်မာ နိုင်ငံသားအချို့တို့ကို တွေ့ဆုံကာ အဆိုပါ ကျောင်းကိစ္စ ပါဝင်ဆွေးနွေးနိုင်ရန် သမ္မတထံ တင်ပြမည်ဟု သံအမတ်က ပြောဆိုခဲ့သည်။
မြန်မာကျောင်းထိုင်ဘုန်းတော်ကြီး ပြန်လည် ရရှိမည့် ကိစ္စနှင့် ပတ်သက်၍ ဘန်ကောက်ရှိ မြန်မာသံရုံးသို့ မဇ္စျိမက ဆက်သွယ်မေးမြန်းရန် ကြိုးပမ်းခဲ့သော်လည်း ဆက်သွယ်၍ မရခဲ့ပေ။